SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြန်မာ့ ပြေးခုန်ပစ် အားကစား

Wednesday, 23 August 2017 08:21 Written by  font size decrease font size decrease font size increase font size increase font size

ပြေးခုန်ပစ် အားကစားနည်းသည် အားကစား ကဏ္ဍတစ်ခုလုံး၏ အဓိကအဖြစ် နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် မပါမဖြစ် ပါဝင်ရသည့် အားကစားနည်း ဖြစ်သည်။ ထိုသို့ အဓိက အားကစားနည်း ဖြစ်ရသည်မှာလည်း ခရစ်တော် မပေါ်မီ ဘီစီ-၇၇၆ ခုနှစ်ခန့် ကတည်းက   အားကစားနည်းများ စတင်ပေါက်ဖွားလာရာ ရှေးဟောင်းဂရိနှင့် အေသင်မြို့ပြ နိုင်ငံတို့၏ အိုလံပစ် အားကစား ပြိုင်ပွဲများမှ စတင်၍ ပြေးခုန်ပစ် ပြိုင်ပွဲများ ပါဝင်လာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုအချိန်ကာလက အားကစားပြိုင်ပွဲ အမျိုးအစား   ငါးမျိုးသတ်မှတ် ခဲ့ရာတွင် အပြေးပြိုင်ပွဲ၊ မြင်းရထားပြိုင်ပွဲ၊ သံပြားဝိုင်းပစ် ပြိုင်ပွဲ၊ အမြင့်ခုန် ပြိုင်ပွဲနှင့် သံချပ်ကာဝတ် အပြေးပြိုင်ပွဲ ဟူ၍ဖြစ်ရာ ပြေးခုန်ပစ်နှင့် သက်ဆိုင်သော အားကစားနည်း လေးမျိုး ပါဝင်နေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း ပြေးခုန်ပစ် အားကစား နည်းသည် အားကစား သမိုင်း၏ အစဦးဆုံး အားကစားနည်း တစ်ခုပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ပြေးခုန်ပစ် အားကစားနည်း၏ ဆောင်ပုဒ်ကို ''မြန်မြန်ပြေး၊ ဝေးဝေးပစ်၊ မြင့်မြင့်ခုန်''ဟု သတ်မှတ်ထားရာ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ သက်လုံကောင်းမှု၊ သွက်လက်လျင်မြန် ပေါ့ပါးမှု၊ ဇွဲလုံ့လ၊ စိတ်ဓာတ် ကြံ့ခိုင်မှုတို့ အထူးလိုအပ်သော အားကစားနည်း တစ်ခုဖြစ်သည်။ အားကစား ပြိုင်ပွဲများတွင်လည်း ပြေးခုန်ပစ် အားကစားနည်းကို ရွှေတံဆိပ် ၄၆ ခုခန့် အမြဲချီးမြှင့်လေ့ ရှိရာ နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရန် အတွက် အခွင့်အလမ်း အများဆုံး အားကစားနည်းလည်း ဖြစ်လေသည်။

မြန်မာနိုင်ငံ၏ ပြေးခုန်ပစ် သမိုင်းကို ပြန်လည်လေ့လာ ကြည့်ရာတွင် လွတ်လပ်ရေး မရမီ ကာလကတည်းက အဖွဲ့ချုပ် ဖွဲ့စည်း၍ လှုပ်ရှားဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရသည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ပထမဦးဆုံး မြန်မာ့အားကစား အသင်းကြီးအဖြစ် မြန်မာပြည် အိုလံပစ် အသင်းကြီးကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (International Olympic Committe) (IOC)နှင့် ဆက်သွယ်မှုရခဲ့ပြီး IOC အဖွဲ့ဝင် နိုင်ငံဖြစ်လာသည်။ ထိုအချိန်က အလေးမ အဖွဲ့ချုပ်လည်း ဖွဲ့စည်းပြီးဖြစ်ရာ မြန်မာပြည် အလေးမ အဖွဲ့ချုပ်နှင့် မြန်မာပြည် ပြေးခုန်ပစ် အဖွဲ့ချုပ် တို့ကို IOC က အသိအမှတ် ပြုခဲ့သဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၈ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ဧည့်ခံပွဲ ပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ အာဏာပိုင်တို့ တက်ရောက်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၈ ရက်သည် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်၏ မွေးနေ့ပင် ဖြစ်တော့သည်။ အဖွဲ့ချုပ် ဥက္ကဋ္ဌများ အဖြစ် ဗိုလ်မှူးကြီးမင်းစိန်၊ ဗိုလ်မှူးကြီးထင်ကျော်၊ ဗိုလ်မှူးကြီးလှအောင်၊ ဗိုလ်မှူးကြီးစိုင်းလုံ၊ ဒုတိယဗိုလ်မှူးကြီး သန်းဌေး(လေ)၊ ဗိုလ်မှူးကြီး ကြီးမြင့် (၁၉၇၅ မှ ၁၉၈၁ ထိ)၊ ဒုတိယဗိုလ်မှူးကြီး ခင်မောင်သောင်း (၁၉၈၁ မှ ၁၉၈၆ ထိ)၊ ဦးအေးကိုကို (ဆောက်လုပ်ရေး)(၁၉၈၆ မှ ၁၉၉၃ ထိ)၊ ဗိုလ်မှူးကြီးဝင်းလွင် (မီးသတ် ဦးစီးဌာန) (၁၉၉၃ မှ ၁၉၉၅ ထိ)၊ ဗိုလ်မှူးချုပ်ကျော်တင့် (၁၉၉၅ မှ ၁၉၉၆ ထိ)၊ ဒုတိယ ဗိုလ်မှူးကြီး အုန်းမောင်မောင်(လေ) (၁၉၉၆မှ ၂ဝဝဝ ထိ)၊ ဗိုလ်မှူးကြီးမြင့်ထွန်း (မီးသတ်ဦးစီး ဌာန) (၂ဝဝဝ မှ ၂ဝဝ၃ထိ)၊ ဦးတေဇ (ထူးထရေးဒင်း ကုမ္ပဏီ) (၂ဝဝ၄ မှ ၂ဝ၁၃ထိ) အသီးသီး တာဝန်ယူခဲ့ ကြသည်။ အတွင်းရေးမှူး အဖြစ် မစ္စတာပေါလ်ချန်၊ ဦးဒယ်နီဟုတ်စိန် (အား/ကာ)၊ ဦးဟင်နရီဘိုးစော၊ ဦးသန်းဝင်း (ပညာရေး)၊ ဦးကျော်ဟန်၊ ဗိုလ်မှူးကြီး ကြည်မောင်(လေ)၊ ဗိုလ်မှူးခင်မောင်ထိန်၊ ဗိုလ်မှူးထိန်လင်း၊ ဦးကျော်ခင် (အား/ကာ)၊ ဦးစောရန်နီ (အား/ကာ)၊ ဦးမြသန်းထိုက် (အား/ကာ)၊ ဦးအေးစံ (အား/ကာ)၊ ဦးကျော်ခင် (အား/ကာ)၊ ဦးမြသန်း(အား/ကာ)တို့က အသီးသီး တာဝန်ထမ်းဆောင် ခဲ့ကြသည်။ ပြေးခုန်ပစ် အားကစားနည်းသည် အရှေ့တောင် အာရှနှင့် အာရှအားကစား ပြိုင်ပွဲများတွင်  မြန်မာ့အားကစား လောကအပေါ် အချိန်အတော်ကြာ လွှမ်းမိုးနိုင်ခဲ့သည်ကို တွေ့ရသည်။  ၁၉၅၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ရရှိခဲ့သည့် ရွှေတံဆိပ်များနှင့် ဆုတံဆိပ်များအနက် ပြေးခုန်ပစ် အားကစားနည်းက  အများဆုံး ရယူပေးနိုင် ခဲ့သည်ကို တွေ့ရပေသည်။

၁၉၈၃ ခုနှစ် နောက်ပိုင်းနှစ်များတွင် ဆုတံဆိပ်များ ရရှိမှု နည်းပါးသွားခဲ့ပြီး ၁၉၉၇၊ ၁၉၉၉၊ ၂ဝဝ၃၊၂ဝဝ၇၊၂ဝ၁၁နှင့်၂ဝ၁၅ ခုနှစ် ပြိုင်ပွဲများတွင် ရွှေတံဆိပ်နှင့် ကင်းဝေးခဲ့ရသဖြင့် ထိုအချိန်များက မြန်မာ့ပြေးခုန်ပစ် အဆင့်နိမ့်ကျ ခဲ့သည်ဟု ဆိုနိုင်ပေသည်။ အာရှအားကစား ပြိုင်ပွဲများ အနေဖြင့်လည်း ၁၉၅၈ခုနှစ် တတိယ အကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ (တိုကျို)၌ မြီတုန်းနော်က မာရသွန် ပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ခုနှင့် မြင့်မြင့်အေးက  အမြင့်ခုန် ငွေတံဆိပ် တစ်ခုတို့ကို ရယူပေးနိုင်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် (၆)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲ (ဗန်ကောက်)၌ ဂျင်မီက မီတာ ၈ဝဝ တွင် ရွှေတံဆိပ် တစ်ခုကိုလည်းကောင်း၊ ၁၉၇၈ ခုနှစ် (၈)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ (ဗန်ကောက်)၌ ရောဘတ်က မီတာ ၁ဝဝဝ တွင် ငွေတံဆိပ်တစ်ခု၊ ကိုကိုက မီတာ ၁ဝဝဝဝ တွင် ကြေးတံဆိပ် တစ်ခုကိုလည်းကောင်း၊ ၁၉၉ဝ ပြည့်နှစ် (၁၁)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ (ပီကင်း)၌ ခင်ခင်ထွေးက မီတာ ၁၅ဝဝ တွင် ကြေးတံဆိပ် တစ်ခုကိုလည်းကောင်း ရယူပေးနိုင် ခဲ့ကြသည်။ နောက်ပိုင်းကာလ များတွင်မူ အာရှပြိုင်ပွဲများမှ ပြေးခုန်ပစ်က ဆုတံဆိပ် ရယူပေးနိုင်ခြင်း မရှိတော့သည်ကို တွေ့ရပါသည်။ မြန်မာ့ပြေးခုန်ပစ် အားကစားနည်းမှ ထူးချွန် အားကစား သမားများကို   တင်ပြရလျှင် မြန်မာ့ပြေးခုန်ပစ် မယ်များဖြစ်သည့် ခင်ခင်ထွေးနှင့် မာမာမင်း တို့သည်  ကမ္ဘာ့အိုလံပစ် အားကစား ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့်  အားကစား သမားများဖြစ်ကြသည်။ အာရှအားကစား ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ဂျင်မီသည် မီတာ ၈ဝဝ အပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် ဂျနီဖာတင်လေးက ပြေးခုန်ပစ်မှ ရွှေတံဆိပ် ၁၅ ခု၊ ဘော်လီဘောမှ  ရွှေတံဆိပ် တစ်ခုရယူ ပေးနိုင်ခဲ့သည်။ ခင်ခင်ထွေးက ပြေးခုန်ပစ်မှ ရွှေတံဆိပ် ၁၂ ခု၊ ဂျင်မီက ရွှေတံဆိပ် ၁၂ ခု၊ သန်းသန်းက ရွှေတံဆိပ် ၁၂ ခု၊ မာမာမင်းက ရွှေတံဆိပ် ကိုးခု အသီးသီး ရယူပေးနိုင် ခဲ့ကြသည်။ ၁၉၉၃ ခုနှစ်မှစ၍ ပြေးခုန်ပစ် အဆင့်အတန်း နိမ့်ကျခဲ့ရပြီး နောက်ပိုင်းပြန်လည် ဦးမော့လာအောင် ဆောင်ရွက်ကြရာတွင် ၂ဝဝ၅ ခုနှစ် ဖိလစ်ပိုင် ဆီးဂိမ်း၌ အထိုက်အလျောက် ပြန်လည်အောင်မြင် လာခဲ့သည်ကို တွေ့ရသည်။ ယင်းပြိုင်ပွဲတွင် ပြေးခုန်ပစ်မှ ရွှေတံဆိပ်လေးခု ပြန်လည် ရယူနိုင်ခဲ့ရာ မီတာ ၁၅ဝဝ တွင် အောင်သီဟက လည်းကောင်း၊ မီတာ၂ဝဝ တွင် ကေခိုင်လွင်က လည်းကောင်း၊ မီတာ ၄ဝဝ တွင် ယဉ်ယဉ်ခိုင်က လည်းကောင်း၊ အမျိုးသမီး မီတာ ၄ဝဝ လက်ဆင့်ကမ်းတွင် ယဉ်ယဉ်ခိုင်၊ ကေခိုင်လွင်၊ မြင့်မြင့်အေး၊ လဲ့လဲ့ဝင်းတို့ အတွဲကလည်းကောင်း ရွှေတံဆိပ် တစ်ခုစီ နိုင်ငံတော် အတွက် ရယူပေးနိုင် ခဲ့ကြသည်။ မြန်မာ့ပြေးခုန်ပစ် အားကစားနည်းကို လေ့လာကြည့်ရာတွင် တာလတ်နှင့်တာဝေး အပြေးပြိုင်ပွဲများတွင် ပိုမိုအားသန်ခဲ့ပြီး တာတိုဖြစ်သည့် မီတာ ၁ဝဝ ၊ မီတာ၂ဝဝ၊ တန်းကျော်၊ အပစ်နှင့် အခုန်ပြိုင်ပွဲများတွင် အားနည်းခဲ့သည်ကို တွေ့ရပါသည်။ အမျိုးသမီး ပြိုင်ပွဲများတွင် သံလုံးပစ်၊ သံပြားပစ်၊ တာလတ် အပြေးဖြစ်သည့် မီတာ ၄ဝဝ၊ မီတာ ၈ဝဝ၊ တာဝေး အပြေးဖြစ်သည့် မီတာ ၁၅ဝဝ၊ မာရသွန်နှင့် လမ်းလျှောက်ပြိုင်ပွဲ များတွင် အားသန်ကြသည်ကို တွေ့ရသည်။ ထူးခြားချက် တစ်ခုမှာ ပြေးခုန်ပစ် အားကစားနည်းတွင်   အမျိုးသား အားကစား မောင်များထက် အမျိုးသမီး အားကစားမယ်များက ပိုမိုစွမ်းဆောင် နိုင်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း ပြေးခုန်ပစ် အားကစားနည်းသည် အားကစား ပြိုင်ပွဲကြီး တစ်ခုတွင် ဆုတံဆိပ်ပေါင်း ၄၆ ခုခန့်ဖြင့် ဆုတံဆိပ် အများဆုံး ချီးမြှင့်သည့် အားကစားနည်းဖြစ်ရာ ပြေးခုန်ပစ် အားသန်သည်နှင့်အမျှ    နိုင်ငံ၏ အားကစား အဆင့်အတန်း သည်လည်း မြင့်တက်လာမည် သာဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြေးခုန်ပစ် အားကစားနည်းကို တိုးတက်မြင့်မားလာအောင်  အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်လှပေသည်။ အထူးသဖြင့် ပြေးခုန်ပစ် မျိုးဆက်သစ်များ များများ မွေးထုတ်ပေးနိုင်အောင် စီမံပေးရပါမည်။ ရပ်ကွက်/ကျေးရွာပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲများ၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့်ပြည်နယ် အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲများ၊ တက္ကသိုလ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲများ၊ တပ်မတော် (ကြည်း/ရေ/လေ) ပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးပြီး ထူးချွန်အားကစား သမားလူငယ်များကို မွေးထုတ်ရမည်။ အထူးသဖြင့်  ကျောင်းသား အားကစား ပြိုင်ပွဲများကို နှစ်နှစ်တစ်ကြိမ်၊ အမျိုးသား အားကစား ပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် မှန်မှန်ကျင်းပပြီး အားကစားနှင့် ပညာရေး လက်တွေ့ကျကျ ပေါင်းစပ် လေ့ကျင့်နိုင်အောင် စီမံပေးသင့်သည်။ အထက်တန်း ကျောင်းများတွင် ကာယနည်းပြ ဆရာများ ခန့်ထားရေးနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းနှင့်ပြည်နယ် အဆင့်တို့တွင် နည်းစနစ်မှူးများ ခန့်ထားရေးတို့ကို အလေးထားသင့်သည်။ နည်းပြကောင်းမှ အားကစား သမားကောင်းများ ပေါ်ထွက်လာမည် ဖြစ်သည်။ အရည်အချင်း အထိုက်အလျောက် ရှိသည့် အားကစား လူငယ်များ ရရှိလာသည့်အခါ ၎င်းတို့ကို စုစည်း၍ စနစ်တကျ လေ့ကျင့်နိုင်အောင် အားကစားကွင်း၊ အားကစားရုံ၊ အားကစား ပစ္စည်းများကို  ပြည့်စုံအောင် စီမံပေးသင့်သည်။ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းများတွင်  အားကစားကွင်း တစ်ကွင်းစီ၊ အထက်တန်းအဆင့် ကျောင်းတိုင်းတွင် အားကစားကွင်းနှင့် အားကစားရုံ တစ်ခုစီ၊ တက္ကသိုလ် အဆင့်တွင် အားကစားကွင်း နှစ်ကွင်းနှင့် အားကစားရုံ နှစ်ရုံစီ အသီးသီး ဆောက်လုပ်ပေးသင့်သည်။ တက္ကသိုလ် အဆင့်တွင် ရေကူးကန်ပါ ပူးတွဲပါရှိ သင့်သည်။ ထိုင်းနိုင်ငံသို့ ရောက်သည့်အခါ ဂရုပြု လေ့လာကြည့်လျှင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းများတွင် အားကစားကွင်း/ရုံများ ပြည့်စုံစွာ ထားရှိပြီး တက္ကသိုလ်တိုင်းတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံများ၊ ရေကူးကန်များ ဆောက်လုပ်ပေးထား သည်ကို တွေ့မြင်နိုင်သည်။ ဆီးဂိမ်း ပြိုင်ပွဲများကို အဆိုပါ တက္ကသိုလ်များရှိ နိုင်ငံတကာအဆင့် ကွင်း/ရုံများတွင်သာ ကျင်းပလေ့ ရှိသည်ကိုလည်း တွေ့ရှိရသည်။ ထို့ကြောင့်လည်း  အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ အနေဖြင့် အားကစားနည်း အတော်များများတွင် ထိပ်တန်းအဆင့် ရောက်ရှိနေသည်မှာ မဆန်းလှဟု ဆိုချင်သည်။ မြန်မာ့ဘောလုံး တိုးတက်ရေးအတွက် ဘောလုံး အကယ်ဒမီများ ဖွင့်လှစ် သင်ကြားပေးနေခြင်းကို များစွာကြိုဆိုသည်။ အားကစားသည် အလွယ်တကူ နေ့ချင်း ညချင်း တိုးတက်လာနိုင်သည် မဟုတ်သဖြင့် ငယ်ရွယ်စဉ် ကာလမှစ၍ စနစ်တကျ လေ့ကျင့် သင်ကြားပေးရန် လိုအပ် သည်ဖြစ်ရာ ဘောလုံးအကယ်ဒမီ ကျောင်းများ ဖွင့်လှစ်ခြင်းမှာ ဘောလုံး တိုးတက်ရေး အတွက် အဓိက ထွက်ပေါက်ပင် ဖြစ်ပါသည်။ ထို့အတူ ပြေးခုန်ပစ် အကယ်ဒမီ မျိုးကိုလည်း ထည့်သွင်းစဉ်းစားပြီး ရန်ကုန်နှင့် မန္တလေးလို မြို့ကြီးတို့တွင် စတင်စမ်းသပ် သင့်ပြီဟု ဆိုချင်သည်။ အားကစားနှင့် ကာယပညာသိပ္ပံ (အား/ကာသိပ္ပံ)ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်နှင့် မုံရွာမြို့တို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သဖြင့် အားကစား သမားကောင်းများ ထွက်ပေါ်လာရေး အတွက် မျှော်လင့်နိုင်ပြီဖြစ်သည်။ 

သို့သော် နိုင်ငံတွင် အဆင့်အမြင့်ဆုံး အားကစားကျောင်း ဖြစ်သည့် အားကစား တက္ကသိုလ် ပေါ်ပေါက်လာရေးမှာ ဟုတ်မလိုလိုနှင့် အဖျားရှူးပြီး အလှမ်းဝေးနေ သေးသည်ကို တွေ့ရသဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။ အာဆီယံ နိုင်ငံများထဲမှ ကြည့်လျှင် ထိုင်းနိုင်ငံတွင် The University Sports Board of Thailand ဖွဲ့စည်း၍ တက္ကသိုလ်တိုင်းတွင် အားကစား နည်းများခွဲ၍ သင်ကြားပေးနေသည်။ ဗီယက်နမ် နိုင်ငံတွင် အားကစား တက္ကသိုလ် နှစ်ခုနှင့် ကောလိပ်တစ်ခုရှိသည်။ အခြားအာဆီယံ နိုင်ငံများတွင်လည်း တက္ကသိုလ်များနှင့် တွဲဖက်၍ Sports Council များ ဖွဲ့စည်းပြီး သင်ကြားလေ့ကျင့် ပေးနေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ တွင်လည်း အားကစား တိုးတက်ရေး၊ ပြေးခုန်ပစ် မြင့်မားရေးအတွက် အားကစား တက္ကသိုလ် တစ်ခု အမှန်တကယ် ထားရှိသင့်သည်ဟု ဆိုချင်သည်။ နိဂုံးချုပ် အနေဖြင့် အားကစားသည် နိုင်ငံ၏ ဂုဏ်သိက္ခာ ဖြစ်သည်နှင့်အညီ အားကစား တိုးတက်ဖို့ လိုသလို အားကစားတွင်လည်း နိုင်ငံ့ဂုဏ်ကို များစွာဆောင်နိုင်သည့် ပြေးခုန်ပစ် အားကစားနည်း တိုးတက်လာစေရန် အတွက် တာဝန်ရှိသူများ၊ အားကစား သမားများ၊ နည်းပြများနှင့် နိုင်ငံသား အားလုံးက နိုင်ငံ့ဂုဏ်ကို မြှင့်တင်လိုသည့် စိတ်ဓာတ် အပြည့်ဖြင့် အစွမ်းကုန်ကြိုးစား သွားကြရမည် ဖြစ်သည်။ သမိုင်းတွင် ရွှေရောင်လွှမ်းခဲ့သည့် ပြေးခုန်ပစ် အားကစားကို မိမိတို့ ခေတ်တွင်ရော   နောင်မျိုးဆက်သစ်တို့၏ ခေတ်တွင်ပါ ရွှေရောင်လွှမ်းနိုင် ပါစေဟု ဆုတောင်းဆန္ဒ ပြုလိုက်ရပါသည်။

သူရအေး

Read 599 times
Rate this item
(0 votes)
Last modified on Wednesday, 23 August 2017 08:40