၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းကို ၂၀၂၂ ခုနှစ် နှစ်ဝက်ခန့်တွင် နောက်ဆုံးထားပြီး ကျင်းပဖွယ်ရှိသော်လည်း ကိုဗစ်-၁၉ ရော၈ါအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်ဆုံးဖြတ်မည်

၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းကို ၂၀၂၂ ခုနှစ် နှစ်ဝက်ခန့်တွင် နောက်ဆုံးထားပြီး ကျင်းပဖွယ်ရှိသော်လည်း ကိုဗစ်-၁၉ ရော၈ါအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်ဆုံးဖြတ်မည်

ရန်ကုန် သြဂုတ် ၅

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် ၂၀၂၁  အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ၂၀၂၂ ခုနှစ် နှစ်ဝက်ခန့်တွင် ကျင်းပဖွယ်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ဆီးဂိမ်းကို ယခုနှစ် နိုဝင်ဘာလ မှ ဒီဇင်ဘာလအထိ ကျင်းပရန်သတ်မှတ် ထားသော်လည်း လက်ရှိ အာဆီယံဒေသတွင်းနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှု မြင့်တက်နေသဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံက ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်သို့ရွှေ့ဆိုင်းကျင်းပရန် အဆိုပြုပြီးနောက် အရှေ့တောင်အာရှအား ကစားကော်မတီက ပြိုင်ပွဲဝင်နိုင်ငံများနှင့် ဆွေးနွေးခဲ့ကာ ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းနည်းတူ    အာဆီယံဘောလုံး အဖွဲ့ချုပ်က  ကြီးမှူး၍  ယခုနှစ်အတွင်း ကျင်းပရမည့် ဘောလုံးပြိုင်ပွဲများကိုလည်း ၂၀၂၂ ခုနှစ်သို့  ရွှေ့ဆိုင်းထားရသည့်အတွက်  ၂၀၂၂  ခုနှစ်တွင်  အာဆီယံအဆင့် ဘောလုံးပြိုင်ပွဲအများစုကျင်းပရန် ရှိနေသကဲ့သို့  ၂၀၂၃  ခုနှစ်တွင်လည်း ကမ္ဘောဒီးယားဆီးဂိမ်းကို ကျင်းပရန်ရှိနေသည့်အတွက် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ဆုံးထား ကျင်းပရမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် အာဆီယံအဆင့် ဘောလုံးပြိုင်ပွဲများနှင့် မတိုက်စေရန်အတွက်    ဆီးဂိမ်းကိုကျင်းပရမည်ဖြစ်သော်လည်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉  ရောဂါ အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီးမှသာ ကျင်းပမည့်ကာလကို ဆုံးဖြတ်ရမည် ဖြစ်သည်။

အာဆီယံဒေသတွင်း အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် ဆီးဂိမ်းကို ၁၉၅၉ ခုနှစ်မှ  စတင်ကျင်းပရာ ပြိုင်ပွဲသမိုင်း တစ်လျှောက် ပြိုင်ပွဲကိုရွှေ့ဆိုင်းခဲ့ရခြင်းမရှိဘဲ ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရသည့်အတွက် ပထမဆုံးပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရသည့်  ဆီးဂိမ်းအဖြစ်  မှတ်တမ်းဝင်ခဲ့သည်။

ဗီယက်နမ်အိုလံပစ်ကော်မတီက ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သော်လည်း    ပြိုင်ပွဲအားကစားနည်းများကို ပြောင်းလဲမည်မဟုတ်ဘဲ   မူလသတ်မှတ်ထားသည့်အတိုင်း    အားကစားနည်းအမျိုးအစားပေါင်း ၄၀ ဖြင့်သာကျင်းပရန် ပြင်ဆင်ထားကြောင်း သိရသည်။

STA