AFC Cup ပြိုင်ပွဲအတွက် ပြည်တွင်းပြည်ပ ကစားသမားသစ်များ ခေါ်ယူအားဖြည့်ရန် ဟံသာဝတီယူနိုက်တက်အသင်း စီစဉ်ထား

ယခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိကာ AFC Cup ပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့် ဟံသာဝတီယူနိုက်တက်အသင်း အနေဖြင့် ပြည်တွင်းပြည်ပကစားသမားသစ်များ ခေါ်ယူအားဖြည့်ရန်   စီစဉ်ထားကြောင်း အသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။

ယခုနှစ်တွင် COVID-19 ရောဂါအခြေအနေကြောင့်   ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲကို  ကျင်းပနိုင်ခြင်း မရှိသည့်အတွက် ဒုတိယဆုရရှိသော   ဟံသာဝတီယူနိုက် တက်အသင်းက လာမည့်နှစ် AFC Cup ပြိုင်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။

ဒီနှစ် အမှတ်ပေးပြိုင်ပွဲမှာ ဒုတိယဆုရတဲ့အတွက် AFC Cup ဝင်ပြိုင်ခွင့်ရမယ်။ ဒါပေမဲ့လာမယ့် လိဂ်ကော်မတီအစည်း အဝေးမှာ အတည်ပြုပေးမှာပါ။ AFC Cup ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာ သေချာပြီဆိုတာနဲ့ အသင်းကို ပြင်ဆင်မှုကောင်း ကောင်းလုပ်ဆောင်မှာပါ။ ပြည်တွင်းပြည်ပ ကစားသမားသစ်တွေလည်း ခေါ်ယူဖို့ အစီအစဉ်ရှိပါတယ်။ အသင်းပိုင်ရှင်၊ နည်းပြချုပ်နဲ့  အသင်းတာဝန်ရှိသူတွေ ညှိနှိုင်းပြီး လိုအပ်တဲ့ နေရာအလိုက် ကစားသမားတွေ အားဖြည့်ပါမယ် ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီယူနိုက်တက် အသင်းသည် အသင်းသမိုင်းတစ်လျှောက် အာရှအဆင့် AFC Cup ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်ကြောင်း သိရသည်။                           

ကိုရဲ