SJ WorldNews - шаблон joomla Авто

အလှဆုံးဖြစ်ချင် သလား

Friday, 29 September 2017 09:01 Written by  font size decrease font size decrease font size increase font size increase font size

မိန်းကလေးတို့ရေ ... ''လှချင်ရဲ့စက်စက်ယို''ဆိုတဲ့ စကားကို ကြားဖူးကြတယ် မဟုတ်လား။

မိန်းမသား ဆိုတာ လှချင်မှာပါ။ ဒါက အဆန်း မဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်မယ့် အလှကို ပြင်ဆင်တတ်ဖို့တော့ လိုပါသေးတယ်။ လွန်ကဲတဲ့ အလှပြင်ဆင်မှုကိုတော့ သတိထားဖို့ လိုတယ်နော်။ ''ပြင်လွန်းရင် ဖင်ချွန်း'' ဆို တဲ့ စကားလည်းရှိသားပဲ။ တော်ရုံလှတဲ့အလှနဲ့ ကျေနပ်နေရင် ကဲ့ရဲ့ခံရမှာလည်းမဟုတ်ဘူး။ ဒီလောက်တော့ သတိထား ရလိမ့်မယ်။

အဘွားတို့ အမေတို့ခေတ်က သုံးခဲ့တဲ့သနပ်ခါးကိုမသုံးကြတော့ဘူး။ အသားအေးတယ်။ အသားဖွေးတယ်ဆိုတာ လက်မခံကြဘူး။ သနပ်ခါးထက် အသားဖြူစေတဲ့အစားထိုး အလှပြင်ပစ္စည်းတွေ မျိုးစုံပေါ်နေပြီ။ အလှကုန်တွေကို အထူး Promotion  နဲ့ရောင်းတဲ့ပစ္စည်းကိုသာ သုံးချင်ကြတာ။အဲဒီပစ္စည်းထဲမှာ ဓာတ်သဘာဝ မတည့် လို့မျက်နှာပျက်စီးရတာတွေ တွေ့ဖူးပါတယ်။

အပျိုမလေးတစ်ယောက်က အသားလှတယ်လို့ တစ်ဆင့်စကားကြားပြီး ''ပရိုမီနာမြစ်''ဆိုတာကို သွေးလိမ်းတာ၊ မျက်နှာတစ်ခုလုံး ရောင်ကိုင်းလာရော၊ နောက်မှ အဖတ် တွေကွာပြီး မျက်နှာကြီးကနီမြန်းမြန်း အရေခွံ ခွာထားသလိုဖြစ်နေတာ၊ ဆေးကုလိုက်ရတာ အတော်ကုန်သွားတယ်တဲ့။ အချို့ကတော့ ဆံပင်ကိုအနီဆိုးလိုက်၊ အဝါ ဆိုးလိုက်၊ ခရမ်းရောင်စပ်ကျားဖြစ်လိုက်နဲ့ ဆေးထဲက ကမ်မီကယ်တွေကြောင့် အရေပြားမှာ အနာဖြစ်လို့ ဆံပင်တွေကျွတ်တာ ခေါင်းတုံး တုံးရတဲ့ အဖြစ် ရောက်ရော။

အချို့မိန်းကလေးတွေကျတော့ တစ်မျိုး၊မျက်နှာလေးကလှရဲ့သားနဲ့ လူကဝဖိုင့်ဖိုင့်ဖြစ်နေတာကို မကြိုက်ပြန်ဘူး။ ''ဝတ်စားဆင်ယင်ရတာ အဆင်မပြေဘူး''ဆိုပြီး ပိန် ဆေးတွေသောက်၊ အစားလျှော့စား၊ ပိန်အောင် လို့လေ့ ကျင့်ခန်းတွေလုပ်၊ အလှအတွက်အစွမ်းကုန် ဒုက္ခခံကြပြန်ရော။ ဒါလည်းဒုက္ခတစ်မျိုးပါပဲ။ အစက တည်း ကချင့်ချိန်ပြီးစား၊ ချင့်ချိန်ပြီးအိပ်ခဲ့ရင် ဒီလောက်အထိဝလာစရာမရှိဘူးလေ။ ခုမှမလိုချင်ပါဘူး ဆိုတော့ အသားတွေက အစ်အစ်ထနေတာ။လှီးပစ်လို့လည်းမရ။ ဝတဲ့သော ကနဲ့ အစားလျှော့စားရတဲ့ဒုက္ခကို ကြိတ်မှိတ်ခံစားရပြီပေါ့။

မိန်းကလေးအများစု အလှကြိုက်တော့အလှပြင်ဆိုင်တွေ အလှကုန်ပစ္စည်းအရောင်းဆိုင်တွေ၊ အထည်ဆန်းတွေလည်းပလူပျံ၊ငွေတတ်နိုင်သူတွေရော မတတ်နိုင် သူ တွေရောကြိတ်ကြိတ်တိုးပဲ။ ဆံပင်အလှပြင်ဆိုင် တစ်ခုမှာ ဆံပင်သွားညှပ်တော့ မိန်းကလေးတစ်ယောက်ကိုတွေ့တယ်။ ရွက်ကြမ်းရေကျိုရုပ်လေးနဲ့ သနားကမားပါ။ သူ့ဆံ ပင်ကျောဝဲကို ဖယောင်းသွင်းပြီးဖြောင့်မလို့တဲ့၊ ဖြောင့်ခနဲ့ဖယောင်းသွင်းခနှစ်သောင်း။ သူကဈေးထဲမှာသူ့အမေနဲ့အတူ အသုပ်ကူရောင်းတာ။ ''အော် မနှမြော တတ်ပါလား၊ သူ့အမေကို မသနားဘူးပဲ''လို့ တွေးမိနေသေးတယ်။

လှချင်တာကို အပြစ်မဆိုပါဘူး။ ဒါပေမဲ့သူများလုပ်တိုင်းလိုက်လုပ်နေတာ။ ကိုယ့်ဘဝအတွက် ဘယ်ဟာကအရေးကြီးတယ်ဆိုတာတွေးတတ်စေချင်တာပါ။ အချို့မိန်း ကလေးတွေ သင်တန်းပေါင်းစုံ တက်နေတာ ရှိသေးတယ်။ ကွန်ပျူတာ၊ နိုင်ငံခြားဘာသာစကား၊စာရေးနည်းလမ်းညွှန်၊ ဇာတ်ညွှန်းရေးနည်း၊ဒါရိုက်တာသင်တန်း၊ ကာယ အလှ သင်တန်း၊ဘာသာရေးသင်တန်း၊ ပဋိစ္စသမုပ္ပာဒ်သင်တန်း၊အို ....များမှများ။ ကိုယ့်အတွက် ဘယ်အတတ်ပညာက အရေးပါမလဲလို့မတွေးဘူး။အဓိကနဲ့သာမညကို မတွေးဘူး။

''သူများယောင်၍ ယောင်ရသည်။ အမောင်တောင်မှန်း၊ မြောက်မှန်းမသိ'' ဆိုတဲ့ စကားလိုပါပဲ။ ငွေပိုကုန်၊ အချိန်ကုန်၊ လူပင်ပန်းတာအဖတ်တင်ရော။ သူများလိုပြင်မှ သူများလိုလှမယ်ထင်သူတွေ၊ သူများလိုသင်မှ သူများလို မာန်ကြွနိုင်မယ်ထင်သူတွေကို အသိတရားလေးတစ်ခုရစေချင်ပါတယ်။''တန်ဖိုးရှိတဲ့ အလှတရား စစ် စစ်''ဆိုတာကို လမ်းညွှန်ချင်ပါတယ်။

ဗုဒ္ဓဘုရားရဲ့တရားတော်ကို နာကြားဖူးသမျှလေး မျှဝေမှာပါ ...။ပြင်ပရုပ်ရည်အလှကို မွမ်းမံခြယ်သပြီးတန်ဖိုးကြီးတဲ့လက်ဝတ်ရတနာဆင်၊ ဟန်းဖုန်းတွေ၊ တက်ပလက် တွေ သုံးပြီး ဟန်ရေးပြရုံနဲ့ တန်ဖိုးရှိတဲ့ အလှကို ပိုင်ဆိုင်သူလို့မပြောနိုင်ပါဘူး။ အတွင်းစိတ်ကောင်းသူမှ တန်ဖိုးရှိတဲ့အလှကို ပိုင်ဆိုင်သူလို့ မှတ်ချက်ချရမှာပါ။ ဘုရား ဟော တရားတော်ထဲကလို ''အတိတ်ဘဝ၏ကံအကြောင်းတရားပါပဲ''လို့ သိထားဖို့လိုပါတယ်။

စကားကြုံလို့ ''မလ္လိကာမိဖုရားကြီး''အကြောင်းကို အကျဉ်းချုံးပြောပြပါဦးမယ်။ဘုရားရှင်လက်ထက်တော်က အမျိုးကောင်းသမီး မလ္လိကာ မိဖုရားကြီးရဲ့ ချမ်းသာကြွယ်ဝမှုဟာ အနှိုင်းမရှိပြည့်စုံပါတယ်တဲ့။ ဒါပေမဲ့ခန္ဓာ ကိုယ် က အချိုးအစားမကျ၊ ရုပ်ရည် ကလည်း သာမန်မျှသာပဲတဲ့။ တခြားတိုင်းပြည်က မိဖုရားတွေရဲ့အလှက ကျော်ကြားတဲ့ အတွက် မိဖုရားရင်ထဲမှာသိချင်လာတယ်။တစ်နေ့မှာ မြတ်စွာဘုရား သီတင်း သုံး တဲ့ဇေတ ဝန်ကျောင်းတော်ကြီးကိုသွားပြီး ရှိခိုးကန်တော့တယ်။

သူသိချင်တဲ့ မေးခွန်းလေးမျိုးကို ယို့ယို့လေးလျှောက်မေးသတဲ့။ အကျဉ်းချုံးရရင် ...၁။ အချို့ကရုပ်ချောပေမယ့် ဆင်းရဲနွမ်းပါးတယ်။၂။ အချို့ကရုပ်ဆိုးပေမယ့် ချမ်း သာကြွယ် ဝတယ်။၃။ အချို့ကရုပ်ချော၊ ချမ်း သာကြွယ် ဝပေမယ့်ခြွေရံသင်း ပင်းနည်းပါးတယ်။၎။ အချို့ကရုပ်ဆိုးပေမယ့် ချမ်းသာပြီး ခြွေရံသင်းပင်းပေါများတယ်။စသည်ဖြင့် ကွဲပြားခြားနားကြတယ်။ဘာကြောင့် ဒီလိုဖြစ်ရပါသလဲလို့ မေးမြန်းလျှောက်ထားတယ်။မြတ် စွာဘုရား က မလ္လိကာမိဖုရားကြီးသိစေဖို့ စုံလင်တဲ့အဖြေ ကိုဖြေ တော်မူတယ်။

အကျဉ်းချုံးပြီး ဆိုလိုရင်းကိုရေးပြရရင်..''မိဖုရားကြီး လူတစ်ယောက်မှာ အမျက်ဒေါသကြီးခြင်း၊ သဒ္ဓါတရားနည်းပါးခြင်း၊သူတစ်ပါးကို မနာလိုဝန်တိုစောင်းမြောင်းခြင်းစတဲ့အကြောင်းတရားတွေကြောင့် သေ လွန်ပြီးနောက် တစ်ချိန်မှာ ရုပ်ဆိုးအကျည်းတန်ခြင်းများ၊ ဆင်းရဲနွမ်းပါးခြင်းများ၊ ခြွေရံသင်းပင်းနည်းသူများဖြစ်ကြရတယ်''လို့ ဟော တော်မူတယ်။

သည်တော့မှ မိဖုရားကြီးက ဆင်ခြင်ဥာဏ်နဲ့အသိတရားရလာပြီး စိတ်နှလုံးငြိမ်းချမ်းပါသတဲ့။ မြတ်စွာဘုရားကို မိဖုရားကြီးကကတိစကားလျှောက်ထားတာကတော့ ...''အရှင် ဘုရား တပည့်တော်မသည် အမျက်ဒေါ သမကြီး သူဖြစ်စေရပါမယ်ဘုရား။ သဒ္ဓါတရားရှိသူဖြစ်စေရပါမယ်ဘုရား။ သူတစ်ပါးကို မနာလိုဝန်တိုခြင်း မရှိသူဖြစ် စေရပါမယ်ဘုရား''လို့ လျှောက်ထားသတဲ့။ ဒီဇာတ်ကြောင်းလေးသိပြီးရင် ''အကြောင်းပြုကောင်းမှ အကျိုးပေးကောင်းမယ်'' ''စိတ်ထားကောင်းမှ ဘဝကောင်း မယ်'' ဆိုတဲ့ အသိတရားလေးရနိုင်မယ်ထင်ပါတယ်။အခုခေတ်မှာ အလှရဲ့တန်ဖိုးကို ဆန်းစစ်ဖို့လိုနေပြီ။ ပြင်လို့လှတဲ့သူဖြစ်စေ၊ မပြင်ဘဲလှနေသူဖြစ်စေ၊ သဒ္ဓါတရားရှိသူ၊ အများကောင်းကျိုးကိုလိုလားသူ၊ ဖြောင့်မှန်တဲ့စိတ်ထားရှိ သူ အဲဒီလိုမိန်းမသားတွေဖြစ်ဖို့လိုပါတယ်။ ဒါမှ ''နှလုံးသားလှသူ''လို့ အများက မှတ်ကျောက်တင်လိမ့်မယ်။

အလှဆုံးဖြစ်အောင် ခြယ်မှုန်းနေတဲ့ကိုယ်ကိုယ်တိုင်ကရော အမျက်ဒေါသမာန်မာနလျှော့ချနိုင်ပြီလား။ မနာလို ဝန်တိုမှုကင်းရဲ့လား။ အပေါ်ယံ ဟန်ဆောင်ပြုံးထက် အတွင်း စိတ်ဓာတ် မညံ့အောင် နေတတ်ရဲ့လား သုံး သပ်ဖို့ လိုပါပြီ။ မိန်းကလေးတွေ အားလုံးအလှဆုံးဖြစ်ချင်ရင် ...''နှလုံးသားကို အလှဆင်ပါ''လို့ တိုက်တွန်း လိုက်ပါတယ်။

မိုး ပန်း မွန် (ရာမည)

Read 665 times
Rate this item
(0 votes)
Last modified on Friday, 29 September 2017 09:07