SJ WorldNews - шаблон joomla Авто

ကထိန်ခင်းလို့လှူပျော်မဆုံး လတန်ဆောင်မုန်း

Thursday, 07 November 2019 10:07 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ တစ်ဝန်းတွင် သီတင်းကျွတ် ပွဲတော်ကြီးသည် အောင်မြင် စည်ကားစွာနှင့် ပြီးမြောက်သွားပြီဖြစ်သည်။ မြန်မာ့ရိုးရာ မီးထွန်းပွဲတော်ကြီးသည် ပြီးဆုံးသွားသည်နှင့်အမျှ တန်ဆောင်မုန်းလအတွင်းသို့ ကူးပြောင်း ဝင်ရောက်လာပေပြီ။
တန်ဆောင်ဆိုသည်  မီးတိုင်ဖြစ်ပြီး မှုန်းမှာပျံ့နှံ့စေခြင်း အဓိပ္ပာယ် သက်ရောက်ကြောင်း မှတ်သားရသည်။ ထို့ကြောင့် ''မျက်စိတစ်ဆုံး ဆီမီးတိုင်များပွားများ ထွန်းလင်းနေသည်'' ဟုဖွင့်ဆိုထားခြင်းကြောင့် မီးထွန်းပွဲတော်ကို ရည်ညွှန်းထားကြောင်း ထင်ရှားပေသည်။ ထိုအချိန်တွင် တောင်သူအများ  ကောက်လျင်(ခေါ်) ကောက်ငယ်ကို ရိတ်သိမ်းချိန်ဖြစ်သော ကြောင့် ငွေရွှင်လာမည့် လတစ်လဖြစ်သည်။ ငွေရွှင်လာသည်နှင့်အမျှ  မြန်မာလူမျိုးတို့ ပြုနေကျအလှူမှာ ကထိန်ခင်းခြင်းဖြစ်သည်။
ကထိန်ဖြစ်ပေါ်လာပုံမှာ ရဟန်းတော် အပါးသုံးဆယ်သည်  မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန်အတွက် အလွန်ဝေးကွာသော အရပ်ကနေ သာဝတ္ထိပြည်ကိုလာစဉ် လမ်းမှာ ဝါဆိုရမည့်နေ့ နီးလာသည့်အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်ဘဲ သာဝတ္ထိပြည်နှင့် ယူဇနာ ၆ဝ  ဝေးကွာသည့် သာကေတမြို့တွင် ဝါဆိုလိုက်ရသော အဖြစ်နှင့်ကြုံခဲ့ရသည်။
ထိုရဟန်းတော်များသည် ဘုရားရှင် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမြော်ရဘဲ ဝါဆိုနေရသည့်အတွက် စိတ်နှလုံးမပျော်မွေ့ဘဲ ဖြစ်ခဲ့ရပါသည်။ သို့နှင့်ဝါကျွတ်သည့်အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါသည်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးသည့်အတွက် ထိုရဟန်းများ ဝတ်ရုံထားသည့် သင်္ကန်းနှင့် ဓူတင်ဆောင်နှစ်ထပ်သင်္ကန်းများသည် မိုးရေများနှင့် စိုရွှဲနေကြပါသည်။
ထိုသို့သော ရဟန်းတော်တို့၏ အခက်အခဲ အခြေအနေများကြောင့်  မြတ်စွာဘုရားရှင်က ရဟန်းတို့ ဝါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏။
ဆိုလိုသည်မှာ ကထိန်ဆိုသည်မှာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့အထိ သုံးလတာ ဝါဆိုဝါကပ် ပြုတော်မူပြီးကြသည့် ရဟန်းတော်များအား သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ကစ၍ တန်ဆောင်မုန်းလပြည့် နေ့အထိ တစ်လတာအတွင်း သင်္ကန်းဆက်ကပ် လှူဒါန်းရသည်။ ထိုသင်္ကန်းကို အလှူခံရရှိသည့် ရဟန်းတော်များသည်  ထိုသင်္ကန်းကို အကြောင်းပြု၍ ဝိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွတ်ခွင့် ဆိုသည့်အကျိုး အာနိသင်ကို  သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်လေသည်၊ ထို့ကြောင့် ကထိန - ကထိန်ဖြစ်သည်ဟု  ရှေးပညာရှိများကဆိုသည်။
ကထိန်ခင်းခြင်း
ကထိန်ဆိုသည်မှာမြဲမြံခိုင်မြဲခြင်း ဟူ၍ အဓိပ္ပာယ်ရပါသည်။ ကထိန်အာနိသင် ငါးပါးကို ကျောင်းတိုက်အပြင်သို့ ထွက်မသွားဘဲ ကျောင်းတိုက်အတွင်းမှာပင် မြဲမြံခိုင်ခံ့နေအောင် ပြုလုပ်နိုင်စွမ်းရှိခြင်းကို ခေါ်ပေသည်။ ခင်းသည် ဆိုသည်မှာလည်း လိပ်ထားသည့်ဖျာကို ပြန့်စေရန်ဖြန့်ခင်းသည်ကဲ့သို့   ကထိန်အာနိသင်ကို တစ်လမှ ငါးလအထိ ပြန့်သွားစေရန် ဆန့်ထုတ်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ သံဃာသည်သာ ကထိန်ခင်းနိုင်ပြီး လူဝတ်ကြောင်ဒါယကာ၊ ဒါယိကာမများက ကထိန်ခင်းရန် သံဃာကို သင်္ကန်းသာလျှင် လှူနိုင်လေသည်။
ကထိန်သင်္ကန်း
ကထိန်ခင်းမည့် သင်္ကန်းကို ကထိန်လျာ သင်္ကန်း(ဝါ) ကထိန်သင်္ကန်းဟု ခေါ်သည်။ တစ်ဦးတည်း မဟုတ်ဘဲ စုပေါင်းလှူလျှင် ဘုံကထိန်လျာသင်္ကန်းဟု ခေါ်လေသည်။ ကထိန်သင်္ကန်းသည် ၁။နှစ်ထပ်သင်္ကန်းကြီး(ဒုကုဋ်သင်္ကန်း)
၂။ဧကသီ (ကိုယ်ရုံသင်္ကန်း)
၃။သင်းပိုင် (ခါးဝတ်သင်္ကန်း)
သုံးထည်ထဲမှ  တစ်ထည်ဖြစ်ရမည်၊ နှစ်ထပ်သင်္ကန်းကြီးရယ်မှ မဟုတ်ပေ။
သံဃိကသင်္ကန်း
ပုဂ္ဂိုလ်ကို ရည်စူးလှူလို့  ရဟန်းတစ်ပါးတည်း ပိုင်တဲ့သင်္ကန်းနဲ့   ကထိန်ခင်းလို့ မရပေ။ သံဃာအားလုံးကို လှူဒါန်းထားတဲ့   အများပိုင်တဲ့   သင်္ကန်းဖြင့်သာ ကထိန်ခင်းနိုင်သည်။ ထို့ကြောင့်ကထိန်ခင်းသည့် သင်္ကန်းသည် သံဃိကသင်္ကန်းဖြစ်ရပေမည်။
ဉတ်သင်္ကန်း
ကထိန်သင်္ကန်းသည် တစ်ထည်တည်းသော သင်္ကန်းသာဖြစ်ရပေမည်။  နှစ်ထပ်သင်္ကန်းကြီး၊  ဧကသီ သို့မဟုတ် သင်းပိုင်သုံးထည်ထဲမှ တစ်ထည်ထည်ဖြစ်ပေသည်။ ကထိန်ခင်းထိုက်သည့် ရဟန်းကို သင်္ကန်းပေးသောအခါ သိမ်ထဲတွင် ဉတ္တိ ဒုတိယ ကမ္မဝါကို ဖတ်ပြီး ပေးရသည်ဖြစ်သောကြောင့် ကထိန်သင်္ကန်းကို ဉတ်သင်္ကန်းကြီးဟုလည်း ခေါ်သည်။ ဉတ်သင်္ကန်းကို ဟထိုးသံနှင့် ညှပ်သင်္ကန်းဟုလည်း ခေါ်ပါသည်။ အသံထွက်အမှန်မှာ ညပ်သင်္ကန်းဖြစ်သည်။
ဉတ်ရန်သင်္ကန်း
ကထိန်ခင်းမည့် သင်္ကန်းမှလွဲ၍အခြားသင်္ကန်းများကို ဉတ်သင်္ကန်း၏ အခြံအရံတွေ ဖြစ်သည့်အတွက် ဉတ်ရန်သင်္ကန်း(ဝါ) ကထိန်ရန်သင်္ကန်း ဟုခေါ်သည်။
ကထိန်အလှူ့ရှင်
ကထိန်ခင်းသည်ဆိုသည် သင်္ကန်းအများကြီး လှူခြင်း၊  လှူဖွယ်ပစ္စည်း အများကြီး လှူခြင်းနှင့် ပဒေသာပင် အများကြီးလှူခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ကထိန်ခင်းသည့် ဉတ်သင်္ကန်းလှူခြင်းကို  ဆိုလိုခြင်း ဖြစ်လေသည်။ ဉတ်သင်္ကန်း လှူခြင်းသာလျှင် ကထိန်အလှူဖြစ်ပေသည်။ကထိန်ခင်းသည့် ဉတ်သင်္ကန်းကို လှူခွင့်မရှိသေးသရွေ့ ကထိန်အလှူရှင်လည်း မဖြစ်နိုင်သေးပေ။ထို့ကြောင့် စုပေါင်းဘုံကထိန်များတွင် ဉတ်သင်္ကန်းကို စုပေါင်းထည့်လှူငွေနဲ့သာ ဝယ်ရပေမည်။
ကထိန်သင်္ကန်း လှူဒါန်းခြင်း နှစ်မျိုး
၁။ ကထိန်ခင်းမည့် ကျောင်းသို့သွားရောက် လှူဒါန်းခြင်း။
၂။ ကိုယ့်အိမ်ကိုယ့်ဌာန(ဝါ)တစ်နေရာရာတွင် ပင့်ဖိတ်လှူဒါန်းခြင်း။
 
၁။ ကထိန်ခင်းမည့်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း။
''ဤကထိန်သင်္ကန်းကို သံဃာအားလှူပါ၏''ဟုဆို၍ လှူဒါန်းရပါသည်။  သံဃာအား လှူသည်ဆိုပေသော်လည်း ကထိန်ခင်းမည့်ကျောင်းမှ သံဃာများနှင့်သာ ဆိုင်ပေသည်။
၂။ ကိုယ့်အိမ်ကိုယ့်ဌာန   သို့မဟုတ် တစ်နေရာတွင် ပင့်ဖိတ်လှူဒါန်းခြင်း။
မည်သည့်ကျောင်းတိုက်တွင် ကထိန်ခင်းရန်အတွက် သံဃာအား လှူပါ၏။ ကထိန်ခင်းမည့် ကျောင်းတိုက်နာမည်ကို ထည့်ဆို၍ လှူဒါန်းရပါသည်။
သို့ပါမှ မိမိရည်စူးသည့် ကျောင်းတိုက်က ကထိန်ခင်းခွင့် ရရှိမည်ဖြစ်ပေသည်။ 
ကျောင်းတိုက်နာမည် မထည့်မိပါက မိမိရည်စူးသည့် ကျောင်းတိုက်သည် ကထိန်ခင်းခွင့် ရရှိမည်မဟုတ်ပေ။
ကထိန်မခင်းသင့်သည့်ရဟန်းများ
ကထိန်သင်္ကန်းဖြစ်ပေါ်ရာ  ကျောင်းတိုက်၌ ဝါမဆို၊ ဝါမကပ်သောရဟန်း၊ ပုရိမဝါ (ဝါဆိုလပြည့်ကျော်တစ်ရက်မှ သီတင်းကျွတ် လပြည့်နေ့)အထိ ဝါကပ်ခဲ့သော်လည်း ဝါကျိုးပျက်သည့်ရဟန်း၊ သီတင်းကျွတ်လပြည့်နေ့၌ မဟာပဝါရဏာ မပြုသောရဟန်း၊  ပစ္ဆိမဝါ(ဝါခေါင်လပြည့်ကျော်တစ်ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ) ဝါဆိုသောရဟန်း၊ လုံးဝ ဝါမဆို၊ဝါမကပ်သောရဟန်း၊    ပုဗ္ဗကလျာဏ (ရှေးဦးပြုဖွယ်) စသော ကထိန်ခင်းထိုက်
သော အင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောရဟန်း၊ ကထိန်ခင်းခြင်းအား မစွမ်းဆောင်နိုင်သည့်ရဟန်းတို့ဖြစ်သည်။
ကထိန်ခင်းထိုက်သောရဟန်း
ပုရိမဝါကျွတ်ပြီး ပထမပဝါရဏာနေ့၌ ပဝါရဏာပြုသော ရဟန်း၊ ပုရိမဝါ မကျိုးပျက်သော ရဟန်း၊ပုဗ္ဗကလျာဏ(ရှေးဦးပြုဖွယ်)စသည်ကို သိခြင်းစသော အင်္ဂါနှင့် ပြည့်စုံသော ရဟန်း၊သံဃာက ဝိနည်းကံနှင့်အညီ ဉ တ်ကမ္မဝါ စာဖတ်၍ပေးသော ကထိန်ခင်းရန် သင်္ကန်းကို လက်ခံ ရရှိထားသော ရဟန်း၊  ကထိန်ခင်းရန် စွမ်းဆောင်နိုင်သော ရဟန်း၊ ကထိန်ခင်းပုံ
၁။ ကထိန်ဒါယကာများ လှူသည့်ကထိန်သင်္ကန်းကို သံဃာကသာ ခံယူရပါသည်၊
၂။ ကထိန်ခင်းထိုက်သည့် ရဟန်းကို ရွေးချယ်ရပါသည်၊
၃။ ထိုရဟန်းကိုသံဃာက သိမ်ထဲတွင် ဉ တ္တိ  ဒုတိယကမ္မဝါ စာဖတ်ပြီး ကထိန်သင်္ကန်း ပေးရပါသည်၊
၎။ ကထိန်သင်္ကန်း ရပြီးသည့်ရဟန်းသည် မိမိမှာ အစက တိစီဝရိတ်အဓိဋ္ဌာန် တင်ထားသည့်သင်္ကန်းကို  အဓိဋ္ဌာန်ချရ၊  အဓိဋ္ဌာန်ကို  ရုပ်သိမ်းပြီးစွန့်ရပါသည်။
၅။ ကထိန်ခင်းမည့် သင်္ကန်း၏ထောင့်၌ အညိုရောင်ဖြစ်စေ၊ ရွှံ့ရောင်ဖြစ်စေ အစက်လေးချပြီး ရေးထိုးရပါသည်၊ ကပ္ပဗိန္ဒုထိုးသည်ဟု ခေါ်သည်၊
၆။ ကပ္ပဗိန္ဒုထိုးပြီးသောအခါ အဓိဋ္ဌာန်တင်ရပါသည်။
၇။ အဓိဋ္ဌာန်တင်ပြီးမှ ၎င်းသင်္ကန်းနှင့် ကထိန်ခင်းရပါသည်။
(က) ဒုကုဋ်သင်္ကန်းကြီးနှင့် ခင်းလျှင်  ''ဤဒုကုဋ်သင်္ကန်းကြီးနှင့် ကထိန်ခင်းပါသည်''
(ခ)  ဧကသီသင်္ကန်းနှင့် ခင်းလျှင် ''ဤ ဧကသီသင်္ကန်းနှင့် ကထိန်ခင်းပါသည်''
(ဂ) သင်းပိုင်သင်္ကန်းနှင့် ခင်းလျှင်''ဤသင်းပိုင်သင်္ကန်းနှင့် ကထိန်ခင်းပါသည်'' ဟု ပါဠိကဲ့သို့ဖြစ်စေ၊ မြန်မာကဲ့သို့ဖြစ်စေ သံဃာများ၏ အလယ်တွင် ပြောရပေသည်။
၈။ ကထိန်ခင်း၍ပြီးလျှင် အခြားသောရဟန်းတို့က ဝမ်းမြောက်စကား ဆိုရပါသည်။ အနုမောဒနာပြုသည်ဟု ခေါ်ပါသည်။  အနုမောဒနာပြုခြင်းကြောင့် ရွေးချယ်ထားသည့်  ရဟန်းခင်းသော ကထိန်သည်   သံဃာများခင်းသော ကထိန်ဖြစ်သွား၍ အနုမောဒနာပြုသည့် သံဃာများသည်လည်း ကထိန်ခင်းခြင်း အကျိုးငါးပါးကို ရရှိကြပေသည်။
ရဟန်းတော်များ ရရှိသည့်ကထိန် အကျိုး ငါးပါး
၁။ရဟန်းတစ်ပါးပါးကို ခွင့်မပန်ဘဲသွားလိုရာ သွားနိုင်ခြင်း၊
၂။အဓိဋ္ဌာန်တင်ထားသည့်သင်္ကန်းမပါဘဲ ခရီးသွားနိုင်ခြင်း၊
၃။ဒါယကာတို့ မပြောအပ်သည့်စကားနှင့် ဖိတ်ကြားသည့်ဆွမ်းကို စားနိုင်ခြင်း၊
၎။ရရှိသမျှ သင်္ကန်းကို ဝိနည်းကံမပြုဘဲ ထားနိုင်ခြင်း၊
၅။ကထိန်ခင်းသော ကျောင်းတွင်ဖြစ်ပေါ်သမျှ သံဃာပိုင်သင်္ကန်းများကို အညီအမျှ ခွဲဝေယူနိုင်ခြင်း။
ကထိန်ဒါယကာတို့ ရရှိနိုင်သော အကျိုးငါးပါး
၁။ အချုပ်အချယ် အတားအဆီးမရှိ ကိုယ်သွားလိုရာသွားနိုင်၏။
၂။ ကိစ္စအဝဝတွင် ဝန်လေးခြင်းမရှိ၊ ပေါ့ပေါ့ပါးပါး ချမ်းချမ်းသာသာရှိခြင်း။
၃။ အစားအစာများ ပေါများ၍အစားအစာကြောင့် ဘေးဥပဒ် အန္တရာယ်မဖြစ်ခြင်း။
၎။ မိမိ၏ စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်အောင် ထိန်းသိမ်းနိုင်ခြင်း။
၅။ အဝတ်အထည်နှင့်ဥစ္စာပစ္စည်းများပေါများ၍ မိမိပစ္စည်းကို မိမိမပေးလျှင် မည်သူမျှမယူနိုင်ခြင်း။
သို့အတွက်ကြောင့် သံသရာတွင် ထူးခြားသည့် အကျိုးကိုပေးသည့်ကထိန်ကို  တစ်ဦးချင်းဖြစ်စေ၊ အများနှင့်ဖြစ်စေ ကုသိုလ်ပြုကြသင့်ပါကြောင်းကို အထက်ပါ အတိုင်း မဟာဝါ  အဋ္ဌကထာ ပါဠိတော်ကျမ်း၊ ချမ်းမြေ့ဆရာတော်ကြီး၏ လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုရွေး တရားတော်၊ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏''ဂုဏ်ရှိန်ပေါင်းစုသည့် ဘုံကထိန်ကောင်းမှု''တို့ကို မှီငြမ်းကိုးကား၍ ရေးသားလိုက်ရပါသည်။  
ဝင်းကျော်ကျော်(ပျဉ်းမနား)
Read 71 times
Rate this item
(0 votes)
Last modified on Thursday, 07 November 2019 10:09