SJ WorldNews - шаблон joomla Авто

ခေတ်မီ တိုးတက် စွမ်းရည်ထက် အောင်ပွဲဆက်စေ တပ်မတော်(ရေ)

Tuesday, 24 December 2019 10:07 Written by  font size decrease font size decrease font size increase font size increase font size

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်သည် တပ်မတော်(ရေ)၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် တပ်မတော်(ရေ) ကို ဖွဲ့စည်းခဲ့သည်မှာ (၇၂)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အမှန်စင်စစ် တပ်မတော် (ရေ)၏ တာဝန်ထမ်းဆောင်မှုကာလမှာ  ထို့ထက်မကကြာမြင့်ခဲ့သည်။

သမိုင်းကြောင်းအစဉ်အလာကြီးမားခဲ့သော  ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက   မြန်မာ့ရေတပ်မတော်၏  အခန်းကဏ္ဍသည်လည်း ထင်ရှားခဲ့သည်။ ၁၂ ရာစုအစပိုင်း ရှေးမြန်မာမင်းများ လက်ထက်ကပင် မြန်မာ့ရေတပ် အစပြု ခဲ့သည်။ ၁၈ ရာစု ကုန်းဘောင်မင်းလက်ထက် ရတနာပုံ ခေတ်တွင် ရာထူးဌာနနရ၊ ဂုဏ်ထူးအဆောင် အယောင် တို့ဖြင့် စနစ်တကျ  ဖွဲ့စည်းနိုင်ခဲ့သည်။ သာယာဝတီမင်း၏ သာယာဝတီ- ဒဂုံ ရေကြောင်းချီစစ်သည်  မြန်မာ့ ရေတပ် စွမ်းရည်ကို ထုတ်ဖော်ပြသ နိုင်ခဲ့သည်။

အထက်ပါစွမ်းရည်ပြည့်ဝသော မြန်မာ့ ရေတပ်သည် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့် သူ့ကျွန်ဘ၀တွင် လုံးဝပျောက် ကွယ်ခဲ့ သည်။ နယ်ချဲ့လက်အောက်ကျရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံကမ်းရိုးတန်းကာကွယ်ရေးကို  ဗြိတိသျှတို့၏ အရှေ့ အိန်္ဒိယရေတပ်က တာဝန်ယူခဲ့ပြီး ၁၉၃၄ ခုနှစ်၊ အောက်တိုဘာ လတွင် အိနိ္ဒယရေတပ်မတော်က တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၃၇ ခုနှစ်တွင် အိနိ္ဒယနိုင်ငံမှ ခွဲထွက်ခဲ့ပြီးနောက် ဗမာပြည်ဘုရင့် အပျော်တမ်း အရန် ရေတပ်  (Burma Royal Naval Volunteer Reserve -BRNVR) ကို ၁၉၄၀ ပြည့်နှစ်၊ ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။  

၁၉၄၂ ခုနှစ်၊ ဂျပန်လက်အောက်ကျ ရောက်ချိန်တွင် ဗမာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ်သည် အိနိ္ဒယနိုင်ငံသို့ ဆုတ်ခွာ သွားခဲ့သော်လည်း ဇွန်လတွင် ဗမာ့လွတ်လပ်ရေး ရေတပ်မတော် (BIN) ကို ဖွဲ့စည်းပေးခဲ့သည်။ သို့သော် ၁၉၄၃ ခုနှစ်တွင် ဗမာ့ လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းခဲ့ရာ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင် အချို့သည်  ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defense  Army-BDA) သို့ ၀င်ရောက် အမှုထမ်းခဲ့ကြသည်။

၁၉၄၅ ခုနှစ်တွင် ဗြိတိသျှတို့သည် ဂျပန်တို့အပေါ် တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့ရာ ဗမာပြည် ဘုရင့်အပျော်တမ်း အရန် ရေတပ်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ မေလ ၂၅ ရက်တွင် ရန်ကုန်မြစ်လယ်၌ ဖရီးဂိတ် စစ်ရေယာဉ်  HMS FAL အား ဗြိတိ သျှ ရေတပ်မတော်မှ ဗမာပြည်ဘုရင့် အပျော်တမ်းအရန် ရေတပ်သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ၎င်းစစ်ရေ ယာဉ်ကို စစ်တွင်းက ရခိုင်ပြည်နယ် မေယုမြစ်တစ်လျှောက် ဗမာ့တပ်မတော် သားများက ဂျပန်တို့ကို နှိမ်နင်းအောင် မြင်ခဲ့မှုအား  ဂုဏ်ပြုသောအားဖြင့် စစ်ရေယာဉ်(မေယု)အဖြစ် အမည် ပေးအပ်ခဲ့သည်။ စစ်ရေယာဉ်မှူးအဖြစ်  ဗိုလ်မှူး ခင်မောင်ဘိုက တာဝန်ထမ်းဆောင် ခဲ့သည်။

စစ်ရေယာဉ်(မေယု) လွှဲပြောင်းလက်ခံသည့် အခမ်းအနားတွင် စစ်ရေယာဉ်ဦးပိုင်း အလံတိုင် (Jack Staff) မှ ဗြိတိသျှ ရေတပ် အလံအားချကာ ဗမာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ်အလံအား လွှင့်ထူခဲ့ရာ မကြာမီ လွတ်လပ်ရေး ရရှိမည့် အတိတ်ကောင်း၊  နိမိတ်ကောင်းအဖြစ် မှတ်ယူနိုင်ခဲ့ကြသည်။

အထက်ပါဖြုတ်ချခဲ့သော ဗြိတိသျှရေတပ် အလံအား နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင်   ပြသထား ရှိပြီး စစ်ရေယာဉ် (မေယု)အား သန်လျင်တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေး ဌာနချုပ်တွင် ပြတိုက်အဖြစ် ပြသထား ရှိပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ရက်ပိုင်းအလို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဗမာပြည်ဘုရင့် အပျော် တမ်းအရန် ရေတပ်အား ဗမာ့ရေတပ်မတော် (Burma Navy) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရေတပ် ဦးစီးချုပ် အဖြစ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုက  ဗြိတိသျှတို့ထံမှ တာဝန်များ လွှဲပြောင်းလက်ခံခဲ့သည်။ ထိုအချိန်မှ စ၍  လွတ်လပ်ရေးရရှိပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်ခုအဖြစ် ရပ်တည်နိုင်မှု နှင့်အတူ မြန်မာ့တပ်မတော်(ရေ) အဖြစ် အခိုင်အမာ ရပ်တည် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာသော ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှု အခြေအနေဆိုးများကြောင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတို့အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့အတွက် တပ်မတော် (ရေ)သည် တပ်မတော်(ကြည်း/လေ)တို့နှင့်အတူ  လက်တွဲတိုက်ပွဲဝင်ခဲ့သည်။ မြစ်ဝကျွန်းပေါ် တိုက်ပွဲ များ၊ ရခိုင် ကမ်းရိုးတန်းဒေသ တိုက်ပွဲများ၊ တနင်္သာရီ ကမ်းရိုးတန်းဒေသ တိုက်ပွဲများအား ရွပ်ရွပ်ချွံချွံ ဆင်နွှဲနိုင်ခဲ့ သည်။

တစ်တိုင်းပြည်လုံး ပြည်တွင်းသောင်း ကျန်းမှုများကြောင့် ရန်ကုန်အစိုးရဟု နိုင်ငံတကာမှ နှိမ့်ချဆက်ဆံနေချိန်တွင် ရန်ကုန် မြို့ကိုသိမ်းပိုက်ရန် ဦးတည်ချီတက်လာသော သောင်းကျန်းသူများအား စစ်ရေယာဉ်များအပြင် တပ်မတော် (ရေ)မှ ဘီးတပ် ၄၀ မမ (တံမြက်စည်း) အမြောက်များဖြင့် ခုခံနိုင်ခဲ့ခြင်းကြောင့် ရန်ကုန်မြို့အား ကာကွယ် နိုင်ခဲ့သည်။ ၎င်းအမြောက်အား သမိုင်းမှတ်တိုင်အဖြစ် စစ်သမိုင်းပြတိုက်တွင် တွေ့ရှိနိုင်မည်ဖြစ်သည်။

တပ်မတော်(ရေ)သည် ဖြတ်သန်းကျော်ဖြတ်လာသော (၇၂)နှစ်တာ ကာလသက်တမ်း တစ်လျှောက်  ရရှိခဲ့သည့် အတွေ့ အကြုံ၊  ဗဟုသုတများကြောင့် ရင့်ကျက်တည်ငြိမ်သော၊ ခေတ်မီ ဆန်းသစ်သော၊ တိုးတက် ခိုင်မာသော အခြေအနေသို့ ရောက်ရှိလာပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော၊ ဒေသတွင်းရေတပ်များက လေးစားအသိ အမှတ်ပြု ရသော တပ်မတော်(ရေ) အဖြစ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတော်အား ပင်လယ်ပြင်မှ ကျူးကျော်မှုမှန်သမျှကို ရှေ့တန်းကျကျ ကာကွယ်ရန်၊   နိုင်ငံ၏ ရေကြောင်း အကျိုးစီးပွားများအား ကာကွယ် စောင့်ရှောက်ရန်၊ ကြည်း/ရေ/လေ ပူးပေါင်း စစ်ဆင်နိုင်စွမ်းရှိရန် ဟူသော ရည်မှန်းချက် တာဝန်များချမှတ်လျက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်(ရေ)အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

ရေမိုင်ပေါင်း ၁၂၆၀ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် စတုရန်းမိုင်ပေါင်း၁၄၀၀၀၀ ကျော် ကျယ်ဝန်းသော မြန်မာ့ ပင်လယ်ပြင်သည် အဖိုးတန်သယံဇာတများ ပေါကြွယ်ဝသည်။ ထို့ပြင်မျက်မှောက် ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတွင် အဓိကကျသော အိနိ္ဒယသမုဒရာ၏ အစိတ်အပိုင်းဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ်္ပလီပင်လယ် တို့၏ ထိန်းချုပ်မှတ်  (Chock Point) နေရာတွင်လည်း တည်ရှိနေသည်။ ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်ကို ရွှေနိုင်ငံ၏ ရွှေပင်လယ်ဟုပင် သတ်မှတ်နိုငသည်။ အဆိုပါ ရွှေပင်လယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ကမာ့အင်အားကြီး နိုင်ငံ များက နည်းလမ်း ပေါင်းစုံသုံး ချဉ်းကပ်ကြံစည်နေ ကြသည်ကို သတိပြုသင့်သည်။

ရွှေပင်လယ်၏ တန်ဖိုးကြီးမားပုံကို အလေးထားသော တပ်မတော် အကြီးအကဲများက တပ်မတော်(ရေ)၏ တိုက်စွမ်း အားများ ဖြစ်သော စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်နိုင်ရန် လမ်းညွှန်မှုပြုခဲ့သည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း တပ်မတော်(ရေ)၏ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင်  နိုင်ငံတကာ စံချိန်စံညွှန်းမီ  စစ်ရေယာဉ်များအား ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်စေခဲ့သည်။  တပ်မတော် အကြီး အကဲများ၏ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းပေးမှု၊ တပ်မတော်(ရေ)အရာရှိ၊ စစ်သည်များ၏  ကြိုးပမ်းအား ထုတ်မှု တို့ကြောင့် အဆင့် အတန်းမီ  စစ်ရေယာဉ်များကို လျင်မြန်စွာ တည်ဆောက်၊ ရေချ၊ တပ်တော် ၀င်နိုင်ခဲ့ သည်။  ၀ယ်ယူသူမှ  တည်ဆောက်သူ (Buyer to Builder) အဖြစ် ပြောင်းလဲ နိုင်ခဲ့ပြီး ပြည်ပသုံးငွေများကို ခြိုးခြံ ချွေတာ နိုင်ခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အခြားဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ခဲ့သည်။

တပ်မတော်(ရေ)၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရန်မှာ တိုက်စွမ်းအား များဖြစ်သော စစ်ရေယာဉ်များ ပေါ်တွင်များစွာ မူတည်သည်။ တပ်မတော်(ရေ)၏ စစ်ဆင်ရေး နယ်ပယ်(၄)ရပ်ဖြစ်သော ရေပြင်စစ်ဆင်ရေး၊ ဝေဟင် စစ်ဆင်ရေး၊ ရေအောက် စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေး နယ်ပယ်များတွင် ကွက်ပြည့်နင်း စစ်ဆင် နိုင်ရန် လိုအပ်သည်။ ထိုသို့ စစ်ဆင်နိုင်ရန် အတွက် စစ်ရေယာဉ် အသင့်၊ လက်နက်နှင့် လက်နက်စနစ် အသင့်၊  အရာရှိ၊ စစ်သည် အသင့်ဟူသော အသင့်(၃)ရပ်ဖြင့်လည်း ပြည့်စုံနေရန် လိုအပ်သည်။

ခေတ်မီအဖိုးတန်သော စစ်လက်နက် ပစည်းများ တပ်ဆင်အသုံးပြု ထားသော်လည်း ကျွမ်းကျင် ထိရောက်စွာ အသုံးမပြု နိုင်ပါက အချည်းနှီးပင်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များအား လူ့စွမ်းအား အရင်း အမြစ် (Human Resources) ဖွံ့ဖြိုးတိုးတက်စေရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။ အရာရှိ ဗဟု သုတ တိုးပွားရေး ဟောပြောပွဲ များ၊  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဟောပြောပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများကို ပုံမှန်ကျင်းပလျက်ရှိသည်။ ထို့ပြင် ပြည်ပအလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ၊ သင်တန်းများသို့လည်း စဉ်ဆက်မပြတ် စေလွှတ်တက်ရောက်စေလျက်ရှိသည်။

အရာရှိ၊ စစ်သည်များ အနေနှင့် တပ်မတော်လုပ်ငန်းစဉ် သုံးရပ်ဖြစ်သော လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် အတိုင်း လေ့လာ မှတ်သားမှုများ စဉ်ဆက်မပြတ်ပြုလုပ်ပြီး ကျွမ်းကျင်မှုရှိရန် လေ့ကျင့်မှုများဆောင် ရွက်ရမည်။  ၎င်းလေ့ကျင့် မှုတို့ အပေါ် လုပ်ငန်းခွင်တွင် လိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိနိုင်ပြီး လူ့စွမ်းအားအရင်း အမြစ်လည်း တိုးပွား လာမည်ဖြစ်သည်။

တပ်မတော်(ရေ)တာဝန်ယူဆောင်ရွက်လျက်ရှိသော ကဏ္ဍကြီး(၄) ရပ်ဖြစ်သည့် စစ်ရေးကဏ္ဍ (Military Role)၊ တရားဥပဒေ စိုးမိုးရေး ကဏ္ဍ (Constabulary Role) ၊ သံတမန်ရေးကဏ္ဍ (Diplomatic Role) ၊ လူသားချင်း စာနာထောက်ထားခြင်း ကဏ္ဍ (Benign Role) တို့အနက် Benign Role ကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။ ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)၊ မြစ်ရေယာဉ် (ရွှေပုဇွန်)တို့ဖြင့် ကမ်းရိုးတန်း တစ်လျှောက်တွင် နေထိုင်ကြ သော ပြည်သူလူထုကို ဆေးဝါး ကုသမှုပေးလျက်ရှိသည်။ ယခုနှစ် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် တပ်တော် ၀င်ခဲ့သည့် စစ်ရေယာဉ် (ုတ္တမ)တွင်လည်း အဆင့်မြင့်ဆေးကုသရေး ဆောင်ရွက်နိုင်သော ဆေးရုံပါရှိသဖြင့် ဆေးဝါး ကုသမှု ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ပြင် မိမိနိုင်ငံအတွင်းသာမက ဒေသတွင်းနိုင်ငံများတွင် ဖြစ်ပေါ်လာနိုင် သော သဘာဝ ဘေးအနရာယ်များကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ (Search and Rescue-SAR)၊ လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် သဘာဝ ဘေးအနရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ (Humanitarian  Assistance  and Disaster Relief-HADR) တို့ကို ပိုမို တိုးမြှင့်ဆောင်ရွက်လာနိုင်တော့မည်ဖြစ် သည်။

သမိုင်းအစဉ်အလာကြီးမားခဲ့သော  တပ်မတော်(ရေ) အနေနှင့်  ရေတပ်၏ တိုက်စွမ်းအားများ ဖြစ်သော အမျိုးအစား စုံလင်သည့် စစ်ရေယာဉ်များကို နှစ်စဉ် တပ်တော်ဝင်လျက်   အဖိုးတန်မြန်မာ့ ရွှေပင်လယ်၏ စစ်ဆင်ရေး နယ်ပယ် ကြီး(၄)ရပ်ကို အရည်အချင်း ပြည့်ဝသည့် လူသား အရင်းအမြစ် အရာရှိ၊ စစ်သည်များဖြင့် စောင့်ကြပ်ကာ တပ်မတော်(ရေ)၏ ကဏ္ဍကြီး (၄)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဂုဏ်ပြုရေးသား အပ်ပါသည်။  

ရဲလွင် (တိုင်းတာရေး)

Read 88 times
Rate this item
(0 votes)
Last modified on Tuesday, 24 December 2019 10:08