SJ WorldNews - шаблон joomla Авто

(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့် ပြိုင်ပွဲမှသည်

Monday, 03 September 2018 10:06 Written by  font size decrease font size decrease font size increase font size increase font size

ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း)၏ လမ်းညွှန်ချက်ဖြင့်  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင် ကျင်းပသော  တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲကြီးအား   ၂ဝ၁၈  ခုနှစ် စက်တင်ဘာ ၃ ရက်မှစ၍ နေပြည်တော်တွင် (၁၇)ကြိမ်မြောက်အဖြစ်  ကျင်းပတော့မည် ဖြစ်သည်။ ထူးခြားချက်အနေဖြင့် ယခင်နှစ်များတွင် ထည့်သွင်းယှဉ်ပြိုင်ခြင်း မရှိခဲ့သော ''အရေး''ပြိုင်ပွဲအား ယခုနှစ်တွင် အစီအစဉ် အသစ်အဖြစ် ထည့်သွင်းထားခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုယ်ပိုင် ယဉ်ကျေးမှုအနုပညာ ဂီတများ ရှိကြပေသည်။ယဉ်ကျေးမှု အသွင်သဏ္ဌာန်ခြင်း မတူညီကြသော်လည်း   ကိုယ်ပိုင်ယဉ်ကျေးမှု အပေါ် တန်ဖိုးထားပုံချင်းတော့ တူညီကြလေသည်။

မြန်မာ့ယဉ်ကျေးမှုသည် အသွင်သဏ္ဌာန်ရော အနှစ်သာရ အနေဖြင့်ပါ ပြေပြစ်သိမ်မွေ့နေသည်။ အပြုံးဖြင့် နှုတ်ဆက်သော ယဉ်ကျေးမှု၊  တတ်စွမ်းသမျှ ဖေးကူတတ်သော ယဉ်ကျေးမှု၊ လူကြီးသူမကို ရိုသေလေးစားတတ်သော ယဉ်ကျေးမှုသည် ကမ္ဘာ့နိုင်ငံများတွင် တွေ့ရခဲသော မြန်မာလူမျိုးတွေမှာသာ ရှိသည့် ယဉ်ကျေးမှု တစ်ရပ်ပင်ဖြစ်သည်။   မြန်မာ့ယဉ်ကျေးမှုသည် မနေ့တစ်နေ့ကမှ ဖြစ်ပေါ်လာသော ယဉ်ကျေးမှုမဟုတ်ပေ။ ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ရပ်တည်ခဲ့သော ရှေးနှစ်ပေါင်း များစွာကတည်းက  ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုများဖြင့်  ကမ္ဘာ့အလယ် ရပ်တည်နိုင်စွမ်း ရှိခဲ့သူများပင်ဖြစ်သည်။

အမျိုးဂုဏ်၊  ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးသည် ကျွန်တော်တို့အားလုံး၏ တာဝန်တစ်ရပ်ပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွက် မျိုးချစ်စိတ်ဓာတ်သည်   နိုင်ငံသားတိုင်းအတွက် အခြေခံအကျဆုံး မျိုးစေ့ပင်ဖြစ်သည်။  ထိုမျိုးစေ့ကို  ရှင်သန်အောင် စိုက်ပျိုးနိုင်မှသာ အခြားသော ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံတည်းဟူသော အကိုင်းအခက်များ ဝေဆာလာမည်ဖြစ်ပေသည်။ စိမ်းလန်းဖွံ့ဖြိုးနေသော ယဉ်ကျေးမှု သစ်ပင်ကြီး ရေရှည်တည်တံ့ ရှင်သန်စေရန်  နိုင်ငံသားအားလုံးမှ   ထိန်းသိမ်းပြုစုရမည်ဖြစ်သည်။ထိုကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေး အတွက် နိုင်ငံတော်မှလည်း နှစ်စဉ်နီးပါး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနေသကဲ့သို့ တပ်မတော်အနေဖြင့်လည်း စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသည်။

တပ်မတော်သည်   အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်   ဆိုသည်မှာ အပြောမဟုတ်ဘဲ အလုပ်တွေဖြင့် သက်သေထူလျက်ရှိသည်။ တပ်မတော်၏ အဓိက တာဝန်ကြီးများဖြစ်သော နိုင်ငံတော် ကာကွယ်ရေးတာဝန်၊  လေ့ကျင့်ရေးတာဝန်၊  ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်တို့အပြင် တစ်ဖက်တစ်လမ်းမှနေ၍လည်း   အမျိုးသားရေး လက္ခဏာများ၊  ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။  မျိုးချစ်စိတ်နှင့် ယဉ်ကျေးမှုတို့သည်    တစ်ထပ်တည်းကျနေသည်။ ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်တို့ မရှိပါဘဲ   ယဉ်ကျေးမှုချည်း သက်သက်ရေရှည် ရပ်တည်နိုင်စွမ်းရှိမည် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင်လည်း အမျိုးဘာသာ၊သာသနာနှင့် ယဉ်ကျေးမှုကို   အလေးထားသော နိုင်ငံခေါင်းဆောင်များ လက်ထက်တွင် နိုင်ငံတော် စည်ပင်ဝပြောပြီး အေးချမ်းတည်ငြိမ်မှု ရှိတာကို တွေ့ရမည်ဖြစ်သည်။ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှု လျော့နည်းလာလျှင်  နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးများက လွယ်လင့်တကူ ဝင်ရောက်လာမည်ဖြစ်သည်။

ရိုးရာယဉ်ကျေးမှု  အစဉ်အလာကောင်းများကို ထိန်းသိမ်းခြင်းသည်  ရှေးရိုးစွဲခြင်း မဟုတ်ပေ။ နိုင်ငံရပ်ခြား ရုပ်သံဇာတ်လမ်းတွဲများနှင့်   ခေတ်ရေစီးကြောင်း ဖက်ရှင်တို့ကြောင့် မြန်မာလူငယ်တို့သာမက လူကြီးပိုင်းများထိပင်  ဝတ်စားဆင်ယင်မှုတို့ ယိုင်နဲ့ခဲ့လေသည်။ ဂီတဘက်ပိုင်းတွင်လည်း  ထိုသို့တွေ့ရပြန်သည်။  ပုဆိုး၊ တိုက်ပုံမဝတ်ဘဲ ပုဆိုးနှင့် ရိုးရိုးအင်္ကျီ တွဲဖက်ဝတ်ဆင်လျှင်ပင် ရှေးပုံစံပေါက်သည်ဟု ထင်မြင်လေ့ရှိကြသည်။ မိန်းကလေးများဆိုလျှင်လည်း ရိုးရိုးထဘီနှင့် သာမန်ရင်ဖုံး အင်္ကျီလက်ရှည်များဝတ်လျှင် ခေတ်မမီသည့်သဘော ဖြစ်လာကြသည်။ သနပ်ခါးပါးကွက်နှင့် ဆံပင်ရှည်ထားသော မိန်းကလေးမျိုးဆိုလည်း ထူးဆန်းသလို ဖြစ်နေကြသေး သည်။

ယနေ့ခေတ်ကာလတွင် မြန်မာသံစဉ် တေးသီချင်းများကို နားထောင်သူ နည်းပါးလာကြသည်။ လူငယ်များသာမက လူလတ်ပိုင်းထိ ရာခိုင်နှုန်းအများစု၏ လက်ကိုင်ဖုန်းများတွင် ခေတ်ပေါ်သီချင်းများနှင့် အင်္ဂလိပ် တေးသီချင်းများကသာ ပိုမိုနေရာယူလာကြသည်။ မည်သည့်နေရာရောက်ရောက် အများဆုံး ကြားရလေ့ရှိသည်မှာ ထိုတေးသီချင်းများသာ ဖြစ်နေသည်။ စာရေးသူသည် ဝုန်းဝုန်းဒိုင်းဒိုင်း သီချင်းအနည်းစုကိုလည်း  လက်ခံသည်။  ရော့ခ်သီချင်း အနည်းစုကိုလည်း  နှစ်သက်သည်။

မြန်မာသံစဉ် တေးသီချင်းအများစုကိုတော့ ပို၍နှစ်သက်တတ်သည်။  ဂီတအမျိုးအစား မခွဲခြားဘဲ   နှစ်သက်တတ်ပါသည်။ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်မှသည် အောင်သူ၊ လွှမ်းမိုး၊ စိုင်းထီးဆိုင်သီချင်းများကိုလည်း  ခံစားမိပါသည်။  ခင်ညွန့်ရည်၊ နီနီဝင်းရွှေမှသည် စိုးစန္ဒာထွန်း၊ ပိုးအိစံတို့အထိလည်း   နားဆင်ခံစား တတ်ပါသည်။ မြန်မာသံစဉ် ဂန္ထဝင်သီချင်းများကို ပိုနားထောင်လေ့ရှိရာ စာရေးသူဖွင့်သည့် အဆိုပါ အဆိုတော်များ၏  တေးသီချင်းများ နားထောင်ရသော သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များက ''ရှေးသီချင်းတွေ ဖွင့်နေတယ်''ဆိုပြီး အံ့သြတကြီး ဖြစ်ကြပါသေးသည်။  မြင်တွေ့ရသော ဥပမာတစ်ခု တင်ပြရလျှင် နှစ်စဉ်သင်္ကြန်ကျတိုင်း မြို့မငြိမ်း၏ တေးသီချင်းများက မရိုးနိုင်ဘဲ သစ်လွင်နေဆဲ၊ ခေတ်ကာလနှင့် ထင်ဟပ်နေဆဲသာဖြစ်ခဲ့ပါသည်။

သင်္ကြန်သီချင်းအသစ်များ   နှစ်တိုင်း ပေါ်ထွက်နေသော်လည်း   အကြိုမှသည် အတက်နေ့အထိ ရိုးရာ၊ ယဉ်ကျေးမှု၊ ကြည်နူးအေးချမ်းမှု အငွေ့အသက်များ  ထုံမွမ်းထားသော   မြို့မငြိမ်း၏ တေးသီချင်းများကသာ သင်္ကြန်ပွဲ ဆင်နွှဲသူတိုင်း၏   နှလုံးအိမ်ထဲ ထိုးဖောက်ခဲ့သည်။ ၂ဝ၁၆ ဘရာဇီးအိုလံပစ်ပြိုင်ပွဲတွင် သာယာငြိမ့်ညောင်းမှုတို့ဖြင့် အနှစ်သာရရှိလှသော  မြန်မာနိုင်ငံ၏ နိုင်ငံတော် သီချင်းသည် ကောင်းမွန်သော တေးသီချင်းအဖြစ် အဆင့်(၂)ရရှိခဲ့သည်ဟု သိရသည်။ 

ဇာတိသွေး၊  ဇာတိမာန်တွေ ထင်ဟပ်နေသော ကမ္ဘာမကြေသီချင်းမှ တစ်ဆင့် ကျွန်တော်တို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုတွေကို  ဖော်ထုတ်ပြသခွင့်ရရှိခဲ့သည်။

နည်းပညာတိုးတက်မှုကို ကြိုဆိုအတုယူရမည်ဖြစ်သော်လည်း အမိနိုင်ငံတော်နှင့် မသင့်လျော်သည့် ယဉ်ကျေးမှု ဓလေ့များကိုတော့ ရှောင်ကြဉ်ရပါမည်။ ရှောင်ကြဉ်နိုင်စွမ်းရှိရန် အမျိုးသားရေး စိတ်ဓာတ်များ ပြင်းပြနေဖို့ အရေးကြီးသည်။ ဂျပန်နိုင်ငံ၏ မေဂျီတော်လှန်ရေး ကာလအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အနောက်နိုင်ငံများနှင့်  စီးပွားရေး လက်တွဲလုပ်ကိုင် ရမည်ဖြစ်သောကြောင့်   သူတို့၏ ယဉ်ကျေးမှုဓလေ့များ ဂျပန်နိုင်ငံတွင်း စိမ့်ဝင်လာမှာကို စိုးရိမ်ခဲ့ကြသည်။ အစိုးရနှင့်ပြည်သူများအကြား   အတိုက်အခံများပြုရင်းဖြင့် အတည်ပြုချက်တစ်ခုချမှတ်နိုင်ခဲ့လေသည်။ ဝင်ရောက်လာသော အနောက်နိုင်ငံသားများထံမှ နည်းပညာများကိုသာ ယူပြီး နိုင်ငံ၏ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဓလေ့များကို လက်မခံရေးဟူသော ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။  ယနေ့ကျွန်တော်တို့ မြင်တွေ့နေရသော  ဂျပန်နိုင်ငံ၏ စိတ်ဓာတ်ပင်ဖြစ်သည်။ ရုရှားနိုင်ငံ၏ ပညာရေးစနစ်တွင် အင်္ဂလိပ်စာကို သုံးစွဲမှုနည်းပါးကြောင်း တွေ့ရှိရသည်။ မဖြစ်မနေမှသာ အင်္ဂလိပ်စကားကို သုံးစွဲကြပြီး  အများအားဖြင့် မိခင်ဘာသာစကားကိုပဲ ပြောဆိုကြလေသည်။ သူတို့ရှင်းပြသည်မှာ ''မိခင်ဘာသာစကားဖြင့်လည်း သူတို့ရပ်တည်နိုင်ကြောင်း၊ မဖြစ်မနေမှသာ အင်္ဂလိပ်လိုသုံးကြောင်း'' ဟူ၍ပင်ဖြစ်သည်။ စာရေးသူ မြင်တွေ့ရသလောက် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သော နိုင်ငံနှစ်နိုင်ငံပင်ဖြစ်သည်။

စာရေးသူသည်  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များသို့ အလုပ်ဖြင့် ရောက်ရှိခဲ့စဉ် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေကြသည်များကို တွေ့ရှိခဲ့ရသည်။

ယခင်နှစ်များမှ   အားနည်းချက်များကို အားကြိုးမာန်တက်  ပြုပြင်လေ့ကျင့်နေကြသည်ကို တွေ့ရသည်။ နည်းပြများမှလည်း စနစ်တကျ သင်ကြားပြသပေးနေကြသည်။ ယခုနှစ်ပြိုင်ပွဲတွင်  ခေတ်ဟောင်းကဏ္ဍမှ သတ်မှတ်ထားသော သီချင်းများဖြစ်သည့် လှမဉ္ဇူ၊ ရွှေပုပ္ပား၊ မေတ္တာအရင်းခံ၊ စံပယ်တင်မှဲ့သီချင်းများကို လည်းကောင်း၊ ကာလပေါ်ကဏ္ဍဖြစ်သော ချစ်ရသည်က အသက်ထက်ဆုံး၊ စာဆိုစစ်သည်၊ ပေဖူးလွှာနှင့် ရွှေမိုးညိုသီချင်းများကို လည်းကောင်း  သီဆိုလေ့ကျင့် နေကြတာကို   မြင်တွေ့ကြားသိခဲ့ရသည်။ လူရွှင်တော်များနှင့်  အကလေ့ကျင့်မှုများကို လည်းကောင်း၊    အတီးပြိုင်ပွဲဖြစ်သည့် ဆိုင်းဝိုင်း၊ မောင်း၊ ဝါးပတ္တလား လေ့ကျင့်မှုများကို လည်းကောင်း၊ ပြဇာတ်ပြိုင်ပွဲအတွက် လေ့ကျင့်မှုများကို လည်းကောင်း   အကြိုအနေဖြင့် ခံစားခဲ့ရသည်။ ယခုကျင်းပသော ပြိုင်ပွဲသည် တပ်ဖွဲ့တွင်း ဇာတိသွေး၊ ဇာတိမာန်တွေ ထက်သန်စေရုံသာမက တိုင်းရင်းသားပြည်သူလူထု အားလုံးအတွက်  အမျိုးဘာသာ၊ သာသနာချစ်စိတ်များ တက်ကြွစေရန် ကျင်းပသောပြိုင်ပွဲလည်း ဖြစ်ပေသည်။

ယနေ့ခေတ်ကာလတွင် နိုင်ငံတစ်နိုင်ငံအား စစ်ပြုပြီးမှသာ  တိုက်ခိုက် သိမ်းပိုက်နိုင်သော အခြေအနေမျိုး မဟုတ်တော့ပေ။ယဉ်ကျေးမှုကို ဖျက်ဆီးလိုက်သည်နှင့် အခြေခံစိတ်ဓာတ်များက တဖြည်းဖြည်း ဝါးမျိုခြင်းခံလိုက် ရတော့သည်။ လူနေမှုစနစ် ယဉ်ကျေးမှု၊ ပညာရေးစနစ်ယဉ်ကျေးမှု၊  အမျိုးသားရေးစနစ် ယဉ်ကျေးမှုများ   တဖြည်းဖြည်း မှိုင်းတိုက်ခံရသောအခါ  နိုင်ငံသားတိုင်း၏ မူလယုံကြည်ချက်၊ ခံယူချက်တွေ ပျက်သုဉ်းလာကြသည်။   ဤသည်ကို  အခွင့်ကောင်းယူ၍ အမြတ်ထုတ်လိုသူတွေက ကုလားဖန်ထိုးလာကြသည်။ ထိုသို့ဖြစ်ရပ်များသည် အတိတ်သမိုင်းမှာလည်း ရှိခဲ့ဖူးသည်။ မြန်မာစာကိုပင် ချောင်ထိုးဖို့ကြိုးစားခဲ့ကြသည်။ အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတွေကြောင့် ''မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား၊တို့ပြည်ကို ချစ်ပါ၊ တို့စာကို မြတ်နိုးပါ၊ တို့စကားကို လေးစားပါ'' ဟူ၍ကြွေးကြော်သံတို့ ပေါ်ပေါက်ခဲ့ရခြင်းပင်ဖြစ်သည်။ ယဉ်ကျေးမှု နယ်ပယ်သည် ကျယ်ပြန့်လှသည်။ ပြောင်းလဲလာသော ခေတ်ကာလများအရ ယဉ်ကျေးမှုပုံစံ အမျိုးမျိုး ပြောင်းလဲလာတာကို တွေ့ရသည်။ အနုပညာယဉ်ကျေးမှု၊ ကိုယ်နှုတ်နှလုံး ယဉ်ကျေးမှု၊ ဘာသာစကား ယဉ်ကျေးမှုတွေ မျိုးစုံပြောင်းလဲလာကြသည်။ မည်သည့် ယဉ်ကျေးမှုများပင်ဖြစ်စေ ကောင်းသောပြောင်းလဲခြင်းသာ ဖြစ်သင့်ပေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတို့သည် ဗုဒ္ဓဘုရား၏ အဆုံးအမများအောက်တွင် ကြီးပြင်းခဲ့သူများဖြစ်သည်

နှင့်အညီ မင်္ဂလာတရားတော်များအတိုင်း ပြုမူနေထိုင်သူများဖြစ်သည်။  နည်းအမျိုးမျိုးဖြင့်ကျူးကျော်လာသော ဆန့်ကျင်ဘက် ယဉ်ကျေးမှုများအား ဗုဒ္ဓအဆုံးအမများ၊ အမျိုးသားရေးစိတ်ဓာတ်များဖြင့် တွန်းလှန်နိုင်ဖို့ လိုအပ်သည်။ ယနေ့အချိန်အခါတွင် လက်နက်ကိုင် ခုခံတိုက်ခိုက်မှသာ နိုင်ငံတော်ကို ကာကွယ်နေခြင်း မဟုတ်ဘဲ  သပ်လျှိုသွေးခွဲလာသောယဉ်ကျေးမှုစနစ်တွေကိုလည်း အမျိုးသားရေးစိတ်တို့ဖြင့် ခုခံကာကွယ်ရမည်ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ဘက်ပေါင်းစုံမှ အားတက်သရော  ပါဝင်လုပ်ဆောင်လျက် ရှိသည်။ သဘာဝဘေးအန္တရာယ်ကို ကာကွယ် နိုင်စေခြင်းအလို့ငှာ နှစ်စဉ်သစ်ပင်များ စိုက်ပျိုးနေသကဲ့သို့ ရိုးရာယဉ်ကျေးမှုများ မတိမ်ကော

စေရေးအတွက်လည်း အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများ ကျင်းပပေးပြီး နိုင်ငံတော်အတွက် အဖိုးတန်သည့် ရွက်ပုန်းသီး ပညာရှင်များကို  မွေးထုတ်ပေးနေခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသား ကာကွယ်ရေး တာဝန်ကို  ထမ်းဆောင်ခြင်းလည်း ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရသော်   ရိုးရာယဉ်ကျေးမှုသည် နိုင်ငံတိုင်း လူမျိုးတိုင်း၏ ထူးခြားသည့် ဝိသေသလက္ခဏာကို ဖော်ညွှန်းနေသည့် ကိုယ်ပိုင်အမျိုးသားရေး သင်္ကေတဖြစ်သကဲ့သို့ ရုပ်ရည်၊ သွင်ပြင်၊ လက္ခဏာ၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ ဘာသာစကားအသုံးအနှုန်း၊ ယဉ်ကျေးမှုဓလေ့စရိုက် အစဉ်အလာနှင့်   လူမှုကျင့်ဝတ်စံနှုန်း တို့သည် ထိုနိုင်ငံနှင့် လူမျိုးတို့၏ ဥပဓိရုပ်များ ဖြစ်ကြရာ ယင်းကိုယ်ပိုင်အမျိုးသားရေး သင်္ကေတနှင့် အမျိုးသားရေး ဥပဓိရုပ်တို့ ပျောက်ဆုံးပျက်ယွင်းသည့်နေ့သည် နိုင်ငံနှင့်လူမျိုးပါ ပျောက်ကွယ်သည့်နေ့ ဖြစ်ပေမည်။ အတိတ်မှ သင်ခန်းစာများကို ဖော်ထုတ်ရင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား တိုင်းတစ်ပါး၏ ယဉ်ကျေးမှုနွံမှာ ပြန်လည် မနစ်မွန်းစေဖို့ တပ်မတော် အနေဖြင့်လည်း ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း (၁၇)ကြိမ်မြောက်  တပ်ဖွဲ့တွင်း အဆို၊  အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲကြီးကို ကြိုဆိုဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။   

နွေကံ့ကော် (မြို့လှ)

Read 284 times
Rate this item
(0 votes)
Last modified on Monday, 03 September 2018 10:09

Latest from ကေတု