VOA နှင့် Frontier Myanmar သတင်းဌာနတို့၏ ပင်တိုင်ဆောင်းပါးရှင်အောင်ဆန်း(ခ) စည်သူအောင်မြင့် နှင့် BBC သတင်းဌာနအလွတ်တန်းသတင်းထောက် ထက်ထက်ခိုင် တို့အား ဖမ်းဆီးရမိ

VOA နှင့် Frontier Myanmar သတင်းဌာနတို့၏ ပင်တိုင်ဆောင်းပါးရှင်အောင်ဆန်း(ခ) စည်သူအောင်မြင့် နှင့် BBC သတင်းဌာနအလွတ်တန်းသတင်းထောက် ထက်ထက်ခိုင် တို့အား ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၁   

                    အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် သတင်းဌာနများနှင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုများပြုလုပ်နေပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ထားရှိသည့် VOA နှင့် Frontier Myanmar သတင်းဌာနတို့၏ ပင်တိုင်ဆောင်းပါးရှင် အောင်ဆန်း(ခ)စည်သူအောင်မြင့် နှင့် BBC သတင်းဌာန အလွတ်တန်းသတင်းထောက် ထက်ထက်ခိုင် တို့အား  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ၂၂၄၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက်(၁၂)၊ အခန်း(၉)၌ အတူတစ်ကွတွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

                တရားခံ အောင်ဆန်း(ခ)စည်သူအောင်မြင့် နှင့် ထက်ထက်ခိုင် တို့သည် ၂၀၂၁ ခုနှစ်၊ မတ်လ(တတိယပတ်)မှစ၍ အဆိုပါ ကမ္ဘာအေးဘုရားလမ်းရှိ ရွှေဂုံရိပ်မွန် အိမ်ရာတိုက်ခန်းတွင် သီးသန့်နှစ်ဦးတည်းအတူတစ်ကွနေထိုင်ကာ သတင်းမီဒီယာနှင့် ဝါဒဖြန့်ချိရေးလုပ်ငန်းများအား လုပ်ကိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

                    အောင်ဆန်း(ခ)စည်သူအောင်မြင့်သည် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနှင့် Frontier Myanmar သတင်းဌာနများသို့ တပ်မတော်အား ဝေဖန်ဆန့်ကျင်သည့်သတင်းနှင့် ဆောင်းပါးများရေးသားပေးပို့ခြင်း၊ လူမှုကွန်ရက် စာမျက်နှာတွင် Sithu Aung Myint အမည်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအားဝေဖန်သည့် ဆောင်းပါးများ၊ နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်လာစေရန် စည်းရုံးလှုံ့ဆော်သည့် စာသားများ၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG/CRPH တို့အား ထောက်ခံရေးသားသော အကြောင်းအရာများ၊ ပြည်သူလူထု အထင်အမြင် လွဲမှားစေနိုင်သည့် အခြားမဟုတ်မမှန် သတင်းများ၊ နိုင်ငံတော်မှ အောင်ဘာလေထီ ရောင်းချခြင်းအား ပြည်သူလူထု အသိအမြင်လွဲမှားစေရန် လှုံ့ဆော်ရေးသားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

                    အလားတူ ထက်ထက်ခိုင်အနေဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ထားရှိသော တရားခံ အောင်ဆန်း(ခ)စည်သူအောင်မြင့်အား ၎င်း၏ နေအိမ်တွင် ပုန်းရှောင်နေနိုင်ရန် လက်ခံထားရှိခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှ နေ့စဉ်ထုတ်လွှင့်သော Federal FM တွင် Volunteer အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းများဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

                    သို့ဖြစ်၍ တရားခံ အောင်ဆန်း(ခ)စည်သူအောင်မြင့် အား ယခင်အမှုဖွင့်လှစ် ထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) တို့ဖြင့်လည်းကောင်း၊ တရားခံ ထက်ထက်ခိုင်အား  မတရားအသင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။