SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သစ်ပင်စိုက်ပျိုးခြင်းသည်သာလျှင်

Saturday, 04 August 2018 10:02 Written by  font size decrease font size decrease font size increase font size increase font size

၂၀၁၈ ခုနှစ် နှစ်ဆန်းကတည်းက ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြုံတွေ့ရလျက်ရှိသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အရှေ့ခြမ်း ရှိနိုင်ငံများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသော်လည်း အနောက်ခြမ်း နိုင်ငံများအထူးသဖြင့် အမေရိကန်နှင့် ဂရိနိုင်ငံတို့တွင် တောမီးများ လောင်ကျွမ်းလျက်ရှိသည်။ လူသားတို့သည် ကိုယ့်ရှူးကိုယ်ပတ် နေကြပြီဖြစ်သည်။ ဤပုံစံအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် အနာဂတ်တွင် သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့ကြရဦးမည်ဖြစ်သည်။ ထိုသဘာဝ ဘေးအန္တရာယ်များ လျှော့ချနိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းသည် သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်သည်။

သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ခဲ့ရ

ကမ္ဘာ့သမိုင်းတွင် လူအသေအပျောက် များခဲ့သော သဘာဝဘေး အန္တရာယ်ကြီး ၁၀ ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုအထဲတွင် ငလျင်လှုပ်ခတ်မှုနှင့် ရေကြီးရေလျှံမှု များကြောင့် လူ ၁၀ သန်းခန့်သေဆုံးခဲ့ရသည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် နှစ်စဉ်ကမ္ဘာ တစ်ဝန်းတွင် သဘာဝဘေးအန္တရာယ် မျိုးစုံကျရောက်လျက်ရှိသည်။ ထိုဘေးအန္တရာယ်များတွင် လူသားတို့ အန်တုနိုင်စွမ်းမရှိသော မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်းနှင့် ဆူနာမီရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း အပါအဝင် ဆေးမတိုးနိုင်သည့် ရောဂါမျိုးစုံသည်လည်း ထူပြောစွာဖြစ်ပွား လာလျက်ရှိသည်။ ထိုဆိုးကျိုးများသည် အသိဥာဏ်ရှိသော လူသားများ၏ လုပ်ရပ်ကြောင့်ပင်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် များအနက် မြေငလျင်သည် ကြိုတင်ခန့်မှန်းရခက်ခဲသည်။ မြေငလျင်ဗဟိုချက်သည် ကမ္ဘာ့အပေါ်ယံ မျက်နှာပြင်တွင် နီးကပ်စွာတည်ရှိနေမည်ဆိုလျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားနိုင်သည်။ အချို့သောငလျင်များသည် ပမာဏကြီးမားသော်လည်း နက်ရှိုင်းသော မြေအောက်တွင် ဗဟိုပြုသောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမဖြစ်ပွားချေ။ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ်များ အနက် ငလျင်အန္တရာယ်သည် ရှောင်တိမ်းရန် အခက်ခဲဆုံး အန္တရာယ်ပင်ဖြစ်သည်။

လူတို့၏ပယောဂ

မည်သို့ပင်ဆိုစေကာမူ အချို့သော သဘာဝဘေး အန္တရာယ်များသည် လူတို့၏ ပယောဂနှင့်မကင်းချေ။ မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ စက်မှုလုပ်ငန်းများ၊ သိပ္ပံနှင့်နည်းပညာများ အရှိန်အဟုန်ဖြင့် ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် အကျိုးဖြစ်ထွန်းမှု များစွာရှိစေသလို အခြားတစ်ဖက်တွင်လည်း ဆုတ်ယုတ်မှုများရှိလာ စေသည်။ ထိုဆုတ်ယုတ်မှုများတွင် သစ်တောသယံဇာတများ ပြုန်းတီးလာခြင်း၊ စားကျက်မြေများ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ တိမ်ကောပျက်စီးလာမှုတို့အပါအဝင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားလာခြင်းနှင့် ရှားပါးမျိုးစိတ်များ မျိုးတုံးပျောက်ကွယ် လာခြင်းတို့ပင်ဖြစ်သည်။ ထိုသို့သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၏ ဆင့်ကဲ အကျိုးဆက်များကြောင့် ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတု ဖောက်ပြန်လာမှုနှင့် သဘာဝ ဘေးအန္တရာယ်များ ခပ်စိပ်စိပ်ဖြစ်ပေါ်လာလျက်ရှိသည်။

အတောမသတ်သောလောဘ

လူသားတို့၏အတော မသတ်သောလောဘကြောင့် ကမ္ဘာကြီးသည် တဖြည်းဖြည်း ကျန်းမာရေးချူချာလာနေပြီဖြစ်သည်။ သစ်တောသစ်ပင်များကို လွန်ကဲစွာခုတ်လှဲ ရောင်းချလာခြင်း၊ စက်မှုလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်နေရာ များတွင် ရေသယံဇာတများကို အကန့်အသတ်မဲ့ ထုတ်ယူသုံးစွဲလာခြင်း၊ မြေအောက် နှင့်ရေအောက် သယံဇာတများကို အပြိုင်အဆိုင်ထုတ်လုပ်ရောင်းချလာခြင်းနှင့် သိုလှောင်လာခြင်း၊ စက်မှုလုပ်ငန်းများမှ စွန့်ပစ်ဓာတု ဆေးရည်များကို မြစ်ချောင်း၊ အင်း၊အိုင်၊ ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ တာဝန်မဲ့စွာစွန့်လွှတ်ပစ်ခြင်း၊ လေထုအတွင်းသို့ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့များ လွန်ကဲစွာ ထုတ်လွှတ်သည့် စက်ရုံအလုပ်ရုံများ အပြိုင်အဆိုင် တည်ဆောက်လာခြင်းနှင့် ဖျက်စွမ်းအားပြင်း လက်နက်များအား ပင်လယ်သမုဒ္ဒရာများ အပါအဝင် မြေပေါ်၊ မြေအောက်နေရာပေါင်းစုံတွင် စမ်းသပ်ပစ်ခတ် လာခြင်းတို့ကြောင့် ကမ္ဘာမြေကြီး အပေါ် ဆိုးကျိုးများဖြစ်ပေါ်စေလျက် ရှိပါသည်။

ပျက်စီးဆုံးရှုံးမှုများ

နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် ကျရောက်လျက်ရှိသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် ဖြစ်ပွားခဲ့သော သေကျေဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးတို့သည် လွန်စွာပင် များပြားလျက်ရှိသည်။ ထိုဆုံးရှုံးမှုများတွင် မိဘဆုံးရှုံးကြရသူများ၊ သားသမီးဆုံးရှုံးကြ ရသူများနှင့် ဆွေမျိုးသားချင်း ဆုံးရှုံးကြရသူများအတွက် များစွာပင် စိတ်မကောင်းဖြစ်ရပါသည်။ ပစ္စည်းဆုံးရှုံးမှုကို အစားထိုး၍ ရနိုင်သော်လည်း လူ့အသက်တစ်ချောင်းကိုမူ မည်သည့်အရာနှင့်မျှ တန်ဖိုးဖြတ်၍ မရနိုင်ချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာကြီးကို ဆိုးရွားစွာထိခိုက်စေနိုင်မည့် လုပ်ရပ်မှန်သမျှကို ဆင်ခြင်ပြီး အချိန်မီပြုပြင် ထိန်းသိမ်း စောင့်ရှောက်သွားရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ ထိုသို့ ကမ္ဘာကြီးကို ချစ်ခင်စွာ အချိန်မီစောင့်ရှာက် ပြုပြင်ထိန်းသိမ်းမှုမရှိလျှင် အနာဂတ်တွင် လူသားများသည် အမျိုးမျိုးသော သဘာဝ ဘေးအန္တရာယ်များနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်မှာ ဧကန်မုချပင်ဖြစ်သည်။

ဥတုရာသီတောကိုမှီ

ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်တိုးတက်လာသော လူဦးရေအတွက်လိုအပ်သည့် ပရိဘောဂ အသုံးဆောင်ပစ္စည်းများပြုလုပ်ရန်၊ လောင်စာထင်းအဖြစ် အသုံးပြုရန်နှင့် စက္ကူများ ထုတ်လုပ်ရန်တို့အတွက် သစ်တောသစ်ပင်များနှင့်ဝါးပင်များကို လွန်ကဲစွာခုတ် လှဲရောင်းချလာ လျက်ရှိကြသည်။ ထိုသို့ သစ်တောသစ်ပင်များကို ခုတ်လှဲရောင်းချရာတွင် အများစုသည် ရေရှည်စီမံချက်မရှိဘဲ လတ်တလော လိုအပ်ချက်နှင့် ငွေကြေးရရှိရေး ရှုထောင့်ကသာ ကြည့်ကြသောကြောင့် သစ်တောများ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြုန်းတီးလာလျက် ရှိသည်။ ယခင်ကသစ်တောများနှင့် ဖုံးလွှမ်းလျက်ရှိသော တောတောင်များသည် သစ်ထုတ်လုပ်မှုနှင့် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ခြင်းတို့ကြောင့် တောင်ကတုံးများ ဖြစ်လာကြသည်။ ဥတုရာသီတောကို မှီဆိုသည့်အတိုင်း ထိုတောင်ကတုံးများတွင် သျှောင်ထုံးနိုင်မှသာလျှင် ရာသီဥတုပြန်လည် ကောင်းမွန်မှန်ကန် လာမည်ဖြစ်သည်။

ရှင်သန်ဖြစ်ထွန်းအောင်စိုက်ပျိုးသင့်

မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်ကို နှစ်စဉ်ခါးစည်းခံစားရလျက်ရှိပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရေကြီးရေလျှံမှုအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့နေရပြီဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတု ဖောက်ပြန်မှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ပုံဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းများအနက် နှစ်စဉ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးသည့် လုပ်ငန်းလည်းပါဝင်ပေသည်။ ရာသီဥတု ကောင်းမွန်ပြီး သဘာဝဘေးအန္တရာယ် လျော့ပါးရေးသည် သစ်တော၊ သစ်ပင်များအပေါ်တွင် များစွာ တည်မှီနေသောကြောင့် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးမှု လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ကွက်ပြည့်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ စိုက်ပျိုးထားသည့် သစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင်ပြုစု သွားရန်လည်း လိုအပ်ပါသည်။ သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၏ ၂၀၁၈ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)အနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အချိန်အထိ၇ နှစ်ကာလရှိပြီဖြစ်ပြီး တချို့သစ်ပင်များသည် ရှင်သန်မှု ရှိသည်ကို တွေ့ရှိရကြောင်း၊ တပ်မတော် တစ်ရပ်လုံးအနေဖြင့် ၇ နှစ်ကျော် ကာလအတွင်း သစ်ပင်ပေါင်း ဆယ်သန်းငါးသောင်းကျော၊် ဧကအားဖြင့် ငါးသောင်းကျော် စိုက်ပျိုးခဲ့ကြောင်း၊ ထိုအထဲမှ ခုနှစ်သန်းကျော်သာ ရှင်သန်ခဲ့သည်ကို တွေ့ရှိရသဖြင့် စနစ်တကျ စိုက်ပျိုးရန် လိုအပ်နေသေးသည်ကို တွေ့ရှိရကြောင်း” ပြောကြားသွားပါသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စိုက်ပျိုးထားသော သစ်ပင်များရှင်သန် ဖြစ်ထွန်းရေး အတွက်စနစ်တကျ ပြုစုပျိုးထောင်သွားဖို့ အလေးထားမှာကြားသွားခဲ့ခြင်းဖြစ်သည်။ နှစ်စဉ်လူဦးရေ တိုးပွားလာသည်နှင့်အမျှ သစ်တောသယံဇာတများကို ထုတ်ယူသုံးစွဲမှုနှင့် ပျက်စီးပြုန်းတီးမှုများ များပြားလာလျက် ရှိသည်။ နှစ်စဉ်သစ်ပင်စိုက်ပျိုးမှုများ ရှိသော်လည်း သုံးစွဲမှုနှင့်ပြုန်းတီးမှုကို ကာမိသည်အထိ စိုက်ပျိုးနိုင်ခြင်းမရှိသဖြင့် သစ်တောသယံဇာတများ ဆုံးရှုံးလျက်ရှိသည်။ ထိုအကျိုး ဆက်ကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်လာခြင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာခြင်းတို့ကို ဆက်တိုက်ကြုံတွေ့ လာကြရသည်။ ထို့ကြောင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည့် သစ်ပင်များအား ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးခြင်းနှင့် သစ်တောများ ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် တတ်အားသရွေ့ ပါဝင်ဆောင်ရွက် သွားရန် လိုအပ်ပါသည်။ ခြုံ၍တင်ပြရလျှင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ကြုံတွေ့ ခံစားနေကြရသည်။ သဘာဝဘေးအန္တရာယ် ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းသည် ကမ္ဘာကြီး ပူနွေးလာသောကြောင့် ဖြစ်သည်။ လူသားတို့၏ လောဘကြောင့် သစ်တောများပြုန်းတီး လာရသည်။ သစ်ပင်၊ သစ်တောများသည် ဂေဟစနစ် ထိန်းသိမ်းရာတွင် အခြေခံအကျဆုံးသော အရင်းအမြစ်များဖြစ်သည်။ သစ်တောသယံဇာတ လွှမ်းခြုံထားသော ဒေသများတွင် ရေအရင်းအမြစ်များကို ထိန်းသိမ်းထားနိုင်သောကြောင့် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှု လျော့ပါးလာသည့်အပြင် ရာသီဥတု မှန်ကန်လာသဖြင့် မိုးရေချိန်ပြည့်မီစွာ ရရှိသောကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေကိုပါ ဖူလုံစွာရရှိမည် ဖြစ်သည်။ ထို့ကြောင့် ဂေဟစနစ် ထိန်းသိမ်းနိုင်ရေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးတို့ အတွက် တစ်ခုတည်းသော နည်းလမ်းသည် ပြည်သူတစ်ဦး တစ်ယောက်ချင်းစီ အနေဖြင့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးခြင်းပင်ဖြစ်ပေသည်။

မောင်သောင်းဝင်း(တမန်ဟောင်း)

Read 198 times
Rate this item
(0 votes)
Last modified on Saturday, 04 August 2018 10:03