SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြန်မာ့စီးပွားရေးနှင့် SME ၏ အခန်းကဏ္ဍ

Friday, 03 August 2018 09:26 Written by  font size decrease font size decrease font size increase font size increase font size

SME ဟုခေါ်တွင်နေသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် ပုံမှန်အားဖြင့် ခိုင်မာသည့် အထောက်အကူ၊ အမတော်ကြေးတို့ကို မယူဘဲ အကောင်အထည် ဖော်လေ့ရှိသည့် လွတ်လပ်သည့် သဘာဝရှိသော စီးပွားရေး လုပ်ငန်းအဖြစ် သိထားသူများကြသည်။ ထိုလုပ်ငန်းများသည် ပုံမှန်အားဖြင့် အစိုးရမှ သတ်မှတ်ထားသည့် ဖွဲ့စည်းပုံ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတို့ အပေါ် လိုက်ပါအကောင်အထည် ဖော်နိုင်မှု အလေ့အထအလွန်နည်းလေ့ရှိသည်။ SME ဟုအဓိပ္ပာယ် ဖွင့်ဆိုချက်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပါ။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီး ဝန်ထမ်းအများဆုံး သတ်မှတ်ချက်မှာ အသေးစားလုပ်ငန်းတွင် လုပ်သား ၃၀ဝ ဦးဟု သတ်မှတ်ထားပြီး အလတ်စား လုပ်ငန်းတွင် လုပ်သား ၆၀ဝ ဦးဟု ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်မှ သတ်မှတ်ထားခဲ့သည်။ ထိုသတ်မှတ်မှု၏ လိုအပ်ချက်မှာ လုပ်ငန်းအမျိုးအစား အလိုက် လုပ်သားအများဆုံး အရေအတွက် ကန့်သတ်ချက်သာပါပြီး အနည်းဆုံး လုပ်သားကန့်သတ်ချက် မပါရှိသဖြင့် တစ်ဦးတစ်ယောက်ဖြင့် ဖွဲ့စည်းထားသည့် မည်သည့် လုပ်ငန်းမဆို အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုသည်။ သို့ဖြစ်ပါသဖြင့် တစ်ဦးတစ်ယောက် သို့မဟုတ် လုပ်သားအင်အား အနည်းငယ်ဖြင့် ဆောင်ရွက်နေသည့် အသေးစားလုပ်ငန်းငယ်လေး များသည် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေတစ်ခု၏ ဘောင်အတွင်းဖြစ်တည်မှုရှိရန် အထူးကြိုးစားရမည့် အခြေအနေဖြစ်သည်။ သို့မဟုတ်ပါက ဥပဒေပြင်ပမှ လုပ်ငန်းအဖြစ် ရှုမြင်ခံရနိုင်မှု အခြေအနေများကို လုပ်ငန်းရှင်များ၏ အထူးသတိပြုရန် လိုအပ်သည့် အခြေခံ သဘောတရား တစ်ခုအဖြစ် လေ့လာသူအချို့မှ တွေ့ရှိခဲ့ကြသည်။ မြန်မာနိုင်ငံသည် စီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် သဘာဝမှ ပေးထားသည့် သဘာဝ သယံဇာတများ ပေါများခြင်း၊ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသည့် အလုပ်သမားထု ပေါများခြင်း၊ ဒေသအတွင်း စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့ ကြားတွင် ရှိနေခြင်းတို့သည် ထိရောက်စွာ အသုံးပြုသင့်သည့် အခြေခံကောင်းများပင် ဖြစ်သည်။ လက်ရှိအခြေအနေတွင် မြန်မာ့အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် လူသားတို့ နေ့စဉ်လုပ်ငန်း ဆောင်တာများနှင့် ချိတ်ဆက်နေသည့် မသုံးမဖြစ် လိုအပ်သည့် အခြေခံ အဆောက်အဦများ မကောင်းခြင်း၊ လုပ်ငန်းမတည်ငွေရင်း အတွက် ငွေကြေးအထောက်အပံ့ လုံလောက်စွာ ရရှိရန်အတွက် တွန်းအားပေးနိုင်သည့် အခြေခံ စံနှုန်းများနှင့် နည်းစနစ်များ မကောင်းခြင်း၊ ခေတ်နောက်ကျနေသော နည်းပညာများကို ဆန်းသစ်တီထွင်နိုင်ရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ မဖွံ့ဖြိုးခြင်း၊ ကဏ္ဍအသီးသီးမှ လုပ်သားများ၏ အလုပ်တာဝန်များ အပေါ် အကောင်အထည် ဖော်နိုင်မှု အရည်အသွေး နိမ့်ကျခြင်း၊ ကုန်ထုတ်လုပ်မှု စွမ်းအားအပေါ် တိုက်ရိုက် သက်ရောက်စေမည့် စနစ်များမဖွံ့ဖြိုးခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ ဝန်ဆောင်မှု စနစ်များ မကောင်းခြင်း စသည်တို့အတွက် မေးခွန်းထုတ်စရာများနှင့် ရင်ဆိုင်နေရသည်။ သတ်မှတ်မူဘောင်၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေများအတိုင်း ဆောင်ရွက်နိုင်ပါက ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP)နှင့် နိုင်ငံအတွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အခြေအနေများကို တိုက်ရိုက် သက်ရောက်စေသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် နိုင်ငံအတွက် များစွာအရေးပါလှသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၁၆ ခုနှစ် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းအရေအတွက် သန်းပေါင်း ၁၄၀ နီးပါးသည် နိုင်ငံပေါင်း ၁၃၀ တွင် အလုပ်လုပ်နေသော အလုပ်သမားထု၏ ၆၅ ရာခိုင်နှုန်းကို အလုပ်အကိုင်များ ဖန်တီးပေးနေသည်။ ကမ္ဘာ့ဘဏ်၏ အခြားတွေ့ရှိချက် တစ်ခုတွင် (Ayyagari et al. 2003) ဝင်ငွေမြင့်မားသော ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ထိုလုပ်ငန်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ပါဝင်မှုသည် အလုပ်စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းနှင့် GDP ၏ ၅၅ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအလယ်အလတ် နိုင်ငံများတွင် အလုပ်အကိုင် စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းနှင့် GDP ၏ ၇၀ ရာခိုင်နှုန်း၊ ဝင်ငွေနိမ့်နိုင်ငံများတွင် အလုပ်အကိုင် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနှင့် GDP ၏ ၆၀ ရာခိုင်နှုန်းတို့ ရှိကြကြောင်း ဖော်ပြထားသည်။ (Dr. Vijit Supinit 2016: Study of SME's Contribution to Myanmar's Economic Development, International Journal of Management and Commerce Innovations, Oct-March 2016) မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ အတွက် တိတိကျကျ သတ်သတ်မှတ်မှတ်လိုက်နာ ဆောင်ရွက်ရန်၊ စိစစ်မှုပုံစံ၊ အထောက်အကူ ပေးသည့်ပုံစံ၊ မလိုက်နာပါက သင့်လျော်သလို အရေးယူသည့် ပုံစံများ ဖွံ့ဖြိုးမှုအတွက် ကမ္ဘာ့အတွေ့အကြုံရှိသည့် ကျွမ်းကျင်သည့် အဖွဲ့အစည်းများ၏ တတ်အားသမျှ ပါဝင်မှု ရရှိပါက များစွာအကျိုးရှိနိုင်မည် ဖြစ်သည်။ ထိုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ပါက အောက်ပါအားသာချက် ကောင်းကျိုးများကို ရရှိနိုင်ပါသည်။

၁။ ထုတ်ကုန်တိုးတက်စေခြင်း၊

၂။ လူလတ်တန်းစား ပြည်သူများ၏ လူမှုစီးပွားဘဝကို တိုးတက်စေပြီး ဝယ်နိုင်စွမ်းအားများ တိုးစေခြင်း၊

၃။ ဆင်းရဲမွဲတေမှုလျော့ကျစေခြင်း။ မြန်မာနိုင်ငံတွင် တည်ရှိနေသော စီးပွားရေး လုပ်ငန်းများကို အောက်ပါအချက်များပေါ်တွင် အခြေခံပြီး အမျိုးအစားများခွဲပြီး လေ့လာနိုင်သည်။

၁။ ပိုင်ဆိုင်မှုနှင့် နိုင်ငံသားဖြစ်တည်မှု (ဥပမာ-အစိုးရပိုင်၊ ပြည်တွင်းလုပ်ငန်းရှင်ပိုင်၊ နိုင်ငံခြားသားပိုင်)၊

၂။ လုပ်ငန်းအမျိုးအစားနှင့် လုပ်ငန်းလုပ်ပိုင်ခွင့် လက်မှတ်အမျိုးအစား၊

၃။ လုပ်ငန်းများအား ထိန်းကျောင်းမည့် ဥပဒေ၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊

၎။ စီးပွားရေးလုပ်ငန်း၏ အရွယ်အစား။ ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သည့် စီးပွားရေး စစ်တမ်းများကို လေ့လာကြည့်ပါက အောက်ပါအခက်အခဲများကို ယေဘုယျတွေ့ရှိနေကြသည်။ (Dr. Vijit Supinit 2016: Study of SME's Contribution to Myanmar's Economic Development, International Journal of Management and Commerce Innovations, Oct-March2016)

၁။ မတည်ငွေရင်းအတွက် ငွေကြေးရရှိနိုင်မှု အခက်အခဲ၊

၂။ ကုန်သွယ်ရေး အထောက်အပံ့ ဖြစ်စေသည့် စနစ်များမကောင်းခြင်း၊

၃။ အကောက်ခွန်ဆိုင်ရာ အခြေခံသတ်မှတ်စံနှုန်း စနစ်များအားနည်းခြင်း၊

၎။ လုပ်ငန်းလိုင်စင်ခွင့်ပြုမိန့်ရယူခြင်း၊ စိစစ်ကြပ်မတ်ခြင်း၊ စည်းကမ်းထိန်းသိမ်းမှုများ ဆန်းသစ်ရန်လိုခြင်း၊

၅။ လုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု အခြေခံ အဆောက်အဦများ အားနည်းခြင်း၊

၆။ ဆက်သွယ်ရေး နည်းစနစ်များ၏ အခြေခံများ၊ နည်းပညာများ၊ စံနှုန်းထိန်းသိမ်းမှုများ ဖွံ့ဖြိုးရန်လိုအပ်ခြင်း၊

၇။ ပို့ဆောင်ရေး နည်းလမ်းများ အားလုံးကို ဆန်းသစ်ပြုပြင်ရန် လိုအပ်ခြင်း။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အခြားစိန်ခေါ်မှု တွေ့ရှိချက်များကို လေ့လာရသည်မှာ-

၁။ စက်အပိုပစ္စည်း၊ ကုန်ကြမ်းအရည်အသွေးနှင့် ထောက်ပံ့နိုင်မှု၊

၂။ လုပ်သားများ၏ အဆင့်မြင့် နည်းပညာ အသုံးချနိုင်မှု အကန့်အသတ်၊

၃။ စက်မှုနည်းပညာနှင့် ကဏ္ဍအလိုက်ပညာပေးမှု အစီအစဉ်များ၊

၎။ နိုင်ငံခြားငွေလှည့်ပတ်ဆောင်ရွက်နိုင်မှုတို့ကို ဖော်ပြထားပါသည်။ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အခြေအနေမှန်ကို မြန်မာပြည်တွင် ကိန်းဂဏန်းအတိအကျဖြင့် ရရှိနိုင်သည့် ထုတ်ပြန်ကြေညာသည့် သတင်းအရင်းအမြစ်မရှိပါ။ ယခင်လေ့လာသူများ ဖော်ပြခဲ့သည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်းပေါင်း ၁၂၇၀ဝ၀ ရှိရာ ၎င်းတို့ထဲမှ ၉၉ ဒသမ ၄ ရာခိုင်နှုန်းသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့ဖော်ပြခန့်မှန်း ထားသည်မှာ စီးပွားရေးလုပ်ငန်းပေါင်း ၆၂၀ဝ၀ဝ ခန့်သည် မြန်မာ့စီးပွားရေး လုပ်ငန်း စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းခန့်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများသည် လုပ်ငန်းမှတ်ပုံတင်ခြင်းမရှိဘဲ လုပ်ငန်းလည်ပတ်နေကြသည်ဟု ဖော်ပြထားသည်။ လုပ်ငန်းမှတ်ပုံတင်မထားသဖြင့် နိုင်ငံတော်မှ အခွန်မရရှိနိုင်သောကြောင့် တည်ဆောက်ရေး လုပ်ငန်းများကို သက်ရောက်မှုများ ရှိနိုင်သည်။ (Dr. Vijit Supinit 2016: Study of SME's Contribution to Myanmar's Economic Development, International Journal of Management and Commerce Innovations, Oct-March 2016) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်မည်ဆိုပါက ကျယ်ပြန့်သော ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှု အစီအမံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းများကို အထောက်အကူပြုသည့် မူဝါဒများ ဖော်ဆောင်ရာတွင် အရေးကြီးသော အချက်မှာ SME ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်းဖြစ်သည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လက်ခံကျင့်သုံးလေ့ရှိသော ပုံစံများမှာ-

၁။ SME နှင့်ပတ်သက်သော အတိုင်ပင်ခံ အကြံပေး ဌာနခွဲများစွာကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ရန်၊

၂။ SME များအတွက် သတ်သတ်မှတ်မှတ် နည်းစနစ်များဖြင့် ငွေချေးဌာနများဖွင့်လှစ်ပေးရန်၊

၃။ ငွေကြေးရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းဆောင်ရွက်သူတို့ အကြား ချိတ်ဆက်ပေးသည့် ဝန်ဆောင်မှုစီစဉ်ရန်တို့ဖြစ်ပါကြောင်း စီးပွားရေးတိုးတက်မှုသို့ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်သည့် အနေဖြင့် လေ့လာတွေ့ရှိ ဆည်းပူးခဲ့ရသည်များကို ပြန်လည်ဝေမျှလျက် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ အမြန်ဆုံး ရောက်မည်ဟု ယုံကြည်ချက် အပြည့်ဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ရန်ငြိမ်းအေး

Read 355 times
Rate this item
(0 votes)
Last modified on Friday, 03 August 2018 09:27