PFA တစ်နှစ်တာ နေရာအလိုက်အကောင်းဆုံးကစားသမားများ စာရင်းထုတ်ပြန်ရာတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိသည့် မန်စီးတီးအသင်းမှ ကစားသမားခြောက်ဦးအထိပါဝင်လာ

လန်ဒန်၊ ဘောလုံး

အင်္ဂလန်ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ်(PFA)က  ရွေးချယ်ပေးအပ်သည့် PFA တစ်နှစ်တာ နေရာအလိုက် အကောင်းဆုံး ကစားသမားများစာရင်းကို ထုတ်ပြန်ကြေညာရာ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့သည့် မန်စီးတီးအသင်းမှ ကစားသမားခြောက်ဦးအထိ ပါဝင်လာကြောင်း  သိရသည်။

PFA က တစ်နှစ်တာ နေရာအလိုက်အကောင်းဆုံး ကစားသမားစာရင်းကို ၄-၃-၃ ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး မန်စီးတီးအသင်း  ချန်ပီယံ ဆုရယူနိုင်ခဲ့ရာတွင်   အဓိက ကစားသမားများအဖြစ် ပါဝင်ခဲ့ကြသည့် ဂိုးသမား  အီဒါဆန်၊ ကီဗင်ဒီဘရိုင်း၊ ဂမ်ဒိုဂန်၊  ဒီယက်ဇ်၊  ဂျွန်စတုန်းနှင့် ဂျာအိုကန်ဆယ်လိုတို့ ပါဝင်လာခြင်းဖြစ်သည်။

ထိုသို့ PFA တစ်နှစ်တာ  နေရာအလိုက်အကောင်းဆုံးကစားသမားစာရင်းတွင် ဂိုးသမားနေရာ၌ တစ်နှစ်တာအကောင်းဆုံး ဂိုးသမား ဆုရရှိခဲ့သည့် မန်စီးတီးအသင်းမှ ဂိုးသမား  အီဒါဆန်ပါဝင်လာသည့်နည်းတူ ခံစစ်ကစားသမားလေးဦးနေရာမှ ညာတောင်ပံခံစစ် နေရာ၌ မန်စီးတီးအသင်းမှ ဂျာအိုကန်ဆယ်လို၊ ဗဟိုခံစစ်ကစားသမားနှစ်ဦးနေရာ၌လည်း မန်စီးတီးအသင်းမှ ဂျွန်စတုန်းနှင့် ဒီယက်ဇ်တို့ပါဝင်လာပြီး ဘယ်တောင်ပံခံစစ်ကစားသမားနေရာ၌ မန်ယူအသင်းမှ လုခ်ရှောပါဝင်လာသည်။

ကွင်းလယ်ကစားသမားသုံးဦးနေရာ၌လည်း မန်စီးတီးအသင်းမှ ကစားသမားနှစ်ဦးအထိပါဝင်လာပြီး ကီဗင်ဒီဘရိုင်း၊ ဂမ်ဒိုဂန်တို့နှင့် အတူ မန်ယူအသင်း အမှတ်ပေးဇယားအဆင့်(၂)နေရာ၌ ရပ်တည်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည့် ဖာနန်ဒက်လည်း ပါဝင်လာသည်။

တိုက်စစ်ကစားသမားသုံးဦးနေရာ၌ စပါးအသင်းနှင့် စုစုပေါင်း ၃၅ ပွဲကစားခဲ့ရာတွင် သွင်းဂိုး ၂၃ ဂိုးဖြင့် တစ်နှစ်တာ သွင်းဂိုးအများဆုံး ကစားသမားဆုရရှိခဲ့သည့် ဟယ်ရီကိန်း၊ ၎င်း၏နောက်၌ သွင်းဂိုး ၂၂ ဂိုးဖြင့် ရပ်တည်ခဲ့သော ဆာလက်ချ်နှင့် ၁၇ ဂိုးသွင်းယူနိုင်ခဲ့သည့် ဆွန်ယောင်မင်တို့ ပါဝင်လာခဲ့ကြောင်း သိရသည်။

Ref;Dailymail