Print this page

ကနေဒါ နိုင်ငံ၏ ဖက်ဒရယ် ပုံရိပ်

Sunday, 20 August 2017 11:18 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ မြန်မာနိုင်ငံ၌ ပြည်နယ်ခုနစ်ခုရှိရာ ခွဲထွက်ခွင့် ဆိုသော စကားလုံးမပါဘဲ အချင်းချင်း ယုံကြည်မှုရရှိအောင် မည်သို့လုပ်ဆောင် သင့်သည်ကို ဥပမာပေးလိုပါသလဲဟု မေးမြန်းခဲ့ရာ ''ကိုယ့်နိုင်ငံကို ကိုယ်သိအောင်လုပ်ပါ၊ မြန်မာနိုင်ငံသည် ကနေဒါနိုင်ငံနှင့် မတူပါ၊အလားတူ အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေး အတွက် ကြိုးပမ်းရာတွင် တပ်မတော်မပါရှိဘဲ နိုင်ငံရေးပါတီ လှုပ်ရှားမှုဖြင့်သာ လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသမိုင်း ဖြစ်စဉ်အရ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အလားတူ အမျိုးသား အဆင့်ပါဝင်မှု ကိစ္စရပ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ခွဲထွက်ခွင့်များ ဆွေးနွေးနေခြင်းတို့ မလိုအပ်ဘဲ မည်သို့စုစည်းနေထိုင်ကြမလဲ ဆိုသည်ကိုသာ ဆွေးနွေးသင့်သည်ဟု ပြောကြားသွားခဲ့သည်။

 

ထို့နောက် အော့တဝါတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ပါမောက္ခ ဒေါက်တာ Linda Cardinal က ''ကနေဒါနိုင်ငံ၏ ဘာသာစကားမူဝါဒ၏ အရေးပါမှု အကြောင်းကို လည်းကောင်း၊ Forum of Federations ဥက္ကဋ္ဌဟောင်း Mr.Guy Giorno က''ကနေဒါ နိုင်ငံတရားရုံး များ၏ အရေးပါမှု'' နှင့် ကနေဒါဝန်ကြီးချုပ်၏ ရုံးအဖွဲ့မှူးဟောင်း Mr. Benoit Pelletier က ''ကနေဒါနိုင်ငံ၏ အစိုးရအဖွဲ့ အစည်းအချင်းချင်း ကြားဆက်ဆံရေး'' ခေါင်းစဉ်များ ကိုလည်းကောင်း အသီးသီး ဆွေးနွေးကြသည်။တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စား လှယ်တို့က ပြည်နယ်များတွင် ကန့်သတ်ထားသော အချုပ်အခြာ အာဏာ သို့မဟုတ် Self-determination ရှိသည်ဟု ဆိုရာတွင် Federation သို့မဟုတ် Federal State နှင့် သွားမည်ဆိုပါက မည်သို့ ထင်မြင် ယူဆပါသလဲ ဟုမေးမြန်းရာ Mr.Pelletier က ပြည်နယ်များ၏ အချုပ်အခြာအာဏာ ရရှိမှုကို ပြောရလျှင် အချို့က ကိုယ်ပိုင် အုပ်ချုပ်ခွင့် (Autonomy) ရှိသည်ဟု ပြောနိုင်သလို နိုင်ငံ၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ကြီးမားသော လုပ်ပိုင်ခွင့်များ ရှိမည်ဆိုလျှင် Right to Selfdetermination ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည် ဟု ပြောနိုင်ကြောင်း၊ သို့သော် နိုင်ငံအတွင်း Internal Self-determination သာဖြစ်ကြောင်း၊ ကွီဘက်ပြည်နယ် အတွက် ကနေဒါနိုင်ငံ အတွင်း ပေးထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသည်ဟု ပြော၍ရကြောင်း၊ ကွီဘက်ပြည်နယ်သားများက Nation  ဟုခံယူချက်အပေါ် ကွီဘက်သည် သီးခြား ဝိသေသရှိကောင်းရှိမည်၊ သို့သော် ကနေဒါနိုင်ငံ အတွင်းမှာ ဆက်ရှိနေခြင်းသာ အကောင်းဆုံး ဖြစ်ကြောင်း၊ ကနေဒါသည် Nation တစ်ခုတည်းဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ မတူညီသော ကွဲပြားမှုများကို စုပေါင်း ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်ဟုဆိုပါသည်။

 

တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တို့ကလည်း Mr.Pelletier ကို လူကြီးမင်း အနေဖြင့် ကွီဘက်ပြည်နယ်သားဖြစ်ခြင်း နှင့် ကွီဘက်နိုင်ငံသားဖြစ်ခြင်းတွင် မည်သည်ကို နှစ်သက်ပါသလဲဟု မေးမြန်းပြန်ရာ Mr.Pelletierက မိမိအနေဖြင့် နှစ်မျိုးစလုံးဟု ပြော၍ရပါကြောင်း၊ ဒါကြောင့်လည်း ရှုပ်ထွေးပါကြောင်း၊ ကွီဘက်ပြည်နယ်တွင် ပြည်နယ်တစ်ခု၏ လုပ်ပိုင်ခွင့် အာဏာသာရှိသော်လည်း တစ်ချိန်တည်းတွင် Nation ဖြစ်သည်ဟူသော ကိုယ်ပိုင်ဝိသေသ Identity လည်း ရှိနေကြောင်း၊ အချို့က Nation ဟုခေါ်လျှင် အုပ်ချုပ်ခွင့် အပြည့်အဝ ရှိရမည်ဟု ယူဆကြောင်း၊ သို့သော် ကွီဘက်အတွက် အကောင်းဆုံးမှာ ကနေဒါနိုင်ငံဆိုသည့် ကြီးမားသော စီမံကိန်းတွင် ပါဝင်လှုပ်ရှား နေခြင်းသာ ဖြစ်ကြောင်း၊ ကနေဒါကိုလည်း ပြီးပြည့်စုံသည်ဟု မပြောလိုကြောင်း၊ မိမိအနေဖြင့် ကနေဒါနိုင်ငံ၌ ချို့ယွင်းချက် အပြစ်အနာအဆာများ ရှိနေသည့်တိုင် ယင်းအနာအဆာများ ဖြင့်ပင် အပြည့်အဝ လက်ခံထားသည်သာ ဖြစ်ကြောင်း ဖြေကြားလေသည်။

 

ဆွေးနွေးမှုများတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သည့် အတွက် မှတ်ချက်များပေးရန် တောင်းခံရာ အတိုင်ပင်ခံပုဂ္ဂိုလ်က လေ့လာရေး ခရီးစဉ်အတွက်  Forum of Federations ကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံတွင် ကြိုးပမ်းနေသည့် လုပ်ဆောင်ချက်များအတွက် အထောက်အကူများစွာ ရရှိစေပါကြောင်း၊ ကနေဒါနိုင်ငံသည်ပင်လျှင် ဖက်ဒရယ်နှင့် ပတ်သက်သည့် စိန်ခေါ်မှုများစွာ၊ မတူကွဲပြားမှု များစွာ၏ စိန်ခေါ်မှု များစွာကို ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရ၍ ဖက်ဒရယ်ကို ဦးတည်နေသော မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ လေ့လာရေး အဖွဲ့၏ မေးခွန်းများ ကလည်း ထိရောက်မှုရှိသည့် အတွက် အင်မတန် ဝမ်းသာပါကြောင်း၊ မိမိစိတ်တွင်ရှိသည့် သံသယများကို ဖွင့်ဟပြောဆိုခွင့် ရရှိခြင်းသည် အားလုံးအတွက် အကျိုးရှိခြင်း ဖြစ်ကြောင်း၊ နောက်ဆုံး Mr.Pettetier ပြောသွားသည့် ကနေဒါနိုင်ငံကို အပြစ်အနာအဆာများဖြင့် လက်ခံသည်ဟု ဆိုသောစကားမှာ နိုင်ငံတိုင်း အပေါ် မေတ္တာစေတနာထားသည့် စကားဖြစ်ကြောင်း၊ နိုင်ငံအပေါ် သစ္စာစောင့်သည် ဆိုသည်မှာ ဒါပဲဖြစ်ကြောင်း၊ ဘယ်နိုင်ငံမှ ခြောက်ပြစ်ကင်း သဲလဲစင် မဖြစ်နိုင်ကြောင်း၊ သို့သော် ဒီအပြစ် အနာအဆာများနဲ့ လက်ခံမယ် ဆိုသည့်စိတ် ထားရှိမှုမှာ မိမိဆွေမျိုး၊ မိတ်ဆွေ၊ သားသမီးကို အပြစ်အနာအဆာကင်းမှ လက်ခံနိုင်မယ် ဆိုတာ မဖြစ်နိုင်ကြောင်း၊ ပြဿနာဆိုတာ ရှိမှာသာဖြစ်ကြောင်း၊ ဒါတွေကို ရင်ဆိုင်မယ်၊ အတူကျော်လွှားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုတယ်ဆိုတာ သင်ကြားပေးလိုက်သလိုပါပဲလို့ ယူဆပါကြောင်း၊ နောက်နေ့တွေမှာလည်း ပိုသိရဖို့ရှိမယ်လို့ ယူဆပါကြောင်း၊ အထူးသဖြင့် Nation (နိုင်ငံ) နဲ့ Country (တိုင်းပြည်)မတူကြောင်း ပြောသွားသလို၊ ဘယ်လိုမတူတာလဲ ဆိုတာတော့ ဘာသာရပ်ကြီး တစ်ခုပင်ဖြစ်ကြောင်း၊ ဒီနှစ်ခုစလုံးကို ပေါင်းပြီး ပြည်ထောင်စုကြီးကို တည်ထောင်ရမှာဖြစ်ကြောင်း၊ မိမိတို့၏ ပြည်ထောင်စုသည် နိုင်ငံလည်းဖြစ်ရမည်၊ တိုင်းပြည်လည်းဖြစ်ရမည်၊ တိုင်းပြည်အတွင်း နေသည့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ပြည်နယ်များ အားလုံးသည် ပြည်ထောင်စု၏ အစိတ်အပိုင်းသာလျှင် ဖြစ်ရမည်၊ မိမိတို့ ကိုယ်တိုင်လည်း ကိုယ်တိုင်ကိုယ်ကျ ဂုဏ်သိက္ခာ အပြည့်အဝရှိသည့် အစိတ်အပိုင်းများ ဖြစ်ရမည်ဆိုတဲ့ ခံစားမှုလည်း ရှိရမည် ဖြစ်ကြောင်း၊ သို့သော် ယင်းအချက်သည် ကမ္ဘာတည်သရွေ့ အမြဲရင်ဆိုင်သွားရမည့် စိန်ခေါ်မှုဖြစ်ကြောင်း၊ အခြားနိုင်ငံများ၊ ဖက်ဒရယ် နိုင်ငံများတွင်လည်း စိန်ခေါ်မှုများ ရှိမြဲဖြစ်ကြောင်း မှတ်ချက်ပေးပါသည်။

 

ထိုနေ့ ဆွေးနွေးမှုများ အပြီးတွင် လေ့လာရေးအဖွဲ့ကို အော့တဝါမြို့တော် နှစ် ၁၅ဝ သက်တမ်း ရှိ ပါလီမန်အဆောက်အအုံ၊ စာကြည့်တိုက်များသို့ လေ့လာရေး ပို့ဆောင်ပေးသည်။ ကနေဒါပါလီမန် နှစ် ၁ဝဝ ပြည့်က ထွန်းညှိထားသည့် ရေပန်းဝိုင်းအတွင်းမှ မီးရှူး မီးတောက်ကိုလည်း တွေ့ရသလို ပါလီမန် ပရိဝုဏ်အတွင်း ပြည်သူလူထုများ ဝင်ရောက်ခွင့်၊ အပန်းဖြေခွင့်ပေးထားသဖြင့် အပန်းဖြေ လာကြသူ ဒေသခံများရော၊ ကမ္ဘာလှည့် ခရီးသွား ဖြူ၊ ဝါ၊ ညို မျိုးစုံကိုလည်းတွေ့ရသည်။ ပါလီမန် အဆောက်အအုံအတွင်း ကြိုတင် ခွင့်ပြုချက်ဖြင့် ဧည့်ကြို ကိုယ်စီလိုက်ပါလျက် လှည့်လည်ကြည့်ရှု လေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီး၊ ကမ္ဘာလှည့်ခရီးသည် အုပ်စု အမျိုးမျိုး၊ စနစ်တကျ စစ်ဆေး ကြပ်မတ်နေသော လုံခြုံရေး တာဝန်ကျများ၊ ညမိုးချုပ် သည့်တိုင် လှုပ်ရှားသွားလာ ဆွေးနွေးနေကြသည့် ပါလီမန် ဝန်ထမ်းများနှင့် အမတ်များ၊ ကျောက်ဆစ်၊ နံရံ၊ ပန်းတော့၊ ပန်းတမော့၊ ပန်းချီ၊ ပန်းပုလက်ရာမွန် များဖြင့် ခမ်းနား လှပသော ပါလီမန် အဆောက်အအုံ အတွင်း/အပြင် မြင်ကွင်းက ဆေးရောင်စုံ ခြယ်ထားသည့် အလား မြင်တွေ့ရပါသည်။

 

ထို့နောက် ပါလီမန်ထမင်းစားခန်းတွင် လေ့လာရေး အဖွဲ့အား ကနေဒါပါလီမန် အမတ်များ၊ မြန်မာမိတ်ဆွေများက ရင်းနှီးနွေးထွေးစွာ တည်ခင်းသော ရိုးရှင်းသည့် ညစာစားပွဲကို သုံးဆောင်ခဲ့ကြ၍ ဟိုတယ် Andaz သို့အစာကြေ၊ အညောင်းအညာပြေ၊ အော့တဝါမြို့တွင်း ရှုခင်းငေးမောရင်း လမ်းလျှောက်ပြန်ဖြစ်ကြသည်။ ဇွန် ၈ ရက် နံနက် ၉ နာရီမှ ၁၁ နာရီခွဲ အထိ တည်းခိုရာဟိုတယ် Andaz မှ ၁၅ မိနစ်ခန့် လမ်းလျှောက်ရောက်ရှိသော Novotel ဟိုတယ် အစည်းအဝေး ခန်းမ၌ ကနေဒါနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဟောင်း David Pratt ၏ "Civil Military Relations in Canada" အကြောင်း ဆွေးနွေးမှုနှင့် သိလိုသည့် မေးခွန်းများ မေးမြန်းကြသည်။ ကနေဒါနိုင်ငံ၏ ဖွဲ့စည်းပုံသည် ဗြိတိသျှပါလီမန်၏ ဆုံးဖြတ်ချက် နှင့် တည်ဆောက်ထားသဖြင့် ဥပဒေများသည် ဗြိတိသျှအငွေ့အသက် များစွာရှိနေကြောင်း၊ ကနေဒါနိုင်ငံ၏ မူဝါဒမှာ ငြိမ်းချမ်းရေး၊ ဥပဒေ စိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံ၏ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးတွင် အရပ်ဘက်က စစ်ဘက် ကို ထိန်းချုပ်သည့်ပုံစံ၊ စစ်ဘက်ကို အရပ်ဘက်က ထိန်းချုပ်ရာတွင် စိန်ခေါ်မှုများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များသည် ပမာဏ ကြီးမားရှုပ်ထွေး၍ ငြီးငွေ့ဖွယ်ရာနှင့် အချိန် ပေးရသော လုပ်ငန်းဆောင်တာ တစ်ခုအဖြစ် ရှုမြင်ခြင်း၊ ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများမှာ လျှို့ဝှက်အပ်သော အကြောင်းအရာများ ဖြစ်၍ သတင်းအချက်အလက်များ မည်သို့ဖြန့်ဝေရမည် ဆိုသည့် ကန့်သတ်ချက် ရှိခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့အစည်းများသည် ပြည်တွင်း ဥပဒေများ သာမက နိုင်ငံတကာ ဥပဒေများကိုလည်း သိရှိလိုက်နာရန် အရေးကြီးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူနှင့် တပ်မတော်အကြား ပေါင်းကူး တံတားသဖွယ် ဆက်စပ်ပေးနိုင်ရန် အရေးကြီးခြင်းတို့ ဖြစ်ကြောင်း၊ ကနေဒါ နိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးသည် များသောအားဖြင့် အရပ်သားဖြစ်ကြောင်း၊ လက်ရှိ ကာကွယ်ရေး ဝန်ကြီးသည် အရန်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် စစ်ဘက်အတွေ့ အကြုံရှိသူဟု ဆိုနိုင်ကြောင်း၊ ကာကွယ်ရေး ဒုတိယဝန်ကြီးသည်လည်း အရပ်သားများကို ခန့်ထားကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်တွင် အမြင့်ဆုံးဖြစ်ပြီး ဒုတိယဝန်ကြီးသည် ကာကွယ်ရေးဝန်ကြီးကို တာဝန်ခံရပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်လည်း ကာကွယ်ရေးဝန်ကြီး ကိုတာဝန်ခံရကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် ကနေဒါနိုင်ငံ တစ်နည်းအားဖြင့် ကနေဒါနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်ပင် ဖြစ်ကြောင်း၊ တစ်ချိန် တည်းတွင် အမေရိကန်ပြည်ထောင်စုနှင့် အတူ မြောက်အမေရိကတိုက် ကာကွယ်ရေး အတွက်လည်း တာဝန်ရှိကြောင်း၊ NATO အဖွဲ့ဝင်ဖြစ်၍ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန်များလည်း ပါဝင်ကြောင်း၊ ထို့ပြင် ကနေဒါအစိုးရ၏ သီးခြားပေးအပ်သော တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ အရေးကြီးသည့် တာဝန်တစ်ခုမှာ အရေးပေါ် အခြေအနေတွင် အရပ်ဘက် အုပ်ချုပ်ရေးအား အကူအညီပေးခြင်း (Aids to Civil Power) တာဝန်မျိုးကို သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင် အများ ဆုံးဆောင်ရွက်ပေးရကြောင်း၊ ၁၉၇၁ ခုနှစ် တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ခဲ့ရသည့် အခြေအနေမျိုး ရှိခဲ့ကြောင်း၊ ကွီဘက်ပြည်နယ် ခွဲထွက်ရေး လှုပ်ရှားမှုများ၏ နောက်ဆက်တွဲအဖြစ် ၄၊ ၅ လခန့် ထုတ်ပြန် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ကပင် ကနေဒါ အစိုးရအနေဖြင့် ၁ဝ နှစ်အတွင်း ပထမဆုံးအကြိမ် ကာကွယ်ရေး ဆိုင်ရာမူဝါဒ တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော်သားများ၏ ကျင့်ဝတ်သိက္ခာသည် ကနေဒါ စစ်မှုထမ်းများ အားလုံး လိုက်နာရန် လမ်းညွှန်ချက်များ ဖြစ်ကြောင်း၊ လူသားအားလုံး၏ ဂုဏ်သိက္ခာကို လေးစားရန်၊ မိမိကိုယ်ကျိုးထက် ကနေဒါအကျိုးကို ဦးစားပေးရန်၊ ဥပဒေနှင့် ညီသော အာဏာပိုင်များ၏ အမိန့်ကိုနာခံရန်၊ ရိုးသားဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊ သူရသတ္တိနှင့် ပြည့်စုံခြင်း၊ စွမ်းဆောင်ရည် မြင့်မားခြင်း ကိုယ်ရည်ကိုယ်သွေးများနှင့် ပြည့်စုံရန် အချက်များ ပါဝင်ကြောင်းနှင့် ကာကွယ်ရေး ဖွဲ့စည်းမှု လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်း ဆွေးနွေးပါသည်။

 

တပ်မတော် ကိုယ်စားလှယ် အဖွဲ့က ကနေဒါနိုင်ငံတွင် တပ်မတော် ဘယ်နှခုရှိသလဲ၊ ပြည်နယ်များ၌ ကိုယ်ပိုင် တပ်မတော်ထားရှိ ဆောင်ရွက်ခြင်းမျိုး ရှိပါသလား၊ ရှိရင် ပြည်နယ်အစိုးရ ရဲ့အုပ်ချုပ်မှု အောက်မှာ ထားသလား၊ တပ်မတော် တစ်ခုတည်းကပဲ ကွပ်ကဲသလား၊ ဖက်ဒရယ်နိုင်ငံများ၌ ပြည်နယ်အလိုက် တပ်မတော်များ သီးခြားစီထားရှိပါသလား သိလိုကြောင်း မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးဟောင်းက ကနေဒါနိုင်ငံတွင် တပ်မတော် တစ်ခုတည်းသာရှိကြောင်း၊ ကနေဒါ တပ်မတော်တွင် ကာကွယ်ရေးဝန်ကြီးတစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦး တို့ဖြင့် ကွပ်ကဲကြောင်း၊ ပြည်နယ်များအားလုံး တွင် တပ်များဖြန့်ခွဲထားရှိကြောင်း၊ မည်သည့် ပြည်ထောင်စုမဆို တပ်မတော် တစ်ခုတည်းသာလျှင် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်က မြန်မာနိုင်ငံသည် ပဋိပက္ခအလွန် Federal နိုင်ငံအဖြစ် ထူထောင်သည့်ပုံစံ ဖြစ်ကြောင်း၊ NCA စာချုပ်၌လည်း ပြန်လည် ပေါင်းစည်းခြင်း (SSR/DDR) အနေဖြင့် သဘောတူခဲ့ကြကြောင်း၊ တစ်ခုတည်းသော တပ်မတော် ထားရှိခြင်းကို မူအားဖြင့် သဘောတူထားပြီးလည်း ဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံညီလာခံ တွင် လုံခြုံရေးကဏ္ဍသည် ဆွေးနွေးမှုများတွင် အခက်ခဲဆုံး ဖြစ်ကြောင်း၊ အကောင်းမွန်ဆုံး Federal နိုင်ငံဖြစ်လာစေရန် မည်သည့် စံနှုန်း သတ်မှတ်ချက်များ ထားရှိရန် လိုအပ်သည်ကို သိလိုကြောင်း မေးမြန်းသည်။ Mr.Pratt က ကမ္ဘာအရပ်ရပ်ရှိ တပ်မတော်များ ထူထောင်ခဲ့သည့် ဥပဒေများကို ကြည့်သင့်ပါကြောင်း၊ ထိုသို့ လေ့လာခြင်းဖြင့် မိမိတို့တွင် မည်သည့် သဘောတရားများ ထည့်သွင်းသင့်သည်ကို သိမြင်လာနိုင်ကြောင်း၊ ဒုတိယအချက်မှာ မူဝါဒများ ရှိဖို့လိုကြောင်း၊ တပ်မတော်၏ တာဝန်နှင့် ဦးစားပေး လုပ်ငန်းစဉ်များ ကို သတ်မှတ်ထားရှိရန်၊ ချမှတ်သည့် မူဝါဒ များကို အရပ်ဘက် အဖွဲ့အစည်းများက လက်ခံရန် လိုကြောင်း၊ အနှစ်ချုပ်အားဖြင့် ဥပဒေ အခြေခံနှင့် မူဝါဒ အခြေခံနှစ်ခုမှာ အဓိက ကျကြောင်း ဖြေကြားပါသည်။

 

တပ်မတော် ကိုယ်စားလှယ်အဖွဲ့က မြန်မာ့ တပ်မတော်၏ ဆောင်ရွက်ချက် အားလုံးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက်ဖြစ်ပြီး ဆောင်ရွက်ချက်များ အားလုံးကို စစ်ဘက်/နယ်ဘက်/နိုင်ငံတကာ ဥပဒေဘောင်များ အတွင်းမှ လိုက်နာ ဆောင်ရွက်လျက် ရှိကြောင်း၊ ဥပဒေချိုးဖောက်မှုများကိုလည်း တိတိကျကျ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်၏ အစဉ်အလာကောင်းများတွင် စစ်သည်တိုင်း လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ခြောက်ဆယ်ကို သတ်မှတ်ပြဋ္ဌာန်း ထားပါကြောင်း၊ ခေါင်းစဉ် ၆ ခု၊ အချက် ၆ဝ ပါရှိကြောင်း၊ ဒုတိယအချက် အနေဖြင့် စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး တွင် စစ်ဘက်ကို အရပ်ဘက်က ထိန်းချုပ်ရေး အတွက် စစ်ဘက်နှင့် ပတ်သက်သည့် အရပ်ဘက်ဆိုင်ရာ ဌာနများ၊ နိုင်ငံရေးဆောင်ရွက်သူများ အနေဖြင့် အမျိုးသား လုံခြုံရေးဆိုင်ရာ မဟာဗျူဟာအမြင်၊ အဂ္ဂမဟာ ဗျူဟာ အဆင့်အထိ အမြင်များရှိရန် လိုအပ်သည်ဟု ယူဆကြောင်း၊ ဥပမာအားဖြင့် ကနေဒါ နိုင်ငံကဲ့သို့ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရင့်ကျက်၊ အလေ့အကျင့်ရှိပြီး နိုင်ငံမှာပင်လျှင် ဗျူဟာ အဆင့်အထိ အမြင်များ ရှိရန် လိုအပ်သည်ဟု ယူဆကြောင်း၊ ဥပမာအားဖြင့် ကနေဒါ နိုင်ငံကဲ့သို့ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရင့်ကျက်၊ အလေ့အကျင့်ရှိပြီး နိုင်ငံမှာပင်လျှင် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရပါကြောင်း ဆွေးနွေးပါသည်။

 

ကာကွယ်ရေးဝန်ကြီးဟောင်း Mr.Pratt က အဂ္ဂမဟာဗျူဟာ အမြင် ဟူသော အချက်ကို ထည့်သွင်း ဆွေးနွေးခဲ့သည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ အလွန်ကောင်းမွန်သည့် ယူဆချက် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံတိုင်းတွင် ထိုကဲ့သို့ မဟာဗျူဟာအမြင်မျိုး ရှိလည်းရှိသင့်ပါကြောင်း၊ မိမိတို့အနာဂတ် အလားအလာများ အတွက် အဆိုပါ အချက်သည် နိုင်ငံ့စွမ်းအားများနှင့်လည်း သက်ဆိုင်မှု ရှိလာနိုင်ကြောင်း၊ ဒုတိယအချက် အနေဖြင့် တပ်မတော်သားများ၏ ကျင့်ဝတ်များကို တိကျစွာ သတ်မှတ်ထားသည့်အတွက် ချီးကျူးမိပါကြောင်း၊ လူမျိုးပေါင်းစုံပါဝင်သည့် အတွက် ကနေဒါတပ်မတော်တွင် အားနည်းချက်များ ရှိခဲ့ကြောင်း၊ ပြည်သူများအား ကာကွယ်ပေးနေသည့် တပ်မတော်သည် ပြည်သူတွေကို ကိုယ်စားပြုမှု မရှိဟူသော အယူအဆကို ပြောင်းလဲရန် နှစ်ပေါင်းများစွာ ကြိုးစား နေရကြောင်း၊ National Institution ဖြစ်သည့် အမျိုးသား တပ်မတော်အား နိုင်ငံအတွက်မရှိမဖြစ် လိုအပ်သော Institution အဖြစ် ရှုမြင်နိုင်ရန် အရာရှိအဆင့် သာမက တပ်သား အဆင့်ထိ ကြည့်လိုက်သည်နှင့် ပြည်သူလူထုက လေးစားအားကျစေရန် လုပ်ဆောင်ဖို့ လိုသည်ဟု ပြန်လည်ဆွေးနွေးပါသည်။

 

ဆက်လက်ဖော်ပြပါမည်။

 

မောင်ခြိမ့်

 

 

Read 566 times
Rate this item
(0 votes)
Last modified on Sunday, 20 August 2017 11:22
ရွှေတည်

Latest from ရွှေတည်