EV (လျှပ်စစ်ကား) နှင့် ICE Vehicle (လောင်စာဆီသုံးအင်ဂျင်ကား)တို့ ကွာခြားအားသာချက်များအကြောင်း

EV (လျှပ်စစ်ကား) နှင့် ICE Vehicle (လောင်စာဆီသုံးအင်ဂျင်ကား)တို့ ကွာခြားအားသာချက်များအကြောင်း

နိုင်ငံတော်အကြီးအကဲက ယနေ့မြန်မာနိုင်ငံတွင် လျှပ်စစ်ယာဉ် EV (Electric Vehicle) များသုံးစွဲနိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်း ရခြင်းသည် အောက်ဖော်ပြပါ   အကြောင်းများကြောင့်ဆိုလျှင် မမှားနိုင်ပေ။

လျှပ်စစ်ယာဉ် EV (Electric Vehicle) များသုံးစွဲခြင်းဖြင့် လောင်စာဆီ ပြည်ပမှဝယ်ယူတင်သွင်းနေရသည့် နိုင်ငံခြားငွေ သုံးစွဲရမှု လျော့နည်းပပျောက်စေခြင်း၊  လောင်စာဆီသုံးယာဉ်များ ICE (Internal Combustion Engine) Vehicle ၏ မောင်းနှင်အသုံးပြုနိုင်ရန် အင်အားဖြစ်ပေါ်ရေးအတွက်  လောင်ကျွမ်းမှုမှ  ထွက်ပေါ်လာသော အဆိပ်ဓာတ်ငွေ့ ကာဗွန်ဒိုင် အောက်ဆိုက်ကြောင့် လူ၊ သတ္တဝါ များနှင့် သစ်ပင်များ ထိခိုက်ပျက်စီးသေကျေကြရမှုလွတ်ကင်းစေခြင်း၊ EV ယာဉ်များ သွားလာရာ တွင် ICE ယာဉ်များကဲ့သို့    ဆူညံသံ မဖြစ်ပေါ်စေခြင်းနှင့် မောင်းနှင်ရန်လိုအပ်သည့် စွမ်းအင်ရရှိစေဖို့  စုဖွဲ့တည်ဆောက်ထား သည့်ပစ္စည်း အစိတ်အပိုင်း အုပ်စု   ပါဝင်မှု နည်းပါးပြီး လွယ်ကူရှင်းလင်း ပေါ့ပါးသည့်အတွက် ICE ယာဉ်များကဲ့သို့  ရှုပ်ထွေး များပြား လေးလံသည့် အင်ဂျင်အုပ်စု စုဖွဲ့တည် ဆောက်ထားသည့် အစိတ်အပိုင်းများထက် EV ယာဉ်များတည်ဆောက်မှုတွင်  Induction Motor & Inverter စသော  နည်းပါးသည့် အစိတ်အပိုင်းများဖြင့်သာ ပေါ့ပါးစွာစုဖွဲ့ တည်ဆောက်ထားသဖြင့် ပျက်စီးချွတ်ယွင်းနိုင်မှုနည်းပါး၍ ပြုပြင်ထိန်းသိမ်းရန်  လွယ်ကူ သောကြောင့်  ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်  များစွာလျော့ နည်းစေသည်။

EV ယာဉ်နှင့် ICE ယာဉ်တို့၏ အလေးချိန်နှင့်စွမ်းအားပေးနိုင်မှုအချိုး နှိုင်းယှဉ်ရာတွင် EV ယာဉ်မှာ (8.5 kW/kg)  စွမ်းအားရရှိပြီး  ICE ယာဉ်မှာ (0.8 kW/kg) သာ စွမ်းအားရရှိသည့်အတွက် မောင်းနှင်ကုန်ကျစရိတ်မှာ EV ($0.03/mile) ဖြစ်ပြီး ICE Vehicle ($0.1/Mile) ဖြစ်သဖြင့် အကွာအဝေး များများမောင်းလေ EV ယာဉ်ဖြင့် သွားလာစရိတ်ကုန်ကျမှုသည် ICE ယာဉ် အသုံးပြုကုန်ကျစရိတ်ထက် များစွာ သက်သာကြောင်း နိုင်ငံတကာတွင် စမ်းသပ်တွေ့ရှိထားသည့်အတွက် EV ယာဉ်များကို သုံးစွဲကြည့်ဖို့ အလေးထား စဉ်းစားနိုင် ရန် ရှင်းလင်းတင်ပြခြင်းဖြစ်သည်။

EV ယာဉ်သည် ICE ယာဉ်ထက်ပေါ့ပါးပြီး ကမ္ဘာမြေ၏ ဗဟိုချက်သို့ ဆွဲငင်သည့်အား CG (Center of Gravity) မှာ မြေပြင်နှင့် ပိုမိုနီးကပ်သဖြင့် အရှိန်ဖြင့်ကွေ့ရာတွင် တိမ်းမှောက်နိုင်မှုကိုကာကွယ်နိုင်ခြင်း၊ အရှိန်ဖြင့်မောင်းနှင်သွားလာရာတွင်လည်း တော်ရုံ တန်ရုံ တိမ်းမှောက်မှုမရှိခြင်း၊ ကားဘီးများပွန်းစားမှုလျော့ နည်းစေမှုကြောင့် ကားဘီးသက်တမ်း တာရှည်ခံသဖြင့်  ကုန်ကျစရိတ် လျော့နည်းစေခြင်းတို့ကလည်း EV ယာဉ်၏ အားသာချက်များဖြစ်သည်။

ဈေးကြီးသည့် နိုင်ငံခြားဖြစ် စက်သုံးဆီအပြင် အင်ဂျင်ဝိုင် အစရှိသည့်အစိတ်အပိုင်းအုပ်စုများ လည်ပတ်ဖို့ ထည့်ပေးရသော ချောဆီများကို EV ယာဉ်များမောင်းနှင်အသုံးပြုရာတွင် မလိုအပ်တော့သဖြင့် ကုန်ကျစရိတ်များစွာသက်သာစေသည်။

EV ယာဉ်များ၏ အဓိကစွမ်းအားဖြည့်ပေးရသည့် ဘက်ထရီ Li-ion မှာ ဈေးမြင့်နေသော်လည်း နည်းပညာတိုးတက်လာသည်နှင့်  ဈေးလျော့ကျပြီး အရည်အသွေးတိုးမြင့်လာသည့် Li-Fe Battery, LiFePO4 Battery, Iron-Graphite Foils Battery စသည် စသည်ဖြင့် တိုးတက်ပြောင်းလဲသုံးစွဲနိုင်ရန်လည်း ပညာရှင်များက ကြိုးပမ်းတီထွင်ပေး လျက်ရှိသည့်အတွက် များမကြာမီ ခေတ်ကာလတွင် EV ယာဉ်များသုံးစွဲမှုမှာ  အံ့မခန်းတိုးတက်လာမှာ ဖြစ်ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် ဒုတိယ လေးလပတ်မှစပြီး BYD မှ EV ကားများအတွက် အဆင့်မြင့်တီထွင်ထားသည့် BYD New Blade Battery များကိုကျယ်ပြန့်စွာ ထုတ်လုပ်ရောင်းချသွားမည့် အကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ်တွင် SAIC နှင့် US car giant General Motors (GM) တို့ Joint Venture ထုတ်လုပ်သည့် Mini EV ကားများသည့် USD 4100- USD 5600 ခန့် ဈေးနှုန်းများမှအစပြု၍ အခြားအဆင့်မြင့် EV ကားများမှာ အမျိုးအစားအလိုက် ဈေးနှုန်းအစားစားရှိကြသည်။

နာမည်ကြီး ကားကုမ္ပဏီများမှထုတ်လုပ်သော ကားများထက် BYD တရုတ်ပိုင် ကားကုမ္ပဏီနှင့် ၎င်းနာမည်ကြီး ကားကုမ္ပဏီများ ဖြစ်သော Tesla, GM, Ford, Chavolet, Mercedes, Volkswagen, Hundai, Toyota, Renault, etc တို့နှင့် Joint Venture များပြုလုပ်ပြီး  Integrated High Technology ဖြင့် ယခင်ထက် ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ပြီဖြစ်ပါသည်။

ကျွန်တော့်လို EV ယာဉ်များအကြောင်း ဗဟုသုတရသူများ၊  EV  ကားများကို ပိုင်ဆိုင်မောင်းနှင်ချင်သူများ  အများအပြား ရှိလာနိုင် မည်ဖြစ်သော်လည်း ချက်ချင်းငွေပေးချေ (Cash Down) ဝယ်ယူနိုင်ရန် အခက်အခဲရှိကြပါလိမ့်မည်။ လောင်စာဆီသုံး အင်ဂျင်ကားများထက် EV လျှပ်စစ်ကားများကို သက်သာသောဈေးနှုန်းဖြင့် အများပြည်သူဝယ်ယူခွင့်ရရှိအောင် သက်ဆိုင်ရာက မူဝါဒချမှတ်ပေးခြင်း၊ သုံးစွဲသူတို့  အဆင်ပြေချောမွေ့မှုရှိစေရန်  အချိန်တိုအတွင်း   Charging   ဖြည့်သွင်းနိုင်သော  Fast Charging System များ၊ Servicing များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များ ပူးပေါင်းကာ ပေါင်းစပ်စီမံဖြည့်ဆည်းပေးခြင်း၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိဝန်ထမ်းများ  ကျယ်ပြန့်စွာ သုံးစွဲနိုင်ကြရန်အတွက်   Down payment and Installment ပေါင်းစပ်ရောင်းချပေးနိုင်ခြင်း စသည့်အစီအစဉ်များကို စီမံပေးနိုင်ပါ လျှင် မြန်မာပြည်သူများခေတ်မီအဆင့်မြင့်စွာ EV ယာဉ်များ တစ်စတစ်စ   သုံးစွဲလာသူ  တိုးပွားလာမည်ကို မြော်တွေး မိပါကြောင်းတင်ပြလိုက်ရပါသည်။         ။

အင်ဂျင်နီယာထွန်း

(စက်မှုစီးပွားထူးချွန်ဆု)