PFA  တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကို မေဆင်မောင့်နှင့် ဂရင်းဝုဒ်တို့အား ကျော်ဖြတ်ပြီး မန်စီးတီးအသင်းမှ ဖိုဒန်ရရှိ

အင်္ဂလန်ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ် (PFA) ကပေးအပ်သည့် တစ်နှစ်တာ လူငယ် အကောင်းဆုံးကစားသမားဆုကို မေဆင်မောင့်နှင့် ဂရင်းဝုဒ်တို့အား  ကျော်ဖြတ်ပြီး   မန်စီးတီးအသင်း လူငယ်ကစားသမား ဖိုဒန်က ရရှိခဲ့ကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင်  အင်္ဂလန်လူငယ်ကစား သမားများ ဖြစ်သည့် ချယ်လ်ဆီးအသင်းမှ မေဆင် မောင့်၊ မန်ယူအသင်းမှ ဂရင်းဝုဒ်နှင့် မန်စီးတီးအသင်း မှ ဖိုဒန်တို့သည် သက်ဆိုင်ရာကလပ်အသင်းများတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်  တစ်နှစ်တာ လူငယ် အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမား စာရင်းတွင် ပါဝင်ခဲ့ကြသည်။

၂ဝ၂ဝ-၂ဝ၂၁ တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုအတွက်  ဆန်ခါတင် ကစားသမား စာရင်းတွင်   ဖိုဒန်နှင့်အတူ   အာဆင်နယ်အသင်း  လူငယ်ကစားသမား  ဆာကာ၊  ဝက်စ်ဟမ်းအသင်း ကွင်းလယ်ကစားသမား ဒီကလန်ရိုဒ်၊ မန်ယူအသင်း တိုက်စစ်မှူး  ဂရင်းဝုဒ်၊ ချယ်လ်ဆီး အသင်းကွင်းလယ် ကစားသမား  မေဆင်မောင့်နှင့်  လီဗာပူးအသင်းမှ အာနိုးတို့ ပါဝင်လာခဲ့ကြခြင်းဖြစ်သည်။

အသက်  ၂၁  နှစ်အရွယ် ဖိုဒန်သည်  မန်စီးတီး အသင်း၏ အကယ်ဒမီမှ ပေါ်ထွက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး နောက်ပိုင်းနှစ်များတွင် နည်းပြ ဂွါဒီယိုလာ၏ ယုံကြည်မှုနှင့်အတူ  စီနီယာအသင်းသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရပြီးနောက်  အသင်း၌  အဓိက တိုက်စစ်မှူးတစ်ဦးအဖြစ်      ရပ်တည်နိုင်ခဲ့ခြင်းဖြစ် သည်။

ဖိုဒန်သည်  ယခုဘောလုံးရာသီ  မန်စီးတီးအသင်း တိုက်စစ်ပိုင်းတွင်  ဝါရင့်တိုက်စစ်မှူး အဂူရို ဒဏ်ရာ ရရှိနေချိန်  ပွဲစဉ်အများစု၌   ပွဲထွက်ကစားသမား အဖြစ်  ပါဝင်ခွင့်ရရှိခဲ့ပြီး  မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌  စုစုပေါင်း ၂၈  ပွဲ  ပါဝင် ကစားခွင့်ရရှိခဲ့ကာ  ကိုးဂိုးအထိ သွင်းယူနိုင်ခဲ့သကဲ့သို့    ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်နိုင်ခဲ့သည့် အတွက် တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကို ကစားသမားဘဝ သက်တမ်းတစ်လျှောက်  ပထမဆုံး ရရှိခြင်းဖြစ်သည်။

ဖိုဒန်သည်  မန်စီးတီးအသင်းနှင့်  ယခုဘောလုံး ရာသီတွင်  လိဂ်ဖလားနှင့်  ပရီးမီးယားလိဂ် ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး စုစုပေါင်း ပရီးမီးယားလိဂ် ဖလား သုံးကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်နှင့် လိဂ်ဖလား လေးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သည်။

ယခုဘောလုံးရာသီတွင်  မန်စီးတီးအသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့မှုများကြောင့်    ဖိုဒန် အနေဖြင့်  မကြာမီ ကျင်းပမည့် ယူရို ၂ဝ၂ဝ  ပြိုင်ပွဲ ယှဉ်ပြိုင်ရန်   နည်းပြဆောက်ဂိတ်၏   အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။