SJ WorldNews - шаблон joomla Авто

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားသည့် သီလ၀ါ အထူးစီးပွားရေးဇုန်

Wednesday, 11 December 2019 09:33 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌   ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သီလ၀ါ အထူးစီးပွားရေးဇုန်သည် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း တည်ထောင်ထား သည့် ဇုန်တစ်ခုဖြစ်သည်။ သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် တစ်ဆက်တည်း တည်ရှိနေပြီး    အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အားကောင်းလာစေရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကောင်းလာစေရန် ဖော်ဆောင်နေသော ဇုန်တစ်ခုဆိုလည်း မှားမည်မထင်ပေ။ သီလ၀ါ အထူးစီးပွားရေးဇုန်ကို   မြန်မာနိုင်ငံ၏  စံပြအထူးစီးပွားရေး ဇုန်ဖြစ်လာစေရန် ရည်မှန်းချက်ထား  ဖော်ဆောင်လျက်ရှိသည်။

ယင်းဇုန်အတွင်း   နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို    ဆွဲဆောင်နိုင်မည့် အခြေခံ အဆောက်အအုံပိုင်းများ ပြင်ဆင်နေသည်။   ရေပေးဝေရေးစနစ်၊  မိလ္လာစနစ်၊ ရေဆိုးစနစ်၊  အမှိုက်စွန့်ပစ်စနစ်နှင့် လျှပ်စစ်မီးရရှိရေး  စသည့် အခြေခံအပိုင်းများ စနစ်တကျ ပြင်ဆင်နေသည်ကို တွေ့မြင်ရသည်။  ထို့ပြင်  ကုန်သွယ်ရေးပိုင်းတွင်  ကုန်းလမ်းပိုင်း၌  အဆင်ပြေစွာ သယ်ယူပို့ဆောင်ပေးနိုင်ရန် သန်လျင်လမ်းပိုင်းကို အဆင့်မြှင့်တင် ပြင်ဆင်လျက်ရှိပြီး သန်လျင်မြစ်ကူးတံတား  အမှတ်(၃)ကိုလည်း စတင် တည်ဆောက်လျက်ရှိသည်။ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သော အထူးစီးပွားရေးဇုန် ဖြစ်သည့်အတွက် ဂျပန်နိုင်ငံမှ  ကုမ္ပဏီပေါင်း  ၅၅ ခုပါဝင်ကာ အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။ ယင်းတို့ထဲတွင် ဂျပန်နိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီ ကြီးများ ပါဝင်ကြသည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပိုင်းတွင်  ထိုင်းနိုင်ငံက ကုမ္ပဏီ ၁၅ ခု၊ တောင်ကိုရီးယားနိုင်ငံက ကုမ္ပဏီကိုးခု၊  တရုတ်တိုင်ပေက  ကုမ္ပဏီ ခြောက်ခု၊ စင်ကာပူနိုင်ငံက ကုမ္ပဏီသုံးခု၊ မလေးရှားနိုင်ငံက  ကုမ္ပဏီလေးခု၊  မြန်မာနိုင်ငံက  ကုမ္ပဏီနှစ်ခု၊ ဟောင်ကောင်က   ကုမ္ပဏီနှစ်ခု၊ ဆွစ်ဇာလန်နိုင်ငံက ကုမ္ပဏီ နှစ်ခုနှင့် အိနိ္ဒယ၊  တရုတ်၊  နယ်သာလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဗီယက်နမ်၊ အမေရိကန်၊ သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် ဆွီဒင်နိုင်ငံတို့က  ကုမ္ပဏီတစ်ခုစီ  လာရောက်ရင်းနှီး မြှုပ်နှံထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့်လည်း ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် မြန်မာ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရရှိစေသည့်  လုပ်ငန်းအမျိုးအစားများကိုသာ ခွင့်ပြုပေးခြင်းဖြစ်သည်။ အထည်ချုပ် လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများသည် လုပ်သားအင်အား အများဆုံး အသုံးပြုရသည့် လုပ်ငန်းများဖြစ်ပြီး လက်ရှိသီလ၀ါ အထူးစီးပွားရေးဇုန် အတွင်း  နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုများတွင်      အဆိုပါ လုပ်ငန်းအများစု ၀င်ရောက် လုပ်ကိုင်လျက် ရှိသည်။    တိုက်ရိုက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီပေါင်း  ၁၁၃  ခုကို  ကုန်သွယ်ခွင့် ပါမစ်ပေးနိုင်ခဲ့ပြီး ကုမ်္ပဏီပေါင်း ၇၆ ခုမှ လုပ်ငန်းများ  စတင်လည်ပတ် လုပ်ကိုင်လျက်ရှိသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်သည်   မြန်မာနိုင်ငံ၌   အကြီးဆုံးဇုန်ကြီး တစ်ခုဖြစ်လာပြီး  လုပ်သားအင်အား ၃၀၀ ကျော်အထိ အသုံးပြုရသော  ဂျပန်နိုင်ငံမှ နာမည်ကြီးကား အမျိုးအစားတစ်ခုဖြစ်သည့် Suzuki  ကားကုမ္ပဏီက စတင်လုပ်ကိုင်ခြင်းဖြစ်သည်။

သီလ၀ါအထူး စီးပွားရေးဇုန်အတွင်း ပြည်တွင်းလုပ်ငန်းများ   ချဲ့ထွင်နိုင်ရန် ပြည်တွင်းဈေးကွက်ဗဟိုပြု စက်ရုံလုပ်ငန်းများနှင့်  ပြည်ပပို့ကုန်စက်မှု လုပ်ငန်းများ ဟူ၍ လုပ်ငန်းနှစ်ရပ်ဖြင့် ဆောင်ရွက်နေသည်။လက်ရှိတွင်  ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်သော    ဗဟိုပြုစက်ရုံ လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး ၂၀၂၀  ပြည့်နှစ်တွင်      ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သော ကုမ္ပဏီများ ၀င်ရောက် လာရန်လည်း မျှော်မှန်းထားသည်။ လက်ရှိ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် သီလ၀ါအထူး စီးပွားရေးဇုန် တိုးတက်ရေးအတွက် အဆင့်လိုက်  အကောင်အထည်ဖော် ဆောင်ရွက်နေပြီး   အဓိကအားဖြင့်   နိုင်ငံတကာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းအတွက်အလားအလာရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန်  ဂျပန်အစိုးရနှင့်  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့က အထူးစီးပွားရေး ဇုန်အတွက် ဥပဒေကို  ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ပြဋ္ဌာန်းခဲ့သည်။ မြန်မာ့အထူးစီးပွားရေးဇုန် စည်းမျဉ်း

စည်းကမ်းများကို ၂၀၁၅  ခုနှစ်  သြဂုတ်လက  နိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးတွင် လက်ခံ သဘောတူညီခဲ့သည်။ သီလ၀ါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြေဟက်တာ၂၄၀၀  ရှိသည်။ ယင်းမြေဧရိယာအနက် ဇုန်(A)   အဖြစ်  မြေ ၄၀၅ ဟက်တာ၌ စတင်အကောင်အထည် ဖော်ခဲ့ပြီး   ဖော်ဆောင်ထားသော မြေများတွင် ရောင်းချရမှု ၉၉ ရာခိုင်နှုန်း အထိရှိခဲ့သည်။

ထို့ပြင် ဇုန် (B) ကိုလည်း ဆက်လက် အကောင်အထည်ဖော်နေပြီး   ယင်းဇုန်အတွင်း Phase 1 တွင် မြေ ၁၀၁ ဟက်တာ၊ Phase  2 တွင် မြေ ၄၆ ဟက်တာ အသီးသီး ခွဲခြားထားကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း  စက်မှုဇုန်ပေါင်း ၂၉  ခုရှိပြီး  တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စက်မှုဇုန်များကို အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေသော်လည်း အခြေခံ လိုအပ် ချက်များကြောင့် ခန့်မှန်းထားသည်ထက် ကြန့်ကြာနေသည်။ ယင်းအချိန်တွင် သီလ၀ါ အထူးစီးပွားရေးဇုန်သည်  နိုင်ငံအတွက်   အရေးပါသော ဇုန်တစ်ခုဖြစ်လာရန်  မျှော် မှန်း ဖော်ဆောင်ရာတွင် အခြေခံ လိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီး၊ရေနှင့် တခြား လိုအပ်ချက်များလည်း ဖြည့်တင်းရမည်ဖြစ်သည်။ သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အခြေခံ အဆောက်အအုံပိုင်းများ ဆောင်ရွက်ရာတွင် လိုအပ်သော လျှပ်စစ်မီးအတွက် 33 KV Distribution Line ၊ 50 MW Thilawa Power  Plant  စသည့်  ဓာတ်အားပေးစက်ရုံများ အကောင်အထည် ဖော်ဆောင်ခဲ့ပြီး   ယင်းစက်ရုံများအတွက် လိုအပ်သော ဂက်စ်များကိုလည်း   Gas  Pipelines ၊  230  KV Transmission Line ၊ Thilawa Substation  တို့က ပံ့ပိုးပေးလျက်ရှိသည်။ သုံးရေရရှိရေးကိုလည်း ပဲခူးတိုင်း ဒေသကြီးအတွင်း  ဖော်ဆောင်ထားသော  လဂွန်းပြင်ဆည်မှ  ရေများ ရယူသုံးစွဲရန်  Water Supply Network ကို   တည်ဆောက်ထားသည်။  အခြေခံ အဆောက်အအုံပိုင်းများဖြစ်သည့် လမ်းပိုင်းများနှင့်  ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေမည့် လမ်းကြောင်းများတွင်လည်းစနစ်တကျပြင်ဆင်နေခြင်းများကြောင့် သီလ၀ါ အထူးစီးပွားရေး ဇုန်အတွင်းရှိ ဇုန် (A) နှင့် ဇုန် (B)အတွင်း အကောင်အထည်ဖော်ထားသည့် မြေဧရိယာများကို  နောက်အကျဆုံး၂၀၂၁  ခုနှစ်တွင် အပြီးရောင်းချနိုင်မည်ဟု မျှော်မှန်းထားကြောင်း  သိရသည်။

အရှေ့တောင်အာရှ  နိုင်ငံတချို့တွင် ရင်းနှီးမြှုပ်နှံထားသော   ကုမ္ပဏီကြီးများ ကလည်း   သီလ၀ါ အထူးစီးပွားရေးဇုန်၌   လာရောက်ရင်းနှီး မြှုပ်နှံရန် စုံစမ်းဆွေးနွေးမှုများ ရှိလာသည့်အတွက်  အရှေ့တောင်အာရှ နိုင်ငံတချို့နှင့် ရင်းနှီးမြှုပ်နှံမှုပိုင်း ဆိုင်ရာ လွန်ဆွဲရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ဂျပန်နိုင်ငံမှ ဦးဆောင်ရင်းနှီး မြှုပ်နှံထားသည့် သီလ၀ါ အထူး စီးပွားရေးဇုန်အတွက် ဂျပန်နိုင်ငံနှင့် စီးပွားရေးအရ  အားပြိုင်နေသော တခြားနိုင်ငံများနှင့်   နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အတွက်  လွန်ဆွဲ ရမည်ဖြစ်ပြီး   လက်ရှိ  နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ရေးသားတင်ပြလိုက်ရပါသည်။   

Read 32 times
Rate this item
(0 votes)
Last modified on Wednesday, 11 December 2019 09:34