SJ WorldNews - шаблон joomla Авто
အကျိုးပြုဆောင်းပါး

အကျိုးပြုဆောင်းပါး (771)

 

မြန်မာနိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်   မြို့ကြီးတစ်မြို့ကို  ညွှန်ပြပါဆိုလျှင်  တစ်ချိန်က ရတနာပုံမြို့တော် မန္တလေးမြို့ကြီးကို ညွှန်ပြလိုပါသည်။

၁၂၂၁  ခုနှစ်တွင် တည်ခဲ့သည့်   မန္တလေးမြို့သည် ဖွံ့ဖြိုးစည်ပင်မြို့ကြီး အသွင်ဖြင့် မြန်မာပြည်၏ နှလုံးသည်းပွတ်ပမာ အထွတ်အမြတ်ထားခြင်း ခံရသော   မြို့ကြီးဖြစ်ရုံ သာမက   မြန်မာ့အနုပညာများ စုဝေးရာဒေသ၊ ကုန်စည် ကူးသန်း သွားလာမှုများနှင့် စီးပွားရေး ကောင်းမွန်သော  နေချင်စဖွယ် မြို့ကြီးပင်ဖြစ်သည်။

တစ်ချိန်တစ်ခါက  မြန်မာမင်းတို့စံရာ နေပြည်တော်ကြီးလည်း ဖြစ်ခဲ့ခြင်းကြောင့် ထီးဟန်နန်းဟန်ဆန်သော ယဉ်ကျေးမှုများကို  ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်သည်။ သာသနိက အဆောက်အအုံ၊ ဘုရားစေတီ၊ ကျောင်းကန်ဇရပ်များသည် သက်တမ်းအရ အိုဟောင်းခဲ့ပြီဖြစ်သော်လည်း လက်ဆင့်ကမ်း စောင့်ရှောက်ပြုပြင် ထိန်းသိမ်းမှုများကြောင့်    ယနေ့တိုင်ရှိနေသည့်အတွက် ရှေးဟောင်း အမွေအနှစ်များအဖြစ် သမိုင်းဝင်နေပါသည်။ ထိုသမိုင်း ၀င် ရှေးဟောင်းအမွေအနှစ်များတွင်   ယနေ့လူအများ လေ့လာစရာများ အဖြစ်   ရှိနေသည်ကလည်း မန္တလေးမြို့အတွက် ဂုဏ်တက်စရာ ဖြစ်နေပါသည်။

စာရေးသူသည်  မန္တလေးမြို့ကို ဘုရားဖူး အခါခါရောက်ခဲ့ဖူးသော်လည်း မန္တလေး မြို့တစ်ခွင်   အစုံအလင် မရောက်သေးဟု ဆိုရပါမည်။ မန္တလေးမြို့ခံ မိတ်ဆွေများ၏ ဆိုစကားအရ မန္တလေးမြို့သည် လေ့လာစရာ၊ သိမှတ်စရာ များစွာရှိနေပြီး ရှေးဟောင်း ကျောင်းဇရပ်များစွာ၏ သမိုင်းကြောင်းများကလည်း မန္တလေးမြို့၏ ယဉ်ကျေးမှုအမွေ အနှစ်အဖြစ်သာမက နိုင်ငံ၏ သမိုင်းအမွေအနှစ်လည်း ဖြစ်သည်။

၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက်တွင် မြို့တည်ခဲ့သော မန္တလေးမြို့တွင် ကိုယ့်ထီးကိုယ့်နန်းနှင့်    မြန်မာတို့နေထိုင်ခဲ့ကြသည်။  ဘုရားစေတီ၊  ကျောင်းကန်   ဇရပ်များနှင့် တင့်တင့်တယ်တယ် မင်းတို့စိုးစံပြီးခါမှ  နယ်ချဲ့တို့၏ ဘေးရန်ဆိုးများနှင့်  ကြုံခဲ့ရသည့်အတွက်   ပျက်စီးခဲ့ရုံမျှမက  ၁၃၀၆ ခုနှစ် တပို့တွဲလဆန်း ၁ ရက်တွင် မန္တလေးတောင်ခြေရှိ စံကျောင်းတော်ကြီး  မီးခခဲ့သည်။  ထိုနှစ်  တပေါင်းလကွယ်နေ့ တွင်  စလင်းတိုက်ကြီး မီးလောင်ခဲ့သည်။ ထိုနှစ်တန်ခူးလဆန်း ၂ ရက်နှင့် ၃ ရက် တို့တွင် အရှေ့ပြင်တိုက်ကြီး မီးလောင်ခဲ့ပြန်သည်။ ထိုနှစ် တန်ခူးလဆန်း ၅ ရက် တွင်  ရွှေနန်းတော်ကြီး  မီးလောင်ခဲ့ရပြန်သည်။

မန္တလေးမြို့၏   အထင်ကရကျောင်းတိုက်ကြီးများနှင့် ရွှေနန်းတော်ကြီး မီးဘေး အလီလီ ခခဲ့ရသည်ကို   မြို့သူမြို့သားများ ခံစား၍ပင် မရလောက်အောင်  ၀မ်းနည်း ပူဆွေးဖြစ်ရသော်လည်း   ဆုံးရှုံးမှုများကို ဖြေသိမ့်ရင်း အားမာန်များ မွေးကာ ပြန်လည် ထူထောင်ခြင်းများနှင့် တည်ဆောက်ခဲ့ကြ၍သာ ယခုမြင်တွေ့နေရသော ရှေးဟောင်း အမွေအနှစ်များနှင့် ဂုဏ်ကျက်သရေ ကြွယ်ခဲ့ရသည်ဟု ၀မ်းသာ ဂုဏ်ယူစရာအဖြစ် မြင်တွေ့နေ ရခြင်းဖြစ်သည်။

စာရေးသူ၏ ကြိုတင်လေ့လာမှုများအရ မန္တလေးမြို့၌ရှိသော သမိုင်းဝင် ရှေးဟောင်း သစ်သားကျောင်းကြီး လေးကျောင်းအနက် ပထမဦးစားပေးအနေဖြင့်   ရန်္တပိုရွာစားကျောင်းကြီးဟု ခေါ်သော ကြေးမြင်မိဖုရားကျောင်းသို့ သွားရန်နှင့် တစ်ရက်နှစ်ကျောင်းနှုန်းဖြင့် အေးအေးဆေးဆေး လေ့လာမှတ်သားရန် အစီအစဉ် ဆွဲလိုက်ပါသည်။

ကျောင်းတော်ကြီးက မန္တလေးမြို့၏ ကျက်သရေဆောင် ရွှေကျောင်းကြီးနှင့် မဝေးလှသော အရှေ့ပြင်   ၆၂ လမ်းရှိ ၀ိသုဒ္ဓါရာမ  ကျောင်းတိုက်ဝင်းထဲတွင်ရှိသည်။  မြင်တွေ့ရသော  မြင်ကွင်းအရ ရတနာပုံခေတ်လက်ရာ   ကျောင်းကြီးဟု ဆိုရမည်ဖြစ်သည်။   ကျောင်းဝင်းထဲ၌   ကြေးမြင်ကျောင်းဆိုသော   ဆိုင်းဘုတ် သေးသေးလေး  ချိတ်ဆွဲထားသည်မှအပ တခြားဘာမျှ အကြွားအ၀ါမရှိဘဲ ထည်ဝါနေသည်က    ရေနံဆီခိုး တက်နေသော    သစ်သားအိုခြေတံရှည် ကျောင်းကြီးကိုတွေ့ရသည်။ အမိုးက ဘုံပြာသာဒ်သုံးဆင့်နှင့် လှေကားနှစ်စင်းမှာ  ကျောင်းကြီးပေါ်သို့ မျက်နှာစာနှစ်ဖက်မှ တက်နိုင်သည့်သဘော ဖြစ်သည်။ တစ်ချိန်က မည်သို့ရှိသည်ကိုမသိသော်လည်း ယခုအခါ ဆိတ်ငြိမ်စွာ လူသူ ကင်းမဲ့ခြောက်သွေ့ခြင်းများဖြင့် ဧည့်သည် အလာကို  စောင့်နေဟန်အလား ထင်ရသည်။

လှေကားနှစ်စင်း၏အခြေ၌  ရေချမ်းစင်လေးတစ်ခုရှိပြီး လူပုဂ်္ဂိုလ်နှစ်ဦး၏ ကမ္ပည်း ကျောက်စာနှစ်ချပ်ကို   ထူးခြားစွာတွေ့ရ သည်။ ရေးထိုးထားသော စာကိုဖတ်မိလိုက် သောအခါ ကမ္ပည်းတစ်ချပ်စီ၌ မင်းတုန်းမင်းကြီးနှင့် ကျောင်းကြီးအလှူရှင် ကြေးမြင် မိဖုရားတို့၏ သားဖြစ်သူ သတိုးမင်းရဲကျော်ခေါင်၏ ကမ္ပည်းစာနှင့်  မင်းတုန်းမင်းကြီး၏ သမီးတော်   ထရံကာထိပ်ခေါင်တင်၏    ကမ္ပည်းစာတို့ဖြစ်သည်။ ထိုကဲ့သို့ ကျောင်း တော်ကြီး လှေကားခြေရင်း၌ ကွယ်လွန်သူများ၏     ကမ္ပည်းစာများ ရှိနေခြင်းမှာ မည်သည့် သဘောရှိသည်ကို မသိခဲ့ရသော်လည်း သက်ဆိုင်မှုကြောင့်သာ ဖြစ်နိုင်မည် ဟူသော အတွေးဖြင့်  မှတ်သားခဲ့ရသည်။    ကျောင်းကြီးအတွင်းပိုင်းကို ရောက်သော အခါ အမိုးမျက်နှာကြက်တွင် သစ်သားထွင်း ပွတ်လုံးများ၊   ခြူးပန်းခြူးနွယ်များဖြင့်   အလှဆင်ထားပြီး  ဘောင်ခတ်ထားသည်။ သေသပ်စွာ ရှိစေရန် ဤသို့ ဘောင်ခတ်ထား ဟန်နှင့် ခိုင်ခံ့မှုအတွက်လည်း ဘောင်ခတ် ထားခြင်းဖြစ်နိုင်သည်။

မန္တလေးမြို့ သမိုင်းဝင်စာပေများတွင် မှတ်သားရသည်က ကျောင်းကြီး၏ မူလအလှူရှင်မှာ ကြေးမြင်မိဖုရားဖြစ်၍ ကြေးမြင်ကျောင်းဟု အမည်တွင်ခဲ့သော်လည်း ဆင်ဖြူရှင် မိဖုရားက   မဟာဝိသုဒ္ဓါရာမ ကျောင်းတိုက်ထဲ၌   အလယ်ကျောင်းကြီး တစ်ဆောင်ကို  ထည်ဝါစွာ ဆောက်လုပ် လှူဒါန်းခဲ့သည်။ ကျောင်းကြီးကို သက္ကရာဇ် ၁၂၃၄   ခုနှစ်တွင် တည်ခဲ့ပြီး   ၁၂၅၃ ခုနှစ်တွင် မီးလောင်ခဲ့သဖြင့် ထိုအလယ်ကျောင်းကြီး ပျက်စီးခဲ့သည်။ ၁၂၃၇  ခုနှစ် တွင်  တည်ဆောက်သော ရန်္တပိုရွာစား၏  အရံကျောင်းကိုသာ တွေ့ရသည်ဟု ဆိုထားပြီး  ထိုအရံကျောင်းသည်ပင်  တိုင်လုံးကြီး   ၉၉    လုံးဖြင့်  ဆောက်လုပ်ထားသော ခြေတံရှည်ကျောင်းဖြစ်သည်။  နှစ်ပေါင်း ၄၀ ကျော်ကြာသောအခါ အိုဟောင်းသဖြင့် ရန်္တပိုရွာစားကြီးက   ပြုပြင်ခဲ့သည်ဟုဆို သည်။

ကျောင်းတော်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်များ ကင်းလွတ်ခဲ့၍သာ ယနေ့တိုင်   မြင်တွေ့နေရခြင်းဖြစ်သည်။  မည်သို့ပင်ဆိုစေ ကျောင်းတော်ကြီးအတွက် ထိုထက်ခိုင်မာ တိကျသော သမိုင်းကြောင်း ရှိနေမည်မှာလည်း သေချာနေသည်။

သက်တမ်း ၁၅၀ ခန့်ရှိသော ကျောင်းတော်ကြီးကို လေ့လာမိသမျှ ရှေးဟောင်းသမိုင်းဝင်   မြန်မာ့ယဉ်ကျေးမှု အနုစိတ် လက်ရာများဖြင့် မြင်တွေ့ရသည်။ ဤကဲ့သို့ သက်တမ်းရာကျော်  ကျောင်းဇရပ်များကို လေ့လာခွင့်ရသော စာရေးသူအဖို့ အလွန်ပင် ဂုဏ်တက်စရာဖြစ်ခဲ့ရသည်။ မန္တလေးမြို့သို့     သွားရောက်ခဲ့ရသော ခရီးစဉ်များစွာထဲမှ  ယခုခရီးစဉ်သည်  ထူးခြားသည့် ခရီးစဉ် ဖြစ်ပြီး မန်္တလေးမြို့၏ သမိုင်းစဉ်ကိုလည်း   တန်ဖိုးထား လေ့လာဖြစ်သွားသည်။ ထိုကဲ့သို့   ကျောင်းတော်ကြီးကို မြန်မာ့သမိုင်းအတွက် လည်းကောင်း၊  ယဉ်ကျေးမှု အတွက်လည်း ကောင်း ရေရှည်တည်တံ့ရန် ထိန်းသိမ်းသင့် ပါကြောင်း ရေးသားလိုက်ရပါသည်။          

 မြမဉ္ဇူဝေ(ကျုံမငေး)

Page 1 of 56