၂၀၂၂ ယူ-၂၀ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲကို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကျင်းပရန်မသေချာသည့် အနေအထားတွင်ရှိနေ

ရန်ကုန်၊ ဘောလုံး

အာရှဘောလုံးအဖွဲ့ချုပ်က   ကြီးမှူးကျင်းပမည့် ၂၀၂၂ ယူ-၂၀ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ   ခြေစစ်ပွဲကို ကိုဗစ်-၁၉   ရောဂါ အခြေအနေကြောင့် ကျင်းပရန် မသေချာသည့်အနေအထားတွင်ရှိနေကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အစောပိုင်းက ၂၀၂၂ ယူ-၂၀ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲကို ယခုနှစ် သြဂုတ် ၁၄ ရက်မှ ၂၂ ရက်အထိ၊   ဒုတိယအဆင့်ခြေစစ်ပွဲကို နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိကျင်းပရန် သတ်မှတ်ထားသည်။

အဆိုပါခြေစစ်ပွဲအဆင့်ကို  ပြိုင်ပွဲဝင်အသင်း  ၃၀  က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး အုပ်စုမဲခွဲပွဲကို ပြီးခဲ့သည့် မေ ၂၇ ရက်က  ကျင်းပရန်စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရကာ  မည်သည့်ကာလတွင် ပြန်လည် ကျင်းပ မည်ကို မသိရသေးကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲများကို သြစတြေးလျ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ စင်ကာပူနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထား သည်။

ယင်းနိုင်ငံများအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားကြသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လက်ရှိ အချိန် ထိ ကျင်းပနိုင်ခြင်းရှိ၊ မရှိ  မသိရသေးဘဲ  ပြန်လည်အတည်ပြုရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီး ဘောလုံး အသင်းသည်လည်း ခြေစစ်ပွဲကျင်းပမည့်ကာလပေါ်မူတည်၍  စုဖွဲ့လေ့ကျင့်မှုများ  ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

STA