SJ WorldNews - шаблон joomla Авто

အုံးလွဲခြင်း သို့မဟုတ် ပင်ပန်းလွန်းခြင်းရဲ့ သတိပေးချက်

Thursday, 12 September 2019 12:10 Written by  font size decrease font size decrease font size increase font size increase font size

ဒေါက်တာလွင်သန့်

အုံးလွဲခြင်းကို လူတော်တော်များများ ဖြစ်ဖူးကြတယ်။  ရာသီဥတု အပြောင်းအလဲမှာ  အုံးလွဲခြင်း ဖြစ်တတ်တယ်။  အုံးလွဲခြင်း မကြာခဏ ဖြစ်ရင် ခနာကိုယ် လွန်လွန်ကဲကဲ ပင်ပန်းနေပြီလို့ အချက်ပြတာပဲဖြစ်တယ်။ အမျိုးသားတွေမှာ ပိုပြီးဖြစ်တတ်တယ်။

ဆေးရုံတစ်ရုံမှာ   နေ့ညကြာရှည် ဂျူတီဝင်နေတဲ့ ဆရာဝန်တစ်ဦး ထိုင်ရာက ထလိုက်ရာ  ဇက်ခိုင်ပြီးမလှုပ်နိုင်ဖြစ် သွားတယ်။ အုံးလွဲခြင်း ဖြစ်ပြီး ၁၅ ရက်လောက်ကုသမှ ပျောက်တယ်။ အုံးလွဲခြင်းဟာ လည်တိုင်ရဲ့သွေးလှည့်ပတ်မှု ညံ့ဖျင်းလို့၊ အောက်ဆီဂျင် ဓာတ်ချို့တဲ့လို့ဖြစ်ပေါ်စေတဲ့    ဇက်ခိုင်တဲ့ရောဂါလက်္ခဏာဖြစ်တယ်။ ခေါင်းငုံ့အလုပ်လုပ် သူတွေ၊ ခေါင်းအုံးမြင့်မြင့် အုံးသူတွေ၊ ပင်ပန်းလွန်ကဲ သူတွေ၊ ကာယလှုပ်ရှားမှုနည်းသူတွေမှာဖြစ်တတ်တယ်။ ရာသီဥတု ပြောင်းလဲချိန်မှာ ပိုပြီးဖြစ်တတ်တယ်။ ဇက်ခိုင်အုံးလွဲပြီဆိုရင် ပင်ပန်းမှု လွန်ကဲပြီလို့ ဂရုပြုရမှာဖြစ်တယ်။ ဆေးရုံတစ်ရုံက ဆရာဝန်တစ်ဦးဟာ သင့်လျော်တဲ့အနားယူမှုမရလို့ တစ်နေ့  ညဘက်ထရပ်လိုက်တဲ့အခါ  ရုတ်တရက် လည်တိုင် လှုပ်တာနဲ့ နာကျင်တာကိုခံစားရတယ်။ သာမန်အုံးလွဲသလို လည်တိုင်ကို ဘယ်ညာ မလှုပ်နိုင်တော့ပါ။ အထက်နဲ့ အောက် ခေါင်းငုံ့၊ ခေါင်းမော့မရတော့ပါ။ တုပ်ကွေးရောဂါလည်း ခံစားနေရတယ်။ တုပ်ကွေးဦးစွာကုပြီးမှ ဇက်ခိုင် ခြင်း ကုသခဲ့ ရပါတယ်။ ဇက်ခိုင်တဲ့ရောဂါ  သုံးရက်ထိမသက်သာဘဲ  တစ်ပတ်၊ ဆယ်ရက် ကြာသွားရင် လည်ဆစ်ရိုး ဖိနှိပ်မှုပြဿနာရှိလိမ့်မယ်လို့ သံသယ၀င်သင့် တယ်။ ရောဂါရှင်အချို့ဟာ ကြာရှည်စွာဇက်နာခြင်းကို အုံးလွဲတယ်လို့ ရိုးရိုး ယူဆပြီး ဆက်လက်ကုသဖို့ ရှည်ရှည်ဝေးဝေး မတွေးတော့ပါ။

ဇက်ခိုင်ခြင်းမူလမှာ အုံးလွဲခြင်း သို့မဟုတ် အနားမရ ပင်ပန်းလွန်းခြင်း ကြောင့်ဖြစ်တယ်ဆိုရင်၊   တုပ်ကွေးလည်းဖြစ်နေပြီ ဆိုရင်အလုပ်က အနားယူသင့်တယ်။ ရေနွေး၊ ဆားရည်နွေးနဲ့ ပလုတ်ကျင်းပေးသင့်တယ်။ အအေးမခံသင့်ဘူး။ လေအေး စက်တပ် အခန်းမှာ ကြာရှည်မနေသင့်ဘူး။ ညနေဘက် ၁၅ မိနစ်မှ နာရီဝက်ကြာ အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးလုပ်ပေး သင့်ပါတယ်။

ဇက်ခိုင်အုံးလွဲခြင်း ကြိုတင်ကာကွယ်နည်းမှာ ရာသီဥတု ပြောင်းလဲချိန်မှာ လည်ပင်းနွေးအောင် လည်စည်းစည်း ထား သင့်တယ်။ လည်တိုင် ညောင်းညာပြီး နာရင် အပူ၊ အနွေးအိတ် ကပ်ပေးသင့်တယ်။ မာတဲ့ခေါင်းအုံးကို ရွေးသင့်တယ်။ ပခုံးနဲ့လည်ပင်း တင်းမနေသင့်ပါ။

ဇက်ခိုင်အုံးလွဲခြင်းကို နေထိုင်မှုအလေ့အထ ပြုပြင်ပြောင်းလဲခြင်းနည်းနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ဇက်ခိုင်ခြင်းမှာ လည်ဆစ်ရိုး အနည်းငယ် နေရာလွဲနေခြင်းဖြစ်တယ်။ တကယ်လို့ နှိပ်နယ်လိုက်ရင် ပိုမိုဆိုးရွားတဲ့ အကျိုးဆက် ဖြစ်နိုင်ပါတယ်။ ပခုံးနဲ့လည်တိုင်တင်းနေခြင်းက ဇက်ခိုင်ခြင်း ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်။ အပင်ပန်းမလွန် စေဖို့ ဂရုစိုက် နိုင်ရင် အုံးလွဲခြင်းအနရာယ်လျှော့ချနိုင်ပါတယ်။ ပခုံးနဲ့လည်ပင်းဖြေလျှော့တဲ့ နည်းလမ်း ရှိပါတယ်။ (၁) ပထမအဆင့်မှာ ပခုံးနှစ်ဖက် အပြိုင်ထားရမယ်။ (၂) ဒုတိယအဆင့်မှာ လက်နှစ်ဖက်ရှေ့ကို   သို့မဟုတ်  နောက်ကို ဆန့်ထွက်ရမယ်။   (၃) လက်ဖ၀ါးနဲ့ စက်ဝိုင်းဆွဲ သင့်တယ်။ (၄) စတုတအဆင့်မှာ လက်ညောင်းတဲ့အထိ လုပ်ပြီးရင် ပခုံးကို ဖြေလျှော့သင့်ပါတယ်။

အုံးလွဲနာကျင်မှုဟာ အခြားအာရုံခံစားမှု၊ မနှစ်သက်မှုနဲ့ တွဲဖက်နေတတ်တယ်။  နာကျင်မှုကို   ချိုမွှေးတဲ့ ရနံ့နဲ့ သက်သာမှု ရစေတယ်။

ဥပမာ-စံပယ်ပန်းနံ့၊ နှင်းဆီပန်းနံ့ တို့ဟာ နာကျင်မှုကို လျော့စေတယ်။ ပူနွေးတဲ့ ရေမှာ  လက်နဲ့ခြေ ထောက်ကို စိမ်ထားခြင်း၊   အုံးလွဲတဲ့ လည်ပင်းနေရာ ရေနွေးအိတ် ကပ်ခြင်းက အုံးလွဲခြင်းကို ပိုမိုမဆိုးရွားဘဲ သက်သာလာစေ တယ်။ အအေးခန်းနဲ့ အအေးရှောင်ရမယ်။

တစ်ခါတစ်ရံ စိတ်ဖိစီးမှုတွေက အုံးလွဲခြင်းကိုဖြစ်စေတယ်။ တစ်ပြိုင်နက်လူအများ ဖိစီးမှုဖြစ်စေခြင်း (ဥပမာ-မီးလောင်ခြင်း၊ ကားတိုက်ခြင်း၊ ရထားတိုက်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ သင်္ဘောမှောက်ခြင်း)တို့မှာ ကျန်ရစ်သူတို့ စိတ်ဖိစီးမှု၊ ထိတ်လန့်မှု၊ နာကျင်မှုဖြစ်စေတယ်။ လူတစ်ဦး ချင်းနဲ့အကျုံးဝင်တဲ့ စိတ်ဖိစီးခြင်း(ဥပမာ-ရာထူးအချခံရခြင်း၊ ပြင်းထန် တဲ့ဝေဒနာခံစားရခြင်း၊  ပစည်းဥစာ ဆုံးရှုံးခြင်းမျိုး)ဖြစ်တယ်။   နေ့စဉ် ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှု (ဥပမာ-နာရီပေါင်းများစွာ အလုပ်ဆင်းရတဲ့ အခါ၊ အချိန်မလုံလောက်ခြင်း၊ နောက်ကျမှာ စိုးရိမ်ပူပန်ခြင်း)တို့က အုံးလွဲ ခြင်းကိုဖြစ်နိုင်တယ်။

စိတ်ဖိစီးမှုအနည်းငယ်ရှိရင် စိန်ခေါ်မှုတွေကိုဖြေရှင်းရာမှာ အကျိုးရှိလှပေမယ့် ရေရှည်စိတ်ဖိစီးမှုရှိခဲ့ရင် မကောင်းဘူး။ စိတ်ဖိစီးမှုက  အကြောင်းကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။ အလုပ်ခွင်၊ ငွေရေးကြေးရေး ပြဿနာ၊ စီးပွားရေးပြဿနာ၊ ပေါင်းသင်းဆက်ဆံရေး၊ ဆူညံသံ၊ အလုပ် နဲ့အိမ်ဝေးကွာလို့ ကား သို့မဟုတ် ရထားနဲ့အသွားအလာလုပ်ရတာ။  သတင်းအချက်အလက်များပြားလွန်းတာ စတဲ့အကြောင်းအချက်တွေ က စိတ်ဖိစီးမှုရနိုင်ပါတယ်။ အိမ်အပြောင်းအရွှေ့၊  အလုပ်အပြောင်း အရွှေ့၊ မိသားစုဝင်တစ်ဦးဦးသေဆုံးမှု၊ စာကျက်ရမှု၊ စာမေးပွဲဖြေဆိုရမှု၊ ကျရှုံးမှုတို့ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကိုအကောင်းမြင်ပြီး တုံ့ပြန်သင့်တယ်။ အချို့ကရုပ်ပိုင်းရော၊ စိတ်ပိုင်းပါအားအင်ကုန်ခန်းသလိုဖြစ်ကာ စိတ်ဖိစီးမှုနဲ့ဆက်နွှယ်နေတဲ့ အုံးလွဲခြင်း၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ အစာခြေအင်္ဂါ အဖွဲ့အစည်းမူမမှန်ခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ အရေပြားရောဂါတွေလို ဖြစ်တတ်တယ်။ ကိုယ်ဖြစ်ချင်တာနဲ့ကိုယ်ဖြစ်နေတာ တခြားစီဖြစ်နေရင် ဘ၀တစ်ခုလုံးစိတ်ဖိစီးမှုခံကြရတယ်။

ရေရှည်စိတ်ဖိစီးမှုကိုကျော်လွှားဖို့က ခက်ခဲရှုပ်ထွေးပေမယ့် စားသောက်မှုပုံစံကို အာရုံစိုက်ပြီး ဂရုတစိုက် စားသောက် ခြင်း က လက်္ခဏာ သက်သာစေပါတယ်။ မှန်ကန်တဲ့ အစားအစာ ရွေးချယ် စားသောက်ရမယ်။ ပြုပြင်ဖန်တီးထားတဲ့ နှံစားသီးနှံ၊ နှံစားသီးနှံအခြေခံထားတဲ့ ပေါင်မုန့် ခေါက်ဆွဲခြောက်၊ ထမင်းကို နေ့စဉ် ဟင်းသီးဟင်းရွက်ငါးမျိုး၊ သစ်သီး တစ်လုံး နေ့စဉ်စားသုံး သင့်ပါတယ်။ အသီးအရွက်များများစားရမယ်။  ဖျော်ရည်သောက်သင့်တယ်။ ရှောက်၊ သံပရာ၊  လိမေ်္မ်ာသစ်သီး သဘာဝ ဖျော်ရည်က ပိုမိုကောင်းမွန်ပါတယ်။

သစ်သီးတွေရဲ့အခွံအောက်ကအသားနဲ့ အခွံမှာပါတဲ့ ဖလေဗင်နွိုက်က ဆဲလ်ပျက်စီးမှုဖြစ်ပေါ်စေတဲ့ ဖရီးရယ်ဒီကယ်ခေါ် အောက်ဆီဂျင်မော် လီကျူးတွေကို တိုက်ဖျက်ပေးတယ်။ လက်ဖက်၊ ပန်းသီး၊ အစိမ်းရောင် ရှိတဲ့ ပဲသီး၊ ၀ိုင်အနီနဲ့ ကြက်သွန်နီတို့စားပေးသင့်တယ်။ ဖလေဗင်နွိုက် က သွေးကြောနံရံကိုသန်စွမ်းစေတဲ့အတွက် စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ နှလုံးရောဂါကိုကာကွယ်ပေးတယ်။

ပြည့်ဝဆီအစား မပြည့်ဝဆီ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ သံလွင်ဆီသုံးသင့်တယ်။ ကြက်အရေခွံ၊ ဥအမျိုးမျိုး၊ အဆီပါဝင်မှု လျှော့ထားတဲ့ နို့နဲ့နို့ထွက်ပစ်္စည်း၊ ပရိုတင်းပြည့်ဝတဲ့ငါး၊ ငါးခြောက်၊ ပဲနီလေး၊ အခွံမာ သီးစားသုံးသင့်တယ်။ ရေဆာရင်ရေသောက်သင့်ပြီး အချိုရည်၊ ဘီယာ၊ အရက်ရှောင်ရှားသင့်တယ်။ အာဟာရတန်ဖိုးနည်းပါးတဲ့အစာ အများ အပြားစားသောက်တာဟာ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ လူနေမှုပုံစံဖြစ်စေတယ်။ သဘာဝ အစာကနေ ဗီတာမင်၊ သတ်္တု ဓာတ်၊ ရေဓာတ်ပါအောင် စားသုံးရင် အုံးလွဲခြင်းကင်းဝေးမယ်။  

ဆောင်းပါးရှင်-ဒေါက်တာ လွင်သန့်

Read 25 times
Rate this item
(0 votes)
Last modified on Thursday, 12 September 2019 12:11