Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ ဇူလိုင် - ၂၁

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၉ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၆ ဦး၊ ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းနှင့် မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ ထပ်မံရောက်ရှိလာသူမရှိကြောင်း သိရသည်။

စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၅ ဦးနှင့် လှိုင်မြို့နယ်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၃၁ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၇၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၂၁၂ ဦးနှင့် မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်း၌ ၉၉ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်လူနာ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။