SJ WorldNews - шаблон joomla Авто

မပြယ်လေသည့်သည်နှောင်ထုံး ကမ္ဘာဆုံးတိုင် တည်ရမည်

Tuesday, 10 September 2019 11:50 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နိုင်ငံများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု ရှိကြရာ  နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုသည် ထိုနိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်း ဂုဏ်ဒြပ်ဖြစ်သဖြင့် အစဉ်အလာအားဖြင့် ထိန်းသိမ်းလာခဲ့သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို   ရှာဖွေဖော်ထုတ်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်း စောင့်ရှောက်နေကြသည်။

သမိုင်းအစဉ်အလာ ကြီးမားသော မြန်မာတို့သည် ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါ ပျောက်မည်ဟူသော ဆိုရိုးစကားနှင့်အညီ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရန်၊ ကိုယ်ပိုင်အနုပညာနှင့် ခေတ်အဆက်ဆက် သမိုင်းအစဉ်အလာများ မတိမ်ကော၊ မပပျောက်စေရန် အတွက်  ပညာရှင်များက နည်းမျိုးစုံဖြင့် မှတ်တမ်းတင်ပြီး  မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း လာခဲ့ကြပြီးဖြစ်သည်။

ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်ခံကြသော ယနေ့မြန်မာတို့က ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်၍ နှောင်းခေတ်မြန်မာတို့အား လက်ဆင့်ကမ်း အမွေပေးကြရမည်မှာ သမိုင်းပေး တာဝန်ဖြစ်ပါသည်။

သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေကြသည့်  နိုင်ငံတော် အစိုးရ  ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်သော တပ်မတော်ကလည်း တစ်ဖက်တစ်လမ်းမှ စိတ်အားထက်သန်စွာ ပါဝင်ထမ်းဆောင်နေပါသည်။ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၇ ရက်အထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲများ ကျင်းပရာတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို မတိမ်ကော မပပျောက်အောင်  ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန်၊ အနုသုခုမပညာရပ်များမှ တစ်ဆင့် နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ဇာတိမာန်ကို အရင်းခံသည့် မျိုးချစ်စိတ်ဓာတ်များ ပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့တပ်ဖွဲ့ဝင်များ၏ အနုပညာအရည်အသွေး  မှန်မှန်ကန်ကန် တိုးတက်ဖြစ်ထွန်းလာအောင် ဝါရင့်သမ္ဘာရင့် အနုပညာရှင်၊အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့် အနုပညာအမွေအနှစ်များကို မျိုးဆက်သစ် ပညာရှင်များ ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့်   ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်းကကျင်းပရာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများ၊ အကဲဖြတ်အဖွဲ့ အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်စစ်သည်၊စစ်သမီးများ တက်ရောက်ကြပါသည်။ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပပြီးချိန်တွင် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊စစ်သမီးများက ကြိုးတပ်တူရိယာ ခေတ်ပေါ်တီးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်းတို့ဖြင့် မျိုးဇာတိဂုဏ် တို့လွှမ်းခြုံသီချင်း၊ ညီညွတ်ရပ်တည် မြန်မာပြည် ယိမ်းအက၊ စည်တော်သံ အက မင်းသားယိမ်းအလှ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ဖျော်ဖြေခဲ့သော  စံတော်ချိန်တီးလုံး၊ ပန်းခြင်းယိမ်းအကနှင့်    တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် တေးသီချင်းတို့အား မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုတီးမှုတ် ကပြဖျော်ဖြေကြပြီး မျက်လှည့် လက်လှည့်ဖြင့် တင်ဆက်ရာ ပရိသတ်များက နှစ်သက် အားပေးကြသည်။

ကိုယ်တိုင် မီးမလောင်သော်လည်း မီးလောင်ခြင်းကို အားပေးတတ်သော အောက်ဆီဂျင်ဓာတ်ခံကြောင့် ငယ်မူမဖျောက်နိုင်သည့် ဝါသနာနှင့်အတူ ဒုတိယနေ့ ပြိုင်ပွဲသို့ သွားရောက်အားပေးဖြစ်သဖြင့် နံနက်ပိုင်းတွင်    ကာလပေါ်တေးသံများကို နားဆင်ခဲ့ရသည်။

အမျိုးသား ပြိုင်ပွဲတေးသီချင်းများမှာ  ချစ်ရသည်က အသက်ထက်ဆုံး၊ အမုန်းခွန်အားပေးသနားပါ၊ ပပဝင်းဝင်း၊ စမ်းရေ၊ မေတ္တာဆိုတာ ခွင့်လွှတ်ခြင်းတို့ဖြစ်သည်။အမျိုးသမီးပြိုင်ပွဲ တေးသီချင်းများမှာ ခရေပင်အောက်က ပိတောက်ချစ်သူ၊  ချစ်အဓိပ္ပာယ်၊ တမာလမ်းကိုပြန်ခဲ့ပါ၊ ရွှေမိုးညိုညို၊ တက္ကသိုလ်ကျောင်းက ငွေလမင်းတို့ဖြင့် ယှဉ်ပြိုင်ကြသည်။ နေ့လယ်ပိုင်းတွင်  ခေတ်ပေါ်တေး အဆိုပြိုင်ပွဲများ  ဆက်လက် ကျင်းပရာ အမျိုးသားပြိုင်ပွဲ တေးသီချင်းများမှာ မိုးခါးရေ၊ စိတ်နာရုံ၊ တောင်းပန်တယ်၊ မပြိုသည့်မိုး၊လရိပ်တို့ ဖြစ်သည်။အမျိုးသမီးပြိုင်ပွဲ တေးသီချင်းများမှာ စိတ်မညစ်နဲ့၊ မလိုချင်ဘူးစစ်၊ ကောင်းကင်ပြာ၊ ကျွန်မနှင့်ဆေးတို့ဖြင့် ယှဉ်ပြိုင်ကြသည်။ တေးသီချင်းအားလုံး သူ့အဓိပ္ပာယ်နှင့်သူ ရှိကြသလို သီဆိုသူအားလုံးတို့ကလည်း သူ့အသံ၊ သူ့ဋ္ဌာန်၊ သူ့ဟန်ဖြင့် အကောင်းဆုံး သီဆိုယှဉ်ပြိုင်ကြသဖြင့် ကိုယ်တိုင် အကဲဖြတ်ရန် မစွမ်းသာသည်ကို ဝန်ခံပါသည်။ စိတ်ကြိုက်တေးတစ်ပုဒ်ကို ရွေးထုတ်ရမည်ဆိုလျှင် ငယ်စဉ်ကပင် တရှိုက်မက်မက် နှစ်သက်ခဲ့သော ချစ်ရသည်က အသက်ထက်ဆုံး သီချင်းကိုသာ   ရွေးချယ်လိုပါသည်။   ဂီတလုလင် မောင်ကိုကို ရေးဖွဲ့ပြီး မူရင်းအဆိုတော် ကိုသန်းလှိုင် သီဆိုခဲ့သော သီချင်းကို စာဖတ်သူများ ခံစားကြည့်နိုင်ရန် ဖော်ပြလိုက်ပါသည်။

ကြင်နာရသည်က ဘဝတစ်လျှောက်လုံး၊ ချစ်ရသည်က အသက်ထက်ဆုံး၊  ချမ်းမြမြဆန်းလနှယ်တနှုန်း၊ ချစ်သူမျက်နှာရွှင်ကြည် တပြုံးပြုံးမြင်ပါရ  အေးမြမြ ဘဝင်မှာသာ ကြည်ရွှင်မဆုံး၊  ဒါလီကျော့ဆုံး၊ အသည်းအူနှစ်လုံး ခွဲယူခြွေသုံး၊  ပြုံးမော့မော့ သာသာထွေးထွေး ဖေးဖေးမမ ယုယဘယ်မဆုံး၊ မဟာကပ်ကမ္ဘာ စကြာဝဠာ တစ်ခုလုံး၊ ချစ်ရသည်က အသက်ထက်ဆုံး။

(ပန်းဦးနွယ်ညာ  မေတ္တာသီကုံး၊ ကျမ်းစူးရွယ်ကာ သစ္စာချည်ဆုံး)၂    ချမ်းပူတူမခွဲ   လက်တွဲယှဉ်ကာ၊  (အကြင်နာမိုးမဆုံး)၂၊ မပြယ်လေသည့် သည်နှောင်ထုံး၊ ဖုန်းမျက်ဖြေလှနွဲ့ဂမုန်း၊ ချစ်ရသည်က အသက်ထက်ဆုံး။ ဤနေရာတွင် မဟာကပ်ကမ္ဘာသည် ကမ္ဘာမြေကို ရည်ညွှန်းသည်မဟုတ်ဘဲ အချိန်ကာလကို ရည်ညွှန်းပါသည်။  ဥပမာ (လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း) သီချင်းတစ်ပုဒ်လုံးတွင် နိမ့်သံ(အုန်း၊ အုမ်း၊ အုံး) ကာရန် ၁၇ လုံးကို သူ့နေရာနှင့်သူ စီကုံးထားပြီး ယင်းကာရန်များနှင့် ကပ်လျက် တိုင်သံ၊ သက်သံ၊ တက်သံများဖြင့် ထောက်ကူပေးထားခြင်းကြောင့် တေးဆိုသူအတွက်  အဆွဲအငင်၊  အဖြတ်အရပ်၊  အပင့်အရှူ၊ အကူးအပြောင်းတို့မှာ သက်သောင့်သက်သာ ရှိစေပါသည်။ ဤသည်တို့မှာ လက်လှမ်းမမီသော ဝါ၊ ဂီ၊ နစ်ပညာရပ်ဖြင့် ချဉ်းကပ်သည်မဟုတ်ဘဲ ငယ်ပေါင်းကြီးဖော် မြန်မာစာသဘောဖြင့် စောကြောခံစား ထားခြင်းသာဖြစ်ပါသည်။

နောက်နေ့များတွင် အကပြိုင်ပွဲများတွင် တိုင်းရင်းသား ရိုးရာကပွဲများကိုပါ ကျင်းပရာ စနစ်တကျသင်ယူ လေ့ကျင့်ထားကြသူများပီပီ အပြအနွဲ့၊ အသွဲ့အပြောင်း၊ အညွတ်အကွေး၊ အပေးအယူ၊ အခုန်အပျံ၊ အဆန့်အသွား၊ ခေါင်းခါးခြေလက်၊  ဟန်မူသွက်သွက်ဖြင့် ထက်ထက်သန်သန် ကပြယှဉ်ပြိုင်ကြသည်ကို မရိုးနိုင်အောင် မြင်တွေ့ရသူတို့က အားပေးကြသည်။ အတီးပြိုင်ပွဲများမှာလည်း အသံအနိမ့်အမြင့်၊ အပင့်အခတ်၊ အဖြတ်အတောက်၊ အဖောက်အတိုင်၊ အခိုအဖျောက်၊ အပျောက်အဖော်၊ အစုအဖန်၊ သံစဉ်ခုနစ်ပါးကို စည်း၊ ဝါး၊ နရီချက်ပိုင်ပိုင် တီးခတ် ယှဉ်ပြိုင်ကြသည်ကိုလည်း နားသောတ ဆင်သူတို့ သဘောကျနှစ်သက်သည်။

တပ်မတော် ယဉ်ကျေးမှုအဖွဲ့၊    မြဝတီတေးဂီတနှင့် အငြိမ့်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာ စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးဌာနမှ  International   Army Games-2019 နှင့် House of  Friendship ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် အောင်မြင်စွာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး အဆို၊ အက၊ အတီးဆုများ ရရှိသဖြင့် မိမိတို့ တပ်မတော်၏ အရည်အသွေးနှင့်တကွ မြန်မာနိုင်ငံ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေကို ကမ္ဘာအထိ ချပြနိုင်ခဲ့ကြသည့် အပြင် ကာကျူးရှာ(ရုရှားသီချင်း)ကို သီဆိုခဲ့ကြပါသည်။ ယခင်နှစ်က သွားရောက် ယှဉ်ပြိုင်ကြရာတွင်  နှစ်ပေါင်း တစ်ရာနီးပါးရှိသည့် တိုင်အောင် မရိုးနိုင်သော  ဦးရွှေရိုးအကဖြင့်   တင်ဆက်ခဲ့ကြသည့် ထူးခြားမှုကို တွေ့ရသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းနှင့်  ကာတွန်းသမိုင်း၌ ''နံငယ်ပိုင်းနှင့်ဂန္ဓီစတိုင်''  နိုင်ငံရေး ကာတွန်းဖြင့် ကမ္ဘာကျော်သွားသော ကာတွန်းဆရာကြီးဦးဘကလေးခေါ် ရွှေတလေးသည် ၁၉၂ဝ ပြည့်နှစ်မှ ၁၉၂၅ ခုနှစ်အထိ ရုပ်ရှင်လောကတွင် ကျင်လည်စဉ် ရွှေရိုးအမည်ဖြင့် ထင်ပေါ်ကျော်ကြား လူကြိုက်များသည်။  ထိုအချိန်မှစ၍   လူပျိုလူရွယ်ကလေးက အဘိုးကြီး အသွင်ဆောင်ပြီး   ပုသိမ်ထီးကလေးနှင့် ကသောအကကို    ဦးရွှေရိုးအကဟု ခေါ်ကြရာမှ မြန်မာတို့ စွဲမက်နှစ်သက်သော  ဦးရွှေရိုးအကသည် ပွဲတိုင်းကျော်ဖြစ်လာကြောင်း မှတ်သားရဖူးသည်။

ထိုအချိန်က နှုတ်ခမ်းမွေး တကားကားနှင့် မုန်းတစ်လှည့် ပြုံးတစ်လှည့် ဦးရွှေရိုး၏ တွဲဖက်ဣနြေ္ဒရှင် ဒေါ်မိုး ရှိ၊ မရှိကို မသိရသော်လည်း မျက်မှောက်ကာလမှာတော့ မတည့်အတူနေ သဘာဝနှင့်    ပူးတုံခွာတုံ မဟာမိတ် (On and off ally)ဆက်ဆံရေးကို   ဟာသနှော၍ သရုပ်ဖော်ကြသည်မှာ ပီပြင်လှသည်။

ယခုပြိုင်ပွဲမှ  ပြဇာတ်ပြိုင်ပွဲများတွင်  မှန်ရာကို သစ္စာဆိုပါမည်၊ မပြောဝံ့ပါသည် ကစ္စပနဒီ ပြဇာတ်တို့ဖြင့် ယှဉ်ပြိုင်ကြသည်ကို ကြည့်ရှုအားပေး ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဇာတ်နိပါတ်နှင့် နန်းတွင်းရာဇဝင်တို့ကို မှီငြမ်းသောပြဇာတ် စာပေအစပြုခဲ့ရာမှ ကိုလိုနီခေတ်ကာလ ၁၉၂၈ ခုနှစ်နှင့် ၁၉၃ဝ ပြည့်နှစ်အတွင်း သရုပ်ဖော်ပြဇာတ်၊ ပြုပြင်ရေးပြဇာတ်နှင့် အမျိုးသားရေး ပြဇာတ်ဟူ၍ ခေတ်သစ်ပြဇာတ်စာပေများ ပေါ်လာသည်ဟု ပညာရှင်တို့ ဖော်ထုတ်ထားကြသည်။ ပြင်သစ်ပြဇာတ်ဆရာ မိုးလျဲ၏ပြဇာတ်တစ်ပုဒ်ကို သခင်ဘသောင်းက မြန်မာမှုပြု၍ ''ဆရာဝန်ပါပဲ'' အမည်ဖြင့် ၁၉၂၈ ခုနှစ်က ပေါ်ထွက်လာသော ပြဇာတ်စာပေသည် ပထမဆုံးဖြစ်ပြီး  ၁၉၃၁ ခုနှစ်တွင်   မိုးလျဲ၏ပြဇာတ် တစ်ပုဒ်ကို ဆရာဇော်ဂျီက ''မဟာဆန်ချင်သူ''အမည်ဖြင့် မြန်မာမှုပြုသော ပြဇာတ်စာပေ ပေါ်ထွက်လာကြောင်း သိရသည်။ သိပ္ပံမောင်ဝသည် ၁၉၃၄ ခုနှစ်မှစ၍ ကြီးပွားရေး မဂ္ဂဇင်းတွင်   ငို့ဘ၊ ပရဟိတ၊ ဒီမိုကရေစီ၊ ခံတွင်းသုံးပေါက် စသည့်ပြဇာတ်များကို   ကလောင်အမည် တင့်တင့်ဖြင့် ရေးသားရာတွင်    ပြုပြင်ရေး သဘောထားများ ဖော်ပြထားကြောင်း  သိရသည်။

ပညာရှင်တို့ ဖော်ထုတ်တွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် ပြဇာတ်စာပေနှင့် ပြဇာတ် ပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်း ၉ဝ ကျော်ပြီဖြစ်ပြီး ယခုပြိုင်ပွဲ၌ ကပြယှဉ်ပြိုင်ကြသည်မှာ အမျိုးသားရေးပြဇာတ် အမျိုးအစားတွင် ပါဝင်ကြောင်း တွေ့ရပါသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင်နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမ၌  ကျင်းပပြုလုပ်ရာ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး  ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အရာရှိကြီးများ တက်ရောက်၍ ဆုများ အသီးသီး ချီးမြှင့်ကြပါသည်။

အစဉ်အလာကြီးမားသော မြန်မာတို့သည် ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်မည် ဟူသော ဆိုရိုးစကားကို အလေးထား၍ အမျိုးသား ယဉ်ကျေးမှုများ မပပျောက်စေဘဲ ကိုယ်ပိုင်အနုပညာနှင့်  ခေတ်အဆက်ဆက် သမိုင်းအစဉ်အလာများလည်း မတိမ်ကော မပပျောက်စေရန် ဒို့တာဝန်အရေးသုံးပါး သံယောဇဉ်ဖြင့် ရစ်ပတ်ဖွဲ့နှောင်လျက် ကမ္ဘာတည်သရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ယဉ်ကျေးမှု မျက်နှာစာမှ  တစ်တပ်တစ်အား ပါဝင်ကြပါရန်   ပန်ကြားရင်း (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊အတီး၊  အငြိမ့်၊  ပြဇာတ်နှင့်  မျက်လှည့်ပြိုင်ပွဲကြီး အောင်မြင်ပြီးမြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြသော ပုဂ္ဂိုလ်များ၊ အနုပညာရှင်များနှင့်  ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ အားလုံးကို ဂုဏ်ပြုရေးသားအပ်ပါသည်။  

ခိုင်ကျော်ညို

Read 27 times
Rate this item
(0 votes)