SJ WorldNews - шаблон joomla Авто

မြန်မာ့ပြေးခုန်ပစ် အားကစား(၂)

Thursday, 24 August 2017 11:56 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာ့ပြေးခုန်ပစ် အားကစားအပိုင်း(၁) တွင် ပြေးခုန်ပစ် အားကစားနည်း ကမ္ဘာတွင် စတင်ပေါ်ပေါက်လာပုံ၊ မြန်မာ့ပြေးခုန်ပစ် သမိုင်းနှင့် ပြေးခုန်ပစ် အားကစားမှ အောင်ပွဲအလီလီ ရခဲ့ပုံနှင့် နောက်ပိုင်းတွင် ပြေးခုန်ပစ် ကျဆင်းခဲ့ရပုံ၊  ပြေးခုန်ပစ်အားကစား ပြန်လည်တိုးတက် မြင့်မားလာစေရန် ကြိုးပမ်းသင့်လှပုံတို့ကို ရေးသားဖော်ပြခဲ့ပါသည်။

သို့သော်လည်း ပြေးခုန်ပစ်သူရဲကောင်းများ၏ ဘဝဖြစ်စဉ်အကျဉ်းနှင့်  ၎င်းတို့ ဖြတ်သန်းခဲ့ရသည့်   အခြေအနေများကို ဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။ ယခုအခါ မိုးမိုးတာရောစန် (ဗိုလ်မှူးကြီးခင်မောင်သောင်း(ငြိမ်း)၊ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း၊ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး သောင်းထိုက်(ငြိမ်း)၏ဖခင်) ရေးသားခဲ့သည်။ ''တစ်ခါက ရွှေထီးဆောင်းခဲ့သည့် မြန်မာ့ပြေးခုန်ပစ်''စာအုပ်ကို ပြန်လည်ဖတ်ရှု မိရာက   ပြေးခုန်ပစ်သူရဲကောင်းများ၏ ဘဝဖြစ်စဉ်အကျဉ်းကို    ဖော်ပြခြင်းဖြင့် လူငယ်များ ပြေးခုန်ပစ် အားကစားနည်းကို ပိုမိုစိတ်ဝင်စား လေ့ကျင့်လာနိုင်စေရန် ရည်ရွယ်၍ ယခုမြန်မာ့ပြေးခုန်ပစ် အားကစား အပိုင်း(၂)ကို ဆက်လက်ရေးသားရခြင်း ဖြစ်ပါသည်။

အပိုင်း(၁)တွင် ရေးသားခဲ့သည့်အတိုင်း ပြေးခုန်ပစ်အားကစားနည်းသည် အားကစားပြိုင်ပွဲကြီး တစ်ရပ်တွင် ရွှေတံဆိပ်အများဆုံး ၄၆ ခုအထိ ချီးမြှင့်သော အားကစားနည်းဖြစ်သဖြင့် နိုင်ငံ့ဂုဏ်ကို များစွာဆောင်နိုင်သော အားကစားနည်းဟု ဆိုနိုင်ပါသည်။

မြန်မာပြည်တွင် ပြေးခုန်ပစ်သူရဲကောင်းများ များစွာပေါ်ပေါက်ခဲ့ဖူးပါသည်။ ကာလအားဖြင့် ၁၉၅၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ကာလအတွင်းကဟု ဆိုနိုင်ပါသည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း   ပြေးခုန်ပစ်အားကစား ကျဆင်းခဲ့ရသည်မှာ   ယနေ့တိုင်ပင်ဖြစ်ပါသည်။ ၂ဝဝ၁ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ကျင်းပသည့် (၂၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၄)ခု၊ ကြေးတံဆိပ် (၄)ခု၊ ၂ဝဝ၅ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် ကျင်းပသည့် (၂၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ် (၄)ခု၊ ကြေးတံဆိပ် (၂)ခု၊ ၂ဝဝ၉ ခုနှစ် လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ကျင်းပသည့် (၂၅)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၂)ခု၊ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံအိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၄)ခု၊ ကြေးတံဆိပ်(၄)ခု ရရှိခဲ့သည်မှလွဲ၍ ကျန်ကာလများတွင် ရွှေတံဆိပ်နှင့် အလှမ်းဝေးခဲ့ကြရသည်။ ပြေးခုန်ပစ်ရွှေထီးဆောင်း ခဲ့သည့်ကာလက ပြေးခုန်ပစ်သူရဲကောင်းများ၏ စံနမူနာကို မြန်မာလူငယ်များ အတုယူကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကြိုးပမ်းသင့်လှပေသည်။

ဂျင်မီကရင်တန်

ဖခင်အေဂျီကရင်တန်နှင့်  မိခင်အက်ဖ်ကရင်တန်တို့မှ  ၁၉၄၉ ခုနှစ်  ဇူလိုင် ၂၃ ရက်တွင်   ရန်ကုန်မြို့၌  မွေးဖွားခဲ့သည်။ ဂျင်မီသည်    စနစ်တကျ လေ့ကျင့်ခဲ့သူ မဟုတ်ဘဲ နဂိုသန်စွမ်းသူ တစ်ဦးသာဖြစ်သည်။ ငယ်စဉ်က ဘောလုံးကစားပြီး ၁၉၆၇ ခုနှစ်တွင်မှ ပြေးခုန်ပစ်သို့ ကူးပြောင်းလာသူဖြစ်သည်။ ၁၉၆၆ ခုနှစ် ဒုတိယအကြိမ် ကျောင်းသား အားကစားပြိုင်ပွဲတွင်   ရန်ကုန်တိုင်းဘောလုံး အားကစားအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဘောလုံးကစားရင်းမှ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ မီတာ ၈ဝဝ နှင့် မီတာ ၁၅ဝဝ ပြိုင်ပွဲများတွင် ဗိုလ်စွဲကာ ကျောင်းသားစံချိန်သစ်ကိုပါ တင်နိုင်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ပြေးခုန်ပစ်သို့ကူးပြောင်းပြီး ၁၉၆၇  ခုနှစ်  ပြည်နယ်နှင့်တိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ မီတာ ၈ဝဝ တွင် ပထမ၊ မီတာ ၁၅ဝဝ တွင် ဒုတိယရရှိခဲ့သည်။ ၁၉၆၉ ခုနှစ် ရန်ကုန်တွင် ပြုလုပ်သော ပဉ္စမအကြိမ်မြောက် ကျွန်းဆွယ်အားကစား ပြိုင်ပွဲတွင် မီတာ ၈ဝဝ နှင့် မီတာ ၁၅ဝဝ ပြိုင်ပွဲများ၌ ရွှေတံဆိပ်ဆုများ ဆွတ်ခူးခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် ထိုင်းနိုင်ငံ ဗန်ကောက်တွင် ပြုလုပ်သော အာရှတံခွန်စိုက်ပြိုင်ပွဲတွင် မီတာ ၈ဝဝ ကို ၁ မိနစ် ၄၇ ဒသမ ၉ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့ပြီး အာရှအဆင့် ပြေးခုန်ပစ်တွင် တစ်ဦးတည်းသော ရွှေတံဆိပ်ဆုရှင်ဖြစ်ခဲ့သည်။ ယနေ့တိုင် မြန်မာပြည် စံချိန်အဖြစ် တည်ရှိနေဆဲ ဖြစ်ကြောင်းလည်း  သိရပါသည်။

၁၉၇၃ ခုနှစ် (၇)ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် လည်း မီတာ ၁၅ဝဝ ပြိုင်ပွဲတွင် ၃ မိနစ် ၅၂ ဒသမ ၈ စက္ကန့်ဖြင့် အရှေ့တောင်အာရှ စံချိန်ကို တင်နိုင်ခဲ့သည်။ ဂျင်မီသည် မီတာ ၈ဝဝ နှင့် မီတာ ၁၅ဝဝ စသော တာလတ်ပြေးပွဲများတွင်သာ ထူးချွန်ခဲ့ပြီး တစ်ခါတစ်ရံ တာဝေးပြေးပွဲဖြစ်သည့် မီတာ ၅ဝဝဝ ပြိုင်ပွဲကိုလည်း ဝင်ရောက်ဆင်နွှဲခဲ့သည်။   ၁၉၆၉ ခုနှစ်နှင့် ၁၉၇၁ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲများ၌ မီတာ ၅ဝဝဝ မှ ရွှေတံဆိပ်တစ်ခုစီ ရယူပေးနိုင်ခဲ့သည်။  ၁၉၇ဝ  အာရှတံခွန်စိုက်ပြိုင်ပွဲ အပါအဝင် ၁၉၆၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်ထိ ကျင်းပခဲ့သည့်ကျွန်းဆွယ်ပြိုင်ပွဲများမှ   ဂျင်မီက ရွှေတံဆိပ်(၁၃)ခု၊   ငွေတံဆိပ်(၄)ခုနှင့်  ကြေးတံဆိပ် (၁)ခု နိုင်ငံတော်အတွက် ရယူပေးနိုင်ခဲ့သည်။  ဂျင်မီသည်    ဆင်းရဲသည့် မိဘနှစ်ပါးမှ   ပေါက်ဖွားခဲ့သော်လည်း ထကြွသောလုံ့လ၊   ထက်သန်သော ဝီရိယ၊ ကြံ့ခိုင်သောဇွဲ၊ ခိုင်မာသော စိတ်ဓာတ်တို့ဖြင့်    အာရှနှင့်  အရှေ့တောင်အာရှ ပြေးလမ်းများပေါ်တွင် မြန်မာ့အောင်လံကို စိုက်ထူနိုင်ခဲ့သူ ပြေးခုန်ပစ်သူရဲကောင်း တစ်ဦးပင်ဖြစ်ပေသည်။

ဂျနီဖာတင်လေး

ဂျနီဖာတင်လေးကို  ၁၉၄၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ကျောက်ရေတွင်း ရပ်ကွက် မရမ်းကုန်းမြို့နယ်၌ ဖခင် ဦးတင်လေး၊ မိခင် ဒေါ်လာဘီတို့မှ မွေးဖွားခဲ့သည်။ ဖခင် ဦးတင်လေးသည် အားကစား ဝါသနာပါသဖြင့် ဂျနီဖာတင်လေးကို ငယ်စဉ်ဘဝကပင် အားကစားကို လေ့ကျင့်ပေးခဲ့သည်။ ဂျနီဖာသည် အမျိုးသမီးထဲတွင် အရပ်မြင့်ပြီး ထွားကျိုင်းသန်မာသူ တစ်ဦးဖြစ်သည်။

အင်အားကောင်းမှုတွင် သာမန်ယောက်ျားလေးများ  သူ့ကိုမနိုင်နိုင်ကြပါ။   သူ့ကို ယောက်ျားလျာဟု သမုတ်ကြသော်လည်း အမှန်က မိန်းမဆန်သော မိန်းကလေး တစ်ဦးသာဖြစ်သည်။ သူသည် ခင်မင်ဖွယ်ကောင်းပြီး ကစားဖော် ကစားဖက်များကို မိသားစုကဲ့သို့ ဆက်ဆံတတ်သူဖြစ်သည်။ အားကစားသမား အချင်းချင်းလည်း ပြုစုစောင့်ရှောက်တတ်သူ ဖြစ်သည်။သာဓကအနေဖြင့် ပြေးခုန်ပစ်ပြိုင်ပွဲတစ်ခုတွင်   စမ်းစမ်းအေး တန်းကျော်ပြိုင်ပွဲ၌ လဲကျသွားစဉ် ဂျနီဖာက ပြေး၍ပွေ့ပြီး   ယူဆောင်သွားခဲ့သည်ကို ပရိသတ်များက လက်ခုပ်တီး၍ ဂုဏ်ပြုခဲ့ကြသည်မှာ အမှတ်တရဖြစ်သည်။

ဂျနီဖာသည် ၁၉၆၄ ခုနှစ်မှစ၍ ဧရာဝတီတိုင်း    ဘော်လီဘော လက်ရွေးစင်အဖြစ် အားကစားသို့ ဝင်ရောက်ခဲ့သည်။ ဘော်လီဘောတွင်လည်း မြန်မာ့လက်ရွေးစင် အဖြစ် ရွေးချယ်ခံရကာ     အရှေ့တောင်အာရှ ဘော်လီဘောပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ   အကြိမ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ ဘော်လီဘောမှ ပြေးခုန်ပစ်သို့ ၁၉၆၅ တွင်ကူးပြောင်းခဲ့ရာ အစပိုင်းတွင် အောင်မြင်မှုမရခဲ့ချေ။ သို့သော် သူ၏ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့်ကြိုးစားမှုတို့ကြောင့်   သံလုံးပစ်တွင် တဖြည်းဖြည်း အောင်မြင်လာခဲ့သည်။ နောက်ပိုင်းတွင်     သံပြားဝိုင်းပစ်ကိုပါ လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ခဲ့သည်။   ပြေးခုန်ပစ် အနေဖြင့် ဂျနီဖာသည် ၁၉၆၇ ခုနှစ် စတုတ္ထအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် သံလုံးပစ်၌ ၁၂ ဒသမ ၁၁ မီတာဖြင့် ရွှေတံဆိပ်စတင်ရရှိခဲ့သည်။ ၁၉၆၉ ခုနှစ် ရန်ကုန်တွင်ပြုလုပ်သော ပဉ္စမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲတွင် ဂျနီဖာသည် သံလုံးပစ်၌ ၁၃ ဒသမ ၂၂ မီတာဖြင့် ပထမရွှေတံဆိပ်ရခဲ့ပြီး ကျွန်းဆွယ်စံချိန်ကိုပါ ချိုးနိုင်ခဲ့သည်။ ထို့အတူ ၁၉၇၁ ခုနှစ် မလေးရှားနိုင်ငံတွင် ပြုလုပ်သော ဆဋ္ဌမအကြိမ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ၁၄ ဒသမ ၂၁ မီတာဖြင့် ကျွန်းဆွယ်စံချိန်ချိုးပြီး ပထမရွှေတံဆိပ် ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ် စင်ကာပူနိုင်ငံတွင် ပြုလုပ်သော (၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျနီဖာသည် သံလုံးပစ်၌ ၁၄ ဒသမ ၃၈ မီတာဖြင့် ကျွန်းဆွယ်စံချိန်ချိုးပြီး ပထမရွှေတံဆိပ် ရခဲ့သည့်အပြင် သံပြားဝိုင်းပစ်တွင်ပါ ရွှေတံဆိပ် ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ် ဗန်ကောက်(၈)ကြိမ်မြောက်၊ ၁၉၇၇ ခုနှစ် ကွာလာလမ်ပူ(၉)ကြိမ်မြောက်၊ ၁၉၇၉ ခုနှစ် ဂျကာတာ(၁ဝ)ကြိမ်မြောက်၊ ၁၉၈၁ ခုနှစ် မနီလာ(၁၁)ကြိမ်မြောက်နှင့် ၁၉၈၃ ခုနှစ် စင်ကာပူ (၁၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်လည်း သံလုံးပစ်မှ ရွှေ(၁)ခု၊သံပြားဝိုင်းပစ်မှ ရွှေ(၁)ခုစီကို အကြိမ်တိုင်းတွင် ရယူပေးနိုင်ခဲ့သည်။ အသက်အရွယ်ကြောင့် ဂျနီဖာသည် ၁၉၈၅ ဗန်ကောက် (၁၃)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် သံလုံးပစ်နှင့်သံပြားဝိုင်းပစ် တို့မှ ငွေတံဆိပ်(၁)ခုစီသာ ရယူနိုင်တော့သည်။ ၁၉၈၅ ခုနှစ်အထိ ဂျနီဖာသည် နိုင်ငံတော်အတွက် ရွှေတံဆိပ်(၁၇)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခုတို့ကို ရယူပေးခဲ့သည်။ ဂျနီဖာအနေဖြင့် ပြေးခုန်ပစ်မှ အနားယူသွားချိန်အထိ သံလုံးပစ်တွင်  ၁၄ ဒသမ ၃၈ မီတာဖြင့် လည်းကောင်း၊ သံပြားဝိုင်းပစ်တွင် ၄၇ ဒသမ ၈ဝ မီတာဖြင့် လည်းကောင်း စံချိန်တင် ထားနိုင်ခဲ့သူဖြစ်သည်။ ပြေးခုန်ပစ်နှင့် ဘော်လီဘောမှ အနားယူပြီးနောက် ဂေါက်အားကစားသို့ ကူးပြောင်းခဲ့ရာတွင်လည်း    အောင်မြင်မှုရရှိခဲ့သူဖြစ်သည်။

ဂျနီဖာသည် တိုင်းပြည်က ပေးအပ်သည့် တာဝန်ကို အမြဲလေးစားပြီး ကျေပွန်အောင် ထမ်းဆောင်ခဲ့သူ အားကစားသမားကောင်း တစ်ယောက်ဖြစ်သည်။ အားကစားသမား အချင်းချင်း အနစ်နာခံ ကူညီလေ့ရှိပြီး သည်းခံခွင့်လွှတ်တတ်သူလည်း ဖြစ်သည်။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားဆိုသည့်မူအတိုင်း နည်းပြအုပ်ချုပ်သူများနှင့် အားကစားသမားကြီးများကို ရိုသေလေးစားပြီး လူငယ် အားကစားသမားများကို လမ်းကောင်းပြ၍   လက်တွဲခေါ်တတ်သူဖြစ်သည်။ ဂျနီဖာလို အားကစား သူရဲကောင်းမျိုး များများပေါ်ထွန်းလာပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

အာရှချန်ပီယံသန်းသန်း

သန်းသန်းကို  ဖခင် ဦးစိန်နှင့်  မိခင် ဒေါ်လှဝင်းတို့မှ ၁၉၅၆ ခုနှစ် မတ် ၁၇ ရက်တွင်  နမ္မတီးမြို့နယ်  ကချင်ပြည်နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်းခြောက်ယောက် အနက်    တတိယမြောက် သမီးဖြစ်သည်။

သန်းသန်း ပြေးခုန်ပစ်ကို စတင်လေ့ကျင့်ချိန်တွင်   အပျိုဖော်ဝင်စ  ၁၄ နှစ်သမီး အရွယ်သာရှိသေးသည်။ ရုပ်ရည်ချောမောသူ ဖြစ်သဖြင့် သူငယ်ချင်းများက ရုပ်ရှင်မင်းသမီးဆွေဇင်ထိုက်နှင့် တူသည်ဟုပြောကြသည်။

သို့သော်  သန်းသန်းမှာ  လှချင်ပချင်သည့် အရွယ်မှာပင် နေပူကျဲကျဲတွင် အရေခွံများ လောင်ကျွမ်းသည်အထိ   အပြင်းအထန် လေ့ကျင့်ခဲ့ရရှာသည်။   မိဘများမှာလည်း ချမ်းသာသူများ မဟုတ်ကြသဖြင့် ဆင်းဆင်းရဲရဲဖြင့်  ဘဝကိုဖြတ်သန်းခဲ့ရသူ ဖြစ်သည်။

သို့သော် စိတ်ဓာတ်မာကျောသူ သန်းသန်းကတော့ အမိနိုင်ငံအတွက် အားကစားဖြင့် ဂုဏ်သိက္ခာမြှင့်တင်မည်ဟူသော ခံယူချက်ထားပြီး ဇွဲနပဲဖြင့် လေ့ကျင့်ခဲ့သည်။ ထို့ကြောင့် လည်း ပြေးခုန်ပစ်ပြိုင်ပွဲများသို့ ၁၉၆၉ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သော သန်းသန်းသည် ၁၉၇၁ ခုနှစ် (၆)ကြိမ်မြောက် အရှေ့တောင်အာရှ  ကျွန်းဆွယ်အားကစား ပြိုင်ပွဲမှစ၍ အသက် ၁၆ နှစ်အရွယ်တွင်  ပြေးခုန်ပစ် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

သန်းသန်း   လက်ရွေးစင်ဖြစ်ခဲ့သည့် အချိန်တွင်    ကံကောင်းသည်ဟု ဆိုရမလို အရှေ့ဂျာမနီမှ ပြေးခုန်ပစ်နည်းပြဆရာ ရိုင်နာပေါလ်(Rainer Paul)နှင့် စတင်တွေ့ခဲ့ရခြင်းဖြစ်သည်။ သန်းသန်း၏ လေ့ကျင့်ပေးရန် အကောင်းဆုံး အရွယ်ဖြစ်ခြင်း၊   ခန္ဓာကိုယ် အချိုးအစားကောင်းမွန်ခြင်း၊ ခွန်အားကောင်းခြင်း၊ စနေသမီးပီပီ အနိုင်မခ အရှုံးမပေးစိတ်ဓာတ်နှင့် မဖြစ်မနေလုပ်တတ်သည့် ဇွဲရှိခြင်းစသည့် အရည်အချင်းကောင်းများ အပေါ်တွင် နည်းပြဆရာ ရိုင်နာပေါလ်လို ကျောက်သွေးသမားကောင်းနှင့် တွေ့ရသည့် ကျောက်ရိုင်းတုံးပမာ အချိန်တိုအတွင်း အဖိုးတန်ကျောက်ကောင်းတစ်လုံး ဖြစ်လာရသည်။   နည်းပြဆရာ ရိုင်နာပေါလ်ကလည်း သတ်မှတ်စံချိန် မရမချင်း ထပ်တလဲလဲ  ပြေးခိုင်းသည်။

သန်းသန်းကလည်း နေရာတွင် လဲသေချင်သေပါစေ၊ လူမျိုးခြား အထင်သေးမခံဘူး ဆိုသောစိတ်နှင့် ဆရာခိုင်းသည့်အတိုင်း အပင်ပန်းခံ ကြိုးစားသည်။ နေပူထဲတွင် လေ့ကျင့်ရလွန်း၍ သူ့ထိပ်ပင်ပိုပြောင်လာခဲ့ပြီး နဖူးပေါ်တွင် အဖြူကွက်ကြီးများ ဖြစ်လာသည်အထိ အပင်ပန်း အဆင်းရဲခံခဲ့ရသည်။   ဆရာပေါလ်သည် သန်းသန်း၊ ဂျနီဖာတင်လေးနှင့် မာမာမင်းတို့ကို အထူးဂရုစိုက် လေ့ကျင့်ပေးခဲ့သူဖြစ်ပြီး အားကစားသမားများအပေါ် ရင်ဝယ်သားကဲ့သို့ ချစ်ခင်ကြင်နာသူဖြစ်ပြီး လေ့ကျင့်ချိန်တွင်မူ ရက်ရက်စက်စက် လေ့ကျင့်ပေးသူ နည်းပြကောင်း တစ်ဦးပင်ဖြစ်သည်။    

ဆက်လက်ဖော်ပြပါမည်။

သူရအေး

Read 603 times
Rate this item
(0 votes)
Last modified on Thursday, 24 August 2017 11:58