COVID-19 ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

COVID-19 ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၅

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့် ရမည့်သူများကို နေရာဒေသအလိုက်ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊  နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌    ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။  ထို့ပြင်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပရဟိတအဖွဲ့အစည်းများ၊  တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့  ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့်  တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍  လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၀၁ ဦးနှင့် အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၁၆၄ ဦးအား လည်းကောင်း၊    ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၆ ဦး  စုစုပေါင်း ၂၃ ဦးအားလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌  ဓာတ်ခွဲအတည်ပြု ပိုးတွေးလူနာ အမျိုးသား ၅၅၈ ဦးနှင့် အမျိုးသမီး  ၃၀၈ ဦး စုစုပေါင်း ၈၆၆ ဦးအားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ အမျိုးသား ၁၈၆ ဦးနှင့် အမျိုးသမီး ၈၇ ဦး စုစုပေါင်း ၂၇၃ ဦးအားလည်းကောင်း အသီးသီးလက်ခံထားရှိကြောင်း သိရှိရသည်။

အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု   ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသ ရေးအဖွဲ့များနှင့်တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ  စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက် ရှိရာ တာဝန် ရှိသူများနှင့် လူနာများ၏စကားသံများကို ယခုလိုပဲကြားသိရပါသည်-

ဗိုလ်ဟိန်းမင်းခန့်(ဆေးမှူး)

ဒီမှာတွေ့ရတာတော့ ကာကွယ်ဆေးထိုး ထားတဲ့ သူတွေရော၊ မထိုးထားတဲ့ သူတွေရော အကုန်လုံးတွေ့ရပါတယ်။  ကာကွယ်ဆေးထိုးထားတဲ့သူတွေက Positive တော့ ဖြစ်တယ်။ ဒါပေမဲ့ သူတို့က ရောဂါလက္ခဏာ  ဆိုးဆိုးဝါးဝါးမပြဘူး။ ကာကွယ်ဆေးလည်း မထိုးထားဘူး၊ ခုမှလည်းစဖြစ်တယ်၊ အရင်  COVID  မှာလည်း မဖြစ်ဖူးဘူး၊ Third Wave ကျမှ COVID ဖြစ်တာမျိုးဆိုရင် Oxygen တွေ  အရမ်းထိုးကျပြီးတော့  ဆိုးဆိုးဝါးဝါး ဖြစ်တာမျိုးတွေရှိပါတယ်။

ဥထပါနည ကျတဲ့  လူနာတွေဆိုရင်တော့ သူတို့ကို   မှောက်လျက်အနေအထား၊ ဘေးတစောင်း အနေအထားနဲ့ထားပါတယ်။ ပြီးတော့ ပက်လက်အနေအထားမျိုးနဲ့ ဥထပါနည   ရာခိုင်နှုန်း  ပိုတက်အောင်လုပ်ခိုင်းတာမျိုး၊ အသက်ရှူလေ့ကျင့်ခန်း  လုပ်ခိုင်း တာမျိုးတွေ  လုပ်ခိုင်းပါတယ်။ အစားများများစားခိုင်းတယ်။ အိပ်ရေး၀၀ အိပ်ခိုင်းပြီးတော့ လိုအပ်တဲ့ အားဆေးတွေ ကျွန်တော်တို့ပေးပါတယ်။ COVID Third Wave ကတော့ ပြန့်တာ အရမ်းမြန်ပါတယ်။ နောက်ပြီး မိသားစုဝင်တစ်ယောက် ဖြစ်တယ်ဆိုရင် ကျန်တဲ့ မိသားစုဝင် တွေမှာလည်း COVID တွေ့ပါတယ်။ ရောဂါ လက္ခဏာကလည်း  Second Wave မှာထက် ပိုပြီးဆိုးဝါးတာ တွေ့ရပါတယ်။ Oxygen တွေပိုပြီးကျပါတယ်။ Oxygen လိုတဲ့လူနာတွေ ပိုပြီးများပါတယ်။ မျိုးရိုးဗီဇပြောင်းသွားတဲ့အတွက်ကြောင့်မို့ ကာကွယ်ဆေးထိုးထားတဲ့ သူတွေကလည်း COVID ပြန်ဖြစ်နိုင်ပါတယ်။  Delta Variant လို့ခေါ်ပါတယ်။   ကူးစက်မှု လည်းမြန်တယ်။ မျိုးရိုးဗီဇအသစ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ရဲ့ရောဂါလက္ခဏာ ဆိုးဝါးမှု အဆုတ်ထိခိုက်မှုတွေကလည်း Second Wave မှာထက် ပိုပြီးဆိုးပါတယ်။ အာဟာရကလည်း COVID Positive လူနာတွေမှာ ပိုပြီးအရေးကြီး ပါတယ်။ အစားအသောက်ပျက်တာ လက္ခဏာတစ်ခုဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ လက္ခဏာက ပိုပြီးဆိုးတတ်ပါတယ်။ ပြည်သူတွေကို ကျန်းမာရေးအနေနဲ့   အကြံပြု ချင်တာကတော့ COVID Third Wave က ကူးစက်မှုနှုန်းမြန်ပြီးတော့ ရောဂါလက္ခဏာ ဖြစ်ရင်လည်း ဆိုးဆိုးဝါးဝါးဖြစ်ပါတယ်။ တချို့လူနာတွေမှာ COVID Positive ဖြစ်တယ်။ ရောဂါလက္ခဏာမပြဘဲ  ရှိနေတာတွေရှိတယ်။ ဒါကြောင့် အပြင်ထွက်တာများတဲ့သူတွေ ဆိုရင်   ထိတွေ့မှုပိုပြီးဖြစ်နိုင်ပါတယ်။ ကူးစက်မှုခံရနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ Stay Home နေပေးကြပါ။ အပြင်သွားတာပဲဖြစ်ဖြစ်၊ တစ်နေရာသွားတာပဲဖြစ်ဖြစ် Mask တွေသေချာတပ်ရပါမယ်။ လက်ကို ခဏခဏဆေးရပါမယ်။

ဗိုလ်ကြီးဇော်ထက်အောင်  (အုပ်ချုပ်မှု တာဝန်ခံ)

ကျွန်တော်တို့ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းအနေနဲ့ COVID-19 Third Wave အတွက် ဇွန်လ ၂၅ ရက်နေ့မှာ အဆောင်( A. B. C. D)ဆိုပြီး ဖွဲ့စည်းပြီးတော့   လူနာတွေကို   ပြုစုစောင့်ရှောက်ဖို့ စီမံဆောင်ရွက်ထားခဲ့ပါတယ်။ ရေ၊ မီးအနေနဲ့ကတော့ ၂၄ နာရီ မီးရရှိအောင် ဆောင်ရွက်ထားရှိပါတယ်။

လျှပ်စစ်မီးပြတ်တောက်သွားခဲ့သည်ရှိသော် ၁၀၀ KV မီးစက်ကို အရန်ထားရှိပြီး ရေအနေနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေပေးဝေဆောင်ရွက်လျက်ရှိပါတယ်။ သန့်ရှင်းရေးအနေနဲ့ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် အမှိုက်များကို သိမ်းဆည်းဆောင်ရွက်ပြီးတော့ အမှိုက်များကို မီးရှို့စက်နဲ့ မီးရှို့ဖျက်ဆီးဆောင်ရွက်လျက်ရှိပါတယ်။ ချက်ပြုတ်ကျွေးမွေး ရေး အပိုင်းမှာတော့ ကျွန်တော်ဦးစီးပြီးတော့   နေ့စဉ်ချက်ပြုတ်ကျွေးမွေးလျက်ရှိပါတယ်။

ကျွေးမွေးမှုအစီအစဉ်အနေနဲ့ မနက်ပိုင်းမှာ ကြက်ဥကြော်၊ ထမင်းကြော်၊ လက်ဖက်ရည်တို့နဲ့ ကျွေးမွေးပြီးတော့ နေ့လယ်ပိုင်းမှာ ထမင်းဖြူ၊ အသားဟင်းတစ်မျိုးမျိုး၊ အသီးအရွက်ကြော်၊ ငါးပိငံပြာရည်ကြော်၊ ပဲဟင်းချိုတို့နဲ့ ကျွေးမွေးမှုဆောင်ရွက် ထားရှိ ပါတယ်။ ညနေပိုင်းမှာတော့ ထမင်းဖြူ၊ အသားဟင်း တစ်မျိုးမျိုး၊ အသီးအရွက်ကြော်၊ ငါးပိငံပြာရည်ကြော်၊ ချဉ်ရည်ဟင်းတို့ဖြင့် ကျွေးမွေးမှုကို ဆောင်ရွက်ထားရှိပါတယ်။ ဖြည့်စွက် အာဟာရအနေနဲ့ကတော့   ငှက်ပျောသီး၊ ဘီစကွတ်တို့ကို နေ့လယ် လက်ဖက်ရည် တိုက်ချိန်မှာ ဖြည့်စွက်ကျွေးမွေးလျက်ရှိပါတယ်။ အစာမာ မစားနိုင်သူတွေအနေနဲ့ ကြက်သားဆန်ပြုတ်၊ နို့ဆန်ပြုတ် တစ်မျိုးမျိုးကို စီမံထားရှိပါတယ်။ ဖြန့်ဝေမှုအပိုင်းမှာ တစ်ခါသုံးပလတ်စတစ်ပုံစံခွက်ထမင်းဘူးတွေနဲ့ ထုပ်ပိုးပါတယ်။ အဆောင်တွေကို ပို့ပါတယ်။ လူနာတွေက ကိုယ်တိုင်ယူစနစ်နဲ့ ယူဆောင် စားသောက်ရပါတယ်။