AA အဖွဲ့နှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ လုံခြုံရေးရဲကင်း စခန်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအ

AA အဖွဲ့နှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ပူးပေါင်း၍  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ လုံခြုံရေးရဲကင်း စခန်းများအား  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲ

နေပြည်တော် စက်တင်ဘာ - ၁၇

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည် ချက် ၉ ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက် လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကို လွတ်လပ်ပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား မှတ်တိုင်များအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းအား  သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိသည်။

        ထို့သို့လုပ်ဆောင်လျက်ရှိရာ AA အဖွဲ့အနေဖြင့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်း၍ စက်တင်ဘာလ ၁၆ ရက် ည ၇ နာရီ ၃၀ မိနစ် တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းအား စခန်း၏ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၀ မိနစ် ၅၉.၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၂ မိနစ် ၁၆.၀၆ စက္ကန့်နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီး ကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၁ မိနစ်၊ ၃.၀၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ် ၂၀.၉၁ စက္ကန့်သို့  လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

        အလားတူ စက်တင်ဘာလ ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်နှင့် စက်တင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာရဲကင်းစခန်းအား  အထက်ပါပစ်ခတ်ခဲ့သည့် နေရာများမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီး ကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၈.၅၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၄.၁၉ စက္ကန့်သို့ လက်နက်ကြီးကျည် ၃ လုံး၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၀.၃၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၄.၇၅ စက္ကန့်သို့ လက်နက်ကြီးကျည် ၂ လုံး၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၈.၅၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၆.၁၀ စက္ကန့်သို့ ၁ လုံးနှင့် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၂၄.၈၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၆.၀၁ စက္ကန့်သို့ ၃ လုံး အသီးသီးကျရောက်ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့သည်။

        နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ်ကာလအတွင်း AA အဖွဲ့သည်  ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်း၍ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုး အနီးမှနေ၍ ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်ခြင်းသည် အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြား စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ လက်နက်ကြီးကျည် ကျော်ကျပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးရှိ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

        အလားတူ AA အဖွဲ့အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်၍ သြဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက် ကျဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

        အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားရှိ အမှတ်(၃၄)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မှတစ်ဆင့်အကြောင်းကြားစာပို့ထားရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့အသိပေး အကြောင်းကြားစာများ ပေးပို့ထားရှိကြောင်း သတင်းရရှိသည်။