COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားသည့် CMP လုပ်ငန်းများ အောက်တိုဘာ ၁၂ ရက်မှစ၍ ခွင့်ပြုချက်ဖြင့် ပြန်လည်လုပ်ကိုင်နိုင်

နေပြည်တော်  အောက်တိုဘာ  ၁ဝ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အမိန့်အမှတ် ၁၂၄/၂ဝ၂ဝ

၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁ဝ ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ၂ဝ-၉-၂ဝ၂ဝ ရက်စွဲ ပါ အမိန့်အမှတ် ၁ဝ၇/၂ဝ၂ဝ ဖြင့်လည်းကောင်း၊ နေအိမ်တွင် သာနေထိုင်ရန် စည်းကမ်းချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူများတွင် ဖြည့်စွက်ချက်ကို ၂၂-၉-၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁ဝ၈/၂ဝ၂ဝ ဖြင့် လည်းကောင်း၊ ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP)စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား ၈-၁ဝ-၂ဝ၂ဝ ရက်နေ့မှ၂၁-၁ဝ-၂ဝ၂ဝ ရက်နေ့အထိ  လုပ်ငန်းခွင် သွားရောက်ခွင့် မပြုကြောင်း ၅-၁ဝ-၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁၁၃/၂ဝ၂ဝ  ဖြင့်လည်းကောင်း  အသီးသီး ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။ သို့ရာတွင် COVID-19 ရောဂါကူးစက် ပြန့်ပွားနေမှုများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု များပြားနေသော မြို့နယ်များအား Stay at Home  ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေး လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေး အတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းညှိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်နှင့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြုလိုက်နာရမည့် အချက်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် အပိုဒ် ၃ ပါ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ထားရှိရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ထားခြင်းရှိ/မရှိကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ် စိစစ်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍  အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်း တွေ့ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP)စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စား လုပ်ငန်းများအား ၁၂-၁ဝ-၂ဝ၂ဝ ရက်မှစ၍ Coronavirus Disease 2019(COVID-19) ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုနိုင်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

(ဒေါက်တာမြင့်ထွေး)

ပြည်ထောင်စုဝန်ကြီး