PFA Fan Player of the Yearဆုကို ဟယ်ရီကိန်းနှင့် ဖာနန်ဒက်တို့ကို ကျော်ဖြတ်ပြီး  လီဗာပူးအသင်း တိုက်စစ်မှူး မိုဟာမက်ဆာလက်ချ်ရရှိ

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က  ချီးမြှင့်ပေးအပ်သည့် PFA Fan Player of the Year   ဆုကို လီဗာပူးအသင်း တိုက်စစ်မှူး မိုဟာမက်ဆာလက်ချ်က ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို ပရိသတ်များထံမှ ဆန္ဒမဲ ကောက်ယူကာ   ပေးအပ်ခဲ့ခြင်းဖြစ်ပြီး   ဆာလက်ချ်က  မန်ယူအသင်းမှ ဖာနန်ဒက်၊ စပါးအသင်းမှ  ဟယ်ရီကိန်းနှင့် မန်စီးတီးအသင်းမှ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီက  လီဗာပူးအသင်းသည် ချန်ပီယံဆု လက်လွှတ်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အတွက်ပင် ရုန်းကန်ခဲ့ရသော်လည်း ဆာလက်ချ်က အသင်းနှင့် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး  ဘောလုံးရာသီ တစ်လျှောက်လုံး အသင်းအတွက် အရေးပါသည့် သွင်းဂိုးများကို သွင်းယူနိုင်ခဲ့သူဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် ဆာလက်ချ်သည် ပြီးခဲ့သည့် ဘောလုံးရာသီတွင်  လီဗာပူးအသင်းနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌  စုစုပေါင်း ၃၄ ပွဲ ပွဲထွက်ပါဝင် ကစားခွင့် ရရှိခဲ့ကာ  သွင်းဂိုး ၂၂ ဂိုးသွင်းယူနိုင်ပြီး   ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ရာသီသွင်းဂိုး အများဆုံးဆုအတွက် စပါးအသင်းမှ  ဟယ်ရီကိန်းနောက်  တစ်ဂိုးသာလျော့နည်းပြီး လက်လွှတ်ခဲ့ရသော်လည်း ယခုအခါ  PFA Fan Player of the Year ဆုကို ရရှိခဲ့ကြောင်း သိရသည်။