SJ WorldNews - шаблон joomla Авто

နေအရုဏ်သင့် ကြာနှယ်ပွင့်သို့

Thursday, 06 September 2018 10:32 Written by  font size decrease font size decrease font size increase font size increase font size

''နေအရုဏ်သင့် ကြာနှယ်ပွင့်၏''ဟူသော စကားကို စာရေးသူ ငယ်စဉ်ကပင် ကြားခဲ့ရသည်။ စာရေးသူ နဝမတန်းကျောင်းသား အရွယ်သို့ရောက်သောအခါ မှတ်မှတ်ရရ အဒေါ်ဖြစ်သူ၏ ရဟန်းခံအလှူရှင်ပြု မင်္ဂလာပြုသောအခါ ဇာတ်သဘင်ပွဲတစ်ပွဲ ငှားရမ်းခဲ့သည်။ ထိုစဉ်က စာရေးသူတို့ ရွှေဘိုနယ်ကျေးတောရွာ၌  ငွေကြေးတတ်နိုင်သူတို့က ဤသို့ပင်  ညပိုင်း၌  ဇာတ်တစ်ပွဲခင်းပေးကြသည်။စင်မြင့်ပေါ်တွင် လိုက်ကာကြီးများဖြင့် ကြီးကျယ် ခမ်းနားခြင်းတော့ မဟုတ်ပါ။

အိမ်ရှေ့ မန်ကျည်းပင်အောက်တွင် သင်ဖြူးဖျာများခင်းပြီး ကပြဖျော်ဖြေခြင်းမျိုးသာ ဖြစ်သည်။ ရွာခံများနှင့် ပတ်ဝန်းကျင်ရွာများမှ ပရိသတ်အပေါင်းတို့ကလည်း နွားတင်းကုပ် အနီးရှိ  ကောက်လှိုင်းများကိုဖြန့်ခင်းကာ ကြည့်ရှုအားပေးကြသည်ကို ယနေ့တိုင် မြင်ယောင်နေဆဲပင် ဖြစ်သည်။ ရှေးယခင်က ကြားခဲ့ရဖူးသော မြေဝိုင်းအကမျိုးလည်း ဖြစ်မည်မထင်ပါ။ ထိုနေ့က တီးခတ်ရင်းသီဆိုသော  ဆိုင်းဆရာထံမှ ''နေအရုဏ်သင့် ကြာနှယ်ပွင့်သို့''   ဟူသော တေးသွားအား ကောင်းစွာကြားလိုက်ပြန်သည်။ ထိုအခါ စာရေးသူမျက်ဝန်းထဲသို့ ရွာဦးဘုန်းကြီးကျောင်း အတွင်းရှိ ကြာအိုင်ကြီးထဲမှ ကြာဖူး၊ ကြာငုံ၊ကြာပွင့်တို့   ကွင်းကွင်းကွက်ကွက် ပေါ်လာသည်။   ''နေအရုဏ်သင့် ကြာနှယ်ပွင့်သို့'' ဟူသော စကားသည်ကား     ကြာတို့သည် အရုဏ်ဦး အလင်းရောင်ဖြင့် ပွင့်ကြကုန်သည်တော့ မဟုတ်တန်ရာဟု  ပြန်လည်စဉ်းစားမိသည်။ သည့်နောက်  ထပ်မံစဉ်းစားမိသည်က အကြောင်းအရာတစ်ခုကို ဥပမာပြုတင်စားထားခြင်းဖြစ်ကြောင်း နားလည်လာခဲ့သည်။

ကလေးပီပီ သိလိုစိတ်ကပြင်းပြလာသဖြင့် ''နေအရုဏ်သင့် ကြာနှယ်ပွင့်သို့'' ဟူသော စကားအရာ မေးမြန်းကြည့်သောအခါ ဆိုင်းဆရာကြီးက ပါးစောင်တွင်ငုံထားသည့် ကွမ်းခြမ်းကြီး ပေါ်သွားသည်အထိ ကြည့်ကာပြုံးပြရင်း  ''ဒီလိုကွ- နံနက်ခင်း  အရုဏ်ဦးအလင်းရောင်နဲ့ ကြာပန်းပွင့်တို့ ပနံသင့်လှပပုံကို ဖော်ကျူးလိုက်တာပါကွ'' ဟုဆိုသည်။

ထိုသည်မှစ၍ မြန်မာ့ဇာတ်သဘင် အနုအရွအကများနှင့် မြန်မာဆန်သည့် တေးသွားတို့ကစာရေးသူ၏ ရင်ထဲတွင် ခိုင်မြဲစွာ ကိန်းအောင်းလာခဲ့သည်ဟု ဆိုရမည်သာဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုဟူသည် ရှိကြသည်။  သို့သော်ဒေသ နီးစပ်မှုအပေါ်မူတည်၍ ယဉ်ကျေးမှုစီးမျောလာခြင်းတော့ ရှိတတ်ပါသည်။ သို့သော်ကိုယ်ပိုင် ယဉ်ကျေးမှုကို လုံးလုံးလျားလျား လွှမ်းမိုးနိုင်မှုမရှိပါ။ ဥပမာ-အများထင်မြင်ယူဆကြသော အရှေ့တောင်အာရှဒေသများသို့  တရုတ်၊  အိန္ဒိယ ယဉ်ကျေးမှုကြီးများ ဝင်ရောက် ထိုးဖောက်လာသည်ဟု ဆိုကြလျှင်ထိုဒေသရှိ    တိုင်းရင်းသား လူမျိုးတို့သည် အရိုင်းအစိုင်း ယဉ်ကျေးမှု လုံးဝကင်းမဲ့နေသည်ဟု ဆိုရာရောက်နေပေသည်။ ထိုးဖောက်လာသည် ဆိုသော်ငြားလည်း ထိုဒေသရှိ တိုင်းရင်းသားတို့သည် ထိုယဉ်ကျေးမှုအား  အလုံးစုံလက်ခံ ကျင့်သုံးခဲ့သည်မဟုတ်ပါ။   ယနေ့''ယဉ်ကျေးမှု''ဟု နှုတ်ကပြောနေကြသော်လည်း အနက်အဓိပ္ပာယ် အမျိုးမျိုးဖွင့်ဆိုလျက်ရှိကြသည်။အင်္ဂလိပ်ဘာသာတွင်လည်း Culture  နှင့် Civilisation  ဟူသော ဝေါဟာရများကိုပင် ယဉ်ကျေးမှုဟူ၍ သိမ်းကျုံးကာ ဆိုထားသည်ကို တွေ့ရှိရပါသည်။ Civilisationသည် Culture အား တစ်ဆင့်မြှင့်တင်ထားသည့်  ဝေါဟာရဖြစ်သည်။   စင်စစ် ယဉ်ကျေးမှုဆိုသည်မှာ သဘာဝပတ်ဝန်းကျင်မှ လူတို့ကိုယ်တိုင် ဖန်တီးယူထားသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်း အတွင်း ပြုမူ၊ ပြောဆို၊ နေထိုင်စားသောက်မှု စသည့်ပုံစံသည် လူတို့၏ ယဉ်ကျေးမှုစနစ်ဖြစ်သည်။

ပထဝီမြေအနေအထား၊ ရာသီဥတု ကွဲလွဲခြင်းကြောင့် လူသားတို့သည် အသားအရောင် ကွဲပြားလာသလို ယဉ်ကျေးမှုသည်လည်း တစ်စတစ်စ တရွေ့ရွေ့ မတူကွဲပြားလျက်ရှိသည်။ ထင်သာမြင်သာဆိုရလျှင် အအေးပိုင်းဒေသနှင့် အပူပိုင်းဒေသရှိ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအကကွဲပြားသည်ကို သတိပြုမိပါလိမ့်မည်။ ဥရောပကဲ့သို့သော ရာသီဥတု အအေးပိုင်းဇုန်ရှိ တိုင်းရင်းသားတို့၏ အကသည် ရာသီဥတုကြောင့် ကကြိုးသွယ်ရာတွင် ခေါင်း၊ ခါး၊ ခြေ၊ လက်အသွက်သဘောဖြင့် ကခုန်ကြသည်။ အပူပိုင်းဒေသရှိ တိုင်းရင်းသားတို့မှာ  ရာသီဥတုကြောင့်  ငြိမ့်ညောင်းစွာ ကကြသည့် သဘောရှိသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံအတွင်း၌ပင်     အအေးပိုင်းဥတုရှိ တိုင်းရင်းသားတို့၏ အကနှင့် မြေပြန့်ဒေသ အပူပိုင်းရှိ တိုင်းရင်းသားတို့၏ အက မတူပါ။

သို့သော်လည်း တစ်ဝန်းတည်းရှိသည့်အတွက် ယဉ်ကျေးမှုမှာ    အတော်ပင် နီးစပ်သည်ဟု လည်း ဆိုနိုင်သည်။လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုသည်    ထိုလူမျိုးတို့၏ အတိတ်နှင့်ပစ္စုပ္ပန် ကာလများတွင် ပြုစုပျိုးထောင်လာခဲ့သည့် အတွေ့အကြုံများသာ ဖြစ်သည်ဟုဆိုကြသည်။ ဤစကားသည်  အလွန်အမင်း မှန်ကန်လှပေသည်။

အတိတ်ကိုချန်လှပ်ထားလျှင် ယဉ်ကျေးမှုဟူသည် ပပျောက်သွားမည်သာဖြစ်သည်။မြန်မာ့ရိုးရာ အကပဒေသာများသည် မြန်မာတို့၏ အတိတ်သမိုင်းကြောင်းကို ပြဆိုနေခြင်းပင်ဖြစ်သည်။ ရှေးမြန်မာတို့၏ နူးညံ့သိမ်မွေ့မှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကကြိုးကဟန်နှင့် တီးခတ်မှုတူရိယာ စသည်တို့ကို ဖော်ကျူးခြင်းသာမက ခေတ်ကာလရွေ့လျား ခြင်းနှင့်အတူ  အတီးအမှုတ်၊ အကအလှ၊ တေးသွားတို့သည်လည်း ပြောင်းလဲတိုးတက်  လာခဲ့သည်။ ဤသည်မှာ မြန်မာ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာခြင်း ပြယုဂ်တစ်ခုပင်ဖြစ်သည်။  ဆိုခဲ့သလိုယဉ်ကျေးမှုဟူသည် ရေစီးကြောင်းပမာ ရွေ့လျားပြောင်းလဲလျက် ရှိသည်။ သို့သော်လည်း ယဉ်ကျေးမှုတည်း ဟူသော ရေစီးကြောင်းသည်ကား မတိမ်ကောဖို့ရန် အထူးလိုအပ်သည်။   ယဉ်ကျေးမှု ပပျောက်လျှင် လူမျိုးပျောက်ချေတော့မည်ကို ကျွန်ုပ်တို့တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး သတိချပ်ရန် လိုအပ်သည်။

ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ပျူယဉ်ကျေးမှုသည် ရှေးမြန်မာ့သမိုင်းအတွက် အထောက်အပံ့ဖြစ်ခဲ့သည်။ ထင်ရှားခဲ့သည်။ ပျူစာပေသည် မွန်စာပေနှင့်တစ်ခေတ်တည်း ထွန်းကားလာခဲ့သည်။ အထောက်အထားများအရ အေဒီ၅ဝဝ ခုကတည်းက ကမ္ပည်းကျောက်စာများ ရေးထိုးခဲ့ကြသည်ဟု သုတေသီတို့ ဆိုကြသည်။

စာပေထွန်းကားမှုသည် ရိုးရာယဉ်ကျေးမှု မြင့်မားလာခြင်း၏ ပြယုဂ်တစ်ခုဖြစ်သည်။ စာပေနှင့်ဂီတအနုသုခုမ ဟူသည် အစဉ်ဒွန်တွဲလျက်ရှိရာ မြန်မာတို့၏ အနုသုခုမသည်ကားရှေးကျပြီး အဆင့်အတန်းမြင့်မားမှုကို ခန့်မှန်းနိုင်သည်။ ပြည်မြို့ ရွှေဆံတော်ဘုရားတွင် တွေ့ရှိရသော     ကျန်စစ်သားမင်းကြီး၏ ကျောက်စာတွင် နန်းဥကင်ဖွင့်ပွဲ သဘင်တွင် အမျိုးလေးပါးတို့ တူရိယာများကို တီးမှုတ်၍ ကခုန်သီဆိုခဲ့ကြသည်ဟု ရေးထိုးထားသည်။

¤င်းတွင်ွှငမခကူ တိရ်စုလ် ဟူသော ပျူလူမျိုးတို့ပါဝင်သည်။ ထို့ပြင် တရုတ်နိုင်ငံ  ရှေးမှတ်တမ်းများတွင်  ပျူတို့၏တေးဂီတနှင့် အကတို့ကို   ခမ်းခမ်းနားနား ရေးသားထား သည်ကို လေ့လာတွေ့ရှိရသည်။ ပျူတို့တွင် တေးဂီတနှင့် ပတ်သက်၍ အတန်ငယ်စုံလင် များပြားသော တူရိယာများရှိကြောင်း၊ ဂီတမှာ သံစုံရှိ၍ အလိုရှိသလို တစ်စုတစ်ဖွဲ့တည်း တီးမှုတ်နိုင်ကြောင်း  မှတ်တမ်း၌ရေးသားထားကြသည်။ ပျူတို့၏ တူရိယာပစ္စည်းများမှာ သံဖြင့်ပြုလုပ်ထားသော တူရိယာနှစ်မျိုး၊ ဆင်စွယ်ဖြင့်တစ်မျိုး၊    ကြိုးတပ်ပစ္စည်း ခုနစ်မျိုး၊ ဝါးဖြင့် နှစ်မျိုး၊ ဘူးခွံဖြင့် နှစ်မျိုး၊ သားရေဖြင့် နှစ်မျိုး၊ ခရုခွံဖြင့် တစ်မျိုး၊ အခြား ပစ္စည်း နှစ်မျိုး စုစုပေါင်း ၁၉ မျိုးရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ပုဂံခေတ်တွင် ရှေးဦးစွာ စာပေနှင့် ယဉ်ကျေးမှုမြင့်မားလျက်ရှိသော ပျူ၊ မွန်စာပေနှင့် ပါဠိပေါင်းစည်းကာ ''မြန်မာ အက္ခရာ''အဖြစ်  အသုံးပြုလာခဲ့ကြသည်။ ပထမမြန်မာနိုင်ငံတော်အား စုစည်းတည်ထောင်ခဲ့သည့် အနော်ရထာ မင်းစော လက်ထက်တွင် မြန်မာ့စာပေနှင့် ဂီတအနု သုခုမအတတ် ပိုမိုထွန်းကားလာကြောင်း လေ့လာသိရှိနိုင်သည်။

ကျွန်ုပ်တို့နိုင်ငံသည် ဧရိယာကျယ်ဝန်းပြီး လူဦးရေ များပြားသော နိုင်ငံနှစ်ခုအကြား တည်ရှိနေသော်လည်း ယနေ့တိုင် လူမျိုးမပျောက် ကမ္ဘာ့အလယ် ဂုဏ်ဝင့်စွာရှိနေနိုင်ခြင်းမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း ကောင်းစွာ ထိန်းသိမ်းခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာမှုနယ်ပယ်တွင် မိဘဝတ်၊ သားသမီးဝတ်၊ ဆရာ့ဝတ်၊ တပည့်ဝတ်၊ မိတ်ဆွေဝတ်  စသည့် လူမှုကျင့်ဝတ်ဟူ၍ ရှိသည်။  ထိုကျင့်ဝတ်တို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းထားခြင်း မဟုတ်သော်လည်း ဘာသာတရားနှင့် ရိုးရာယဉ်ကျေးမှုတို့အတွက် အခြေခံကောင်းများပင် ဖြစ်သည်။ နယ်ချဲ့လက်အောက် နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရသော်လည်း ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတို့ မပျောက် ခဲ့သည်မှာလည်း ကျွန်ုပ်တို့ ဘိုးဘွား၊ မိဘ များက သားသမီးကျင့်ဝတ် ငါးပါးအနက် ''မွေခံထိုက်စေ''နှင့် ''စောင့်လေမျိုးနွယ်'' ဟူသော ကျင့်ဝတ်အား ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံခဲ့ကြပြီး အဖိုးမဖြတ်နိုင်သော ရတနာ အမွေအဖြစ် လက်ဆင့်ကမ်းပေးခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ''မွေခံထိုက်စေ'' ဟူသည်မှာ မိဘတို့ထားရှိခဲ့သည့် ပစ္စည်းဥစ္စာ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ တို့ကိုလည်း အမွေအဖြစ် ကောင်းစွာခံယူရ မည်ကိုဆိုလိုသည်။ ထို့အတူ  ''စောင့်လေမျိုးနွယ်''ဟူသည်မှာ မိမိတို့၏ မျိုးနွယ်ကို စောင့်ရှောက်ထိန်းသိမ်းရမည်ဟု ဆိုထားရာ ဝယ် မျိုးနွယ်ကိုသာမက ယဉ်ကျေးမှုပျောက် လျှင်  မျိုးနွယ်ပျောက်ဆုံးသည်မို့ ယဉ်ကျေးမှုဟူသည်လည်း ထပ်လောင်းပါရှိနေသည်ကို သတိချပ်ရမည်ဖြစ်သည်။

ယနေ့ကမ္ဘာကြီးသည် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်  ကောင်းမွန်လာသည်နှင့်အတူ တိုင်းတစ်ပါး ယဉ်ကျေးမှုတို့သည်လည်း ထိုးဖောက်လာသည်ကို တွေ့ရှိရသည်။ ရေစီးကြောင်းကဲ့သို့ စီးမျောနေသည့် ယဉ်ကျေးမှုအား မူရင်းစွဲကိုပင်  အတင်းအကျပ်ထိန်းသိမ်းထားလျှင်လည်း တစ်စတစ်စ ပိန်လှီပျောက်ကွယ် သွားတတ်သည့် သဘောလည်းရှိသည်။ ခေတ်ကာလ၏ တိုးတက်မှုအလျောက် မြန်မာဂီတကိုလည်း ခေတ်ကာလနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုးပမ်းရမည်ဖြစ်သလို မူရင်းဂီတကိုလည်း ထိန်းသိမ်း ထားရမည်သာဖြစ်သည်။

ယနေ့မြန်မာနိုင်ငံ၌  တိုင်းရင်းသားတို့၏ အထိမ်းအမှတ်ပွဲများတွင် ရိုးရာအကများဖြင့် တီးမှုတ်နေသည်ကို တွေ့ရှိရသည်မှာ ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်သည်။ ထို့အတူ မြန်မာ့တပ်မတော် အနေဖြင့်လည်း ''အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရေး''နှင့် ''မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး''ဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာ့ဂီတအနုပညာကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့တွင်း အဆို၊အက၊ အရေး၊အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်   မျက်လှည့်ပြိုင်ပွဲအား နှစ်စဉ်ကျင်းပလျက်ရှိရာ  ယခုနှစ်ဆိုလျှင် (၁၇)ကြိမ်မြောက်သို့  တိုင်ခဲ့ပြီဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ဤသို့ကျင်းပနေခြင်းသည် အားပေးကြည့်ရှုလျက်ရှိသည့် စာရေးသူနှင့် မိဘပြည်သူတို့ နှလုံးသားဝယ် နေအရုဏ်သင့် ကြာနှယ်ပွင့်သို့ ကြည်နူး ဝမ်းမြောက်မိပါတော့သည်။  

Read 240 times
Rate this item
(0 votes)
Last modified on Thursday, 06 September 2018 10:34

Latest from ကေတု