SJ WorldNews - шаблон joomla Авто

သဘာဝအလှတွေနဲ့ ပေါင်းစုံ စုစည်းထားတဲ့ ချပ်သင်း သဘာဝ ဘေးမဲ့တော

Wednesday, 16 August 2017 11:35 Written by  font size decrease font size decrease font size increase font size increase font size

စိမ်းလန်းစိုပြည်တဲ့   သစ်တောတွေ ဖုံးလွှမ်းနေပြီး ရေပြာကန် ပတ်ဝန်းကျင်က  ကျေးငှက်တွေရဲ့  ကျီကျီကျာကျာ နှုတ်ခွန်းဆက်သသံတွေက သဘာဝအလှတရားကို  ပိုမိုသက်ဝင်ပြည့်စုံစေပါတယ်။

ရှူရှိုက်လိုက်တိုင်း သင်းပျံ့လှတဲ့ပန်းမန်ရဲ့ ရနံ့က စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးလို့နေပါတယ်။ ဒါကတော့  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ်ကြားမှာရှိတဲ့   ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို စာရေးသူရောက်ရှိခဲ့စဉ်က ခံစားရမှုလေးဖြစ်ပါတယ်။

အဆိုပါ သဘာဝဘေးမဲ့တော တည်နေရာက စစ်ကိုင်းတိုင်းဒေသကြီး၏ အပူပိုင်းဇုန် အတွင်းမှာ ပါဝင်နေပေမယ့်လည်း စိမ်းလန်းစိုပြည်တဲ့ သဘာဝအလှတရားတွေ ရှိနေပြီး စိတ်ငြိမ်းချမ်းမှုပေးနိုင်တဲ့  ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

စေတီပုထိုးတွေက လက်ညှိုးထိုးမလွဲနိုင်အောင် ရှိနေပြီး ရှေးဘုရင်များ လက်ထက်ကယနေ့အထိ   သာသနာ ထွန်းကားပြန့်ပွားရာ ဒေသတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။  ဒီဒေသကိုရောက်ချိန်  ခဏတာ အခိုက်အတန့်မှာ   စေတီပုထိုးတွေကိုဖူးမြော်ရင်း  အပန်းဖြေအနားယူနိုင်မယ့် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။  ရှားပါးတိရစ္ဆာန်တွေရှိနေတဲ့    ဒီဘေးမဲ့တောကို အခုနောက်ပိုင်းနှစ်တွေမှာ ထိန်းသိမ်းစောင့်ရှောက်ရေး အပိုင်းတွေ   အထူးပြန်လည် ပြင်ဆင်လာတာကြောင့် သဘာဝဘေးမဲ့တောအဖြစ် နာမည်ပြန်လည်ကျော်ကြား လာနေပါတယ်။ ရပ်နီးရပ်ဝေးက ခရီးသွား ပြည်သူတွေကလည်း   ဒီနေရာလေးကို လာရောက်မှုများပြားပေမယ့် နိုင်ငံခြားခရီးသွား ဧည့်သည်တွေ ဝင်ရောက်မှု တိုးတက်လာစေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက     လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ချပ်သင်းဘေးမဲ့တောက အလွန်ကျယ်ပြန့်တဲ့ ဘေးမဲ့တောတစ်ခုဖြစ်ပြီး အဓိက ထင်ရှားတာကတော့ မြန်မာနိုင်ငံအတွင်းက ရှားပါးတိရစ္ဆာန်မျိုးစိတ်ဖြစ်တဲ့ ရွှေသမင်တွေ ကျက်စားနေထိုင်ရာ ဒေသတစ်ခုဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်အတွင်းက သမင်လိုက်မုဆိုးတွေကြောင့် ရွှေသမင်တွေ မျိုးသုဉ်း ပျောက်ကွယ်မှုမရှိစေဖို့    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနက အများပြည်သူတွေနဲ့  ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိ ချပ်သင်းသဘာဝဘေးမဲ့တော ဧရိယာအတွင်းမှာ ရွှေသမင်အကောင်ရေ ၂ဝဝ ကျော် ကျန်ရှိနေသေးတယ်လို့ သိရပြီး   ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ဖို့ လိုအပ်နေတာတော့ အမှန်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ ချပ်သင်းဘေးမဲ့တောကို ရောက်ဖို့   ကန့်ဘလူမြို့ကနေ  ချပ်သင်းရွာဘက်ကို လာခဲ့ပါတယ်။ ချပ်သင်းဘေးမဲ့တောက ချပ်သင်းကျေးရွာ အနောက်ဘက် နှစ်မိုင်အကွာမှာတည်ရှိပြီး ကောလင်းမြို့က လာမယ်ဆိုရင်တော့  ၁ဝ မိုင်ခန့်အကွာမှာ တည်ရှိနေပါတယ်။

မြို့နှစ်ခုကြားမှာတည်ရှိနေတာကြောင့်  ဒေသခံတောလိုက်မုဆိုးတွေက   ဘေးမဲ့တော အတွင်းက တိရစ္ဆာန်တွေကို သတ်ဖြတ်နေတာကို ထိန်းသိမ်းရ ခက်ခဲတဲ့ အခြေအနေတွေ ရှိဟန်တူပါတယ်။ ဒီဘေးမဲ့တောက တာဝန်ရှိသူတစ်ဦးက  ပြောပြရာမှာ ၁၉၉၅-၁၉၉၆ ခုနှစ်လောက်က နိုင်ငံတော်က မွေးမြူစောင့်ရှောက်ထားတဲ့    ရွှေသမင် အကောင်ရေ ၃ဝဝဝ လောက်ရှိနေခဲ့တယ်လို့ဆိုပါတယ်။ အခုချိန်မှာ အကောင်ရေ နှစ်ရာကျော်သာရှိတဲ့အတွက် ဘယ်လောက်အမဲလိုက် သတ်ဖြတ်ခံရတယ်ဆိုတာ သိသာစေပါတယ်။   ချပ်သင်းဘေးမဲ့တောမှာ ရွှေသမင်တစ်မျိုးတည်း မဟုတ်ဘဲ တောဝက်၊  တောကြောင်၊ ချေ၊ ကြောင်မြင်း၊ သစ်ကြောင် အပါအဝင်  နို့တိုက်သတ္တဝါ  ၃၆ဝ မျိုး၊ တွားသွားသတ္တဝါ ၃၆ဝ မျိုး၊ ငှက်မျိုးစိတ် ၁၂၃၅ မျိုးတို့ ကျင်လည် ကျက်စားတဲ့ဒေသဖြစ်တယ်လို့ မှတ်တမ်းများအရ သိခဲ့ရပါတယ်။ အခုမြင်တွေ့နေရချိန်မှာလည်း ငှက်အမျိုးပေါင်း စုံလင်လှပြီး  သဘာဝအတိုင်းကျက်စားနေထိုင်ပုံစံတွေက စိတ်ကြည်နူးစရာပင်ဖြစ်ပါတယ်။

ချပ်သင်းဘေးမဲ့တောက    ကြိုးဝိုင်း သစ်တောဖြစ်ပြီး ၆၆၂၇၃ ဧက ကျယ်ဝန်းပါတယ်။   အခုအခါမှာ  ခရီးသွားလုပ်ငန်း တိုးတက်ရေးနဲ့  သဘာဝသစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်မှုတွေ    ပိုမိုလုပ်ဆောင် လာတဲ့အတွက်  ချပ်သင်းဘေးမဲ့တောက ပြည်တွင်း ပြည်ပခရီးသွားတွေကြား နာမည်ရ ထင်ရှားစပြုလာနေပါပြီ။ ဒါပေမဲ့ တောလိုက်မုဆိုးတွေရဲ့  ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရတဲ့ရွှေသမင်တွေ    ရှိနေသေးတဲ့ အတွက်  ဒေသခံပြည်သူတွေအဖို့  စိုးရိမ်မကင်းဖြစ်နေပါတယ်။ ဒါကို ထိရောက်တဲ့ အရေးယူမှုမျိုး၊ တားမြစ်မှုမျိုးတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ချပ်သင်းဘေးမဲ့တောရဲ့ ဧရိယာအကျယ် အဝန်းက   ကန့်ဘလူမြို့နယ်အပိုင်းမှာ ၂၁၉ဝ၈ ဧက ပါဝင်နေသလို  ကောလင်းမြို့နယ် အပိုင်းမှာလည်း ၄၄၃၆၅ ဧက ပါဝင်နေပါတယ်။ မြန်မာနိုင်ငံအတွင်း သဘာဝ ထိန်းသိမ်းရေးနယ်မြေ သတ်မှတ်အကောင်အထည်ဖော်နေတဲ့  စီမံကိန်း ၃၃ ခုမှာ ချပ်သင်းဘေးမဲ့တောလည်း ပါဝင်နေပါတယ်။

ရှားပါးသစ်ပင်တွေလည်း ပေါက်ရောက်နေတာကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက   ထင်ရှားတဲ့နေရာတစ်ခုလို့ပင် ပြောလို့ရပါတယ်။ပထဝီအနေအထားအရ ချင်းပြည်နယ်နဲ့ ဆက်နွှယ်နေပြီး ဒီဒေသက တစ်ဆင့် ချင်းပြည်နယ်ကို ဆက်လက်သွားရောက် လေ့လာနိုင်ပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ပြည်တွင်းပြည်ပ ခရီးသွားတွေ မျက်စိကျနေတဲ့ဒေသတစ်ခုဖြစ်ပါတယ်။အရင်နှစ်တွေအတွင်းက  ချပ်သင်းဘေး မဲ့တောကို    ထိရောက်စွာ ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်းခဲ့ရပါတယ်။ ဒေသခံအများစုက တော့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး အမဲလိုက်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါတယ်။ ရိုးရာလက်မှု လုပ်ငန်းတွေလည်း ရှိနေပါသေးတယ်။

ခရီးသွားဧည့်သည်တွေအနေနဲ့ သဘာဝ အလှတရားတွေနဲ့ ရှားပါးတိရစ္ဆာန်တွေကို လေ့လာနိုင်ရုံသာမက ကျေးလက်နေပြည်သူတွေရဲ့ဓလေ့၊   နေထိုင်မှုပုံစံတွေကိုလည်း လေ့လာနိုင်ပါတယ်။   နိုင်ငံတော်အစိုးရ အနေနဲ့  ချပ်သင်းဘေးမဲ့တောကို အဆင့်မြှင့်တင်မှုတွေ     လုပ်ဆောင်ပေးနေပြီး သာယာလှပရေးအတွက်  ပန်းမန်တွေကို လည်း နှစ်စဉ်စိုက်ပျိုးနေတဲ့အတွက် ပန်းမျိုးစုံလင်စွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

 နိုင်ငံခြားခရီးသွား ဧည့်သည်တွေကရွှေသမင်တွေကို အဓိက လာရောက်လေ့လာကြပြီး သုတေသနပြုချက်တွေအရ ချပ်သင်းဘေးမဲ့တောရှိ  ရွှေသမင်တစ်ကောင်ဟာ သက်တမ်း နှစ် ၂ဝ လောက်ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၉ဝ ကနေ ၃ဝဝ လောက် ရှိနေကာ ရွှေသမင်တွေရဲ့ မိတ်လိုက်ရာသီမှာ နှစ်စဉ်ဖေဖော်ဝါရီလကနေ ဧပြီလ အတွင်းဖြစ်ပါတယ်။

ဒါကြောင့်  သာယာလှပတဲ့  ချပ်သင်းဘေးမဲ့တောလို သဘာဝအလှအပတရား ရှိနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ဂုဏ်ယူဝံ့ကြွားစရာဖြစ်ပါတယ်။ ဒီဂုဏ်ပုဒ်တွေ ထာဝရ တည်တံ့အောင် စစ်ကိုင်းတိုင်း ဒေသကြီးက ပြည်သူတွေအနေနဲ့ ဝိုင်းဝန်း စောင့်ရှောက်ရမှာ ဖြစ်သလို ကမ္ဘာ့ရှားပါးရွှေသမင်တွေနဲ့  တောတွင်းတိရစ္ဆာန်တွေကို အမဲလိုက်သတ်ဖြတ်ခြင်းက ရှောင်ရှားကြရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်က  တာဝန်ပေးအပ်ထားတဲ့  အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ရေးသားလိုက်ရပါတယ်။   

စိုးမိုး

Read 639 times
Rate this item
(0 votes)
Last modified on Thursday, 17 August 2017 08:48