PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာများကို အကြောင်းအမျိုးမျိုးပြ စွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်

PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာများကို အကြောင်းအမျိုးမျိုးပြ စွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့်NUG တို့သည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများနှင့် နေအိမ်များ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
ထို့အပြင် ၎င်းတို့၏ ကိုယ်ကျိုးအတ္တကိုအခြေခံ၍ ကလေးသူငယ်များနှင့် သာသနာ့အကျိုးသယ်ပိုးနေသည့် ရဟန်းသံဃာများကိုပါ အကြောင်းအမျိုး မျိုးပြ စွပ်စွဲ၍ သတ်ဖြတ်သည်အထိ ကျူးလွန်လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိ သော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ သောမနအား အကြမ်းဖက်အမျိုးသား ၂ ဦးက ဆွမ်းဘုန်းပေးနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆရာတော်မှာ နဖူးမှနောက်စေ့သို့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာ၌ပင် ပျံလွန် တော်မူခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် သာစည်လမ်းဆုံ မီးပွိုင့်အနီး၌ သံဃာတော်တစ်ပါးအား အကြမ်းဖက်သူများက အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းကြောင့် နေရာ၌ပင် ပျံလွန်တော်မူခဲ့သည်။ အလားတူ ည ၉ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာအုပ်စု၊ ဒေါင်း ရွာကျေးရွာရှေ့ သိဒ္ဓိအောင်ကျောင်းတိုက်(ရွှေရောင်ပြ)၌ တစ်ပါးတည်းသီတင်း သုံးတော်မူသော ဆရာတော်အား အကြမ်းဖက်သမားများက ဓါးဖြင့် ဝိုင်းဝန်း ခုတ်သတ်ခဲ့ခြင်းကြောင့် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်း မရှိသော အပြစ်မဲ့ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်း သံဃာများကိုပင် အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသောကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည့် ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအပေါ် မုန်းတီးလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်ဟု ပြဋ္ဌာန်းထားသည့် အပြင် ပုဒ်မ ၃၆၂ တွင်လည်း နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော် တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်။
အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာဘာသာ ဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်းသံဃာများကို ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ်နေမှုများအား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ ကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာ ဆက်သွယ် သတင်း ပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။