၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန်ပြင်ဆင်မည်ဖြစ်ကြောင်း သက်ထားသူဇာပြော

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန်ပြင်ဆင်မည်ဖြစ်ကြောင်း သက်ထားသူဇာပြော

မြန်မာကြက်တောင်မယ်     သက်ထားသူဇာက ၂၀၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ကျင်းပမည့် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန်   ယခုထက်ပိုမိုကောင်းမွန်သည့် ကစားပုံများနှင့် ပြန်လာမည်ဟု သူမ၏အင်စတာဂရမ် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် လက်ရှိဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲ    ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရလဒ်ကောင်းများမရရှိခဲ့ဘဲ အုပ်စုပွဲစဉ်နှစ်ပွဲတွင် ဘယ်လ်ဂျီယံနှင့် အင်ဒိုနီးရှား ကြက်တောင်မယ်တို့ကိုရှုံးနိမ့်ပြီး  ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု    နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုများဆွတ်ခူးနိုင်ခဲ့ပြီးနောက် အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးကြက်တောင်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။

သက်ထားသူဇာအနေဖြင့်  တိုကျိုအိုလံပစ်ပြိုင်ပွဲ၌    ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီးနောက်   ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ၌လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

STA