COVID-19 ရောဂါထိန်းချုပ်နိုင်ပါက ယခုနှစ် သရက်ရာသီအတွက် ဈေးကွက် အလားအလာကောင်းနိုင် 

COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး ရောဂါထိန်းချုပ်နိုင်ပါက ယခုနှစ် သရက်ရာသီအတွက်  ဈေးကွက်အလားအလာကောင်းနိုင်ကြောင်း     မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်    ဒုတိယဥက္ကဋ္ဌ  ဦးစိုင်းခင်မောင်၏ ပြောပြချက်အရ  သိရသည်။

မြန်မာ့သရက်ကို တရုတ်နိုင်ငံသို့ ဧပြီလဝက်ခန့်မှ စတင်တင်ပို့လေ့ရှိပြီး ပြီးခဲ့သည့်နှစ် သရက်ရာသီချိန်က ပြည်တွင်း၌ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ဖြစ်သောကြောင့်    အခက်အခဲများ ရှိခဲ့သည့်အပြင် တရုတ်နိုင်ငံသို့ ယာဉ်မောင်းလဲလှယ်သည့်စနစ်ဖြင့်   တင်ပို့ခဲ့ရသည့်အတွက် တောင်သူများ   အကျိုးအမြတ် နည်းပါးခဲ့သည်။

''ဒီတစ်လ၊ နှစ်လအတွင်းမှာ ကာကွယ်ဆေးတွေ   ရာခိုင်နှုန်း တော်တော်များများ ထိုးနိုင်ပြီ၊ ရောဂါကို ထိန်းချုပ်နိုင်ပြီဆိုတော့ တရုတ်နိုင်ငံနဲ့လည်း  ညှိနှိုင်းလို့ပိုကောင်းတယ်။ ကားတွေလည်း တိုက်ရိုက်ဝင်လို့ရမယ့်အခြေအနေမျိုးဆိုရင်  အမြတ်ပိုကျန်နိုင်ပါတယ်'' ဟု ဦးစိုင်းခင်မောင် ကပြောသည်။

ပြီးခဲ့သည့်နှစ်က စိုက်ပျိုးသူ ၇ဝ ရာခိုင်နှုန်းခန့်မှာ အွန်လိုင်းစနစ်ဖြင့် စားသုံးသူများထံ    တိုက်ရိုက်ရောင်းချမှုများ ရှိခဲ့ရာ ယခုနှစ်တွင်လည်း   ယင်းသို့  ဆောင်ရွက်မည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်ရှိ သရက်ခြံလုပ်ငန်း လုပ်ကိုင်သူ ဦးမြတ်ထွန်းကပြောသည်။

''ဒီနှစ်လည်း     စားသုံးသူ တိုက်ရိုက်ပဲ ပို့ပေးမှာပါ။   ဒီလိုရောင်းချတဲ့အတွက် အရည်အသွေးပိုင်းကို    ကျွန်တော်တို့က ပိုပြီးတာဝန်ယူပေးရသလို  စားသုံးသူတွေလည်း အဆင်ပြေပါတယ်'' ဟု ဦးစိုင်းခင်မောင် ကပြောသည်။

ပြည်တွင်းမှ ထွက်ရှိသည့်  သရက်သီးများ၏ ၇ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့လေ့ရှိပြီး   ကျန်  ၃ဝ ရာခိုင်နှုန်းကို   စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံတချို့နှင့်     ပြည်တွင်းဈေးကွက်သို့ ရောင်းချကြောင်း သိရသည်။