SJ WorldNews - шаблон joomla Авто

အမှောင်ကမ္ဘာမှာအလင်းရဖို့ မျက်ကြည်လွှာလှူဒါန်းကြစို့

Wednesday, 25 December 2019 21:47 Written by  font size decrease font size decrease font size increase font size increase font size

မျက်စိအဆုံး၊ နားအရှုံးဟူသော မြန်မာစကား တစ်ခုရှိပါသည်။ လူတစ်ယောက်သည် အကြားအာရုံ ချို့ယွင်းသွားလျှင် လူဖြစ်ရှုံးသည်နှင့်တူသည်။ အမြင်အာရုံ ချို့ယွင်းသွား လျှင် ဘ၀တစ်ခုလုံးဆုံးသည်နှင့်တူပါသည်။

လူတစ်ယောက်၏ အမြင်အာရုံကို ထိခိုက်စေသော အကြောင်းရင်းများစွာ ရှိပါသည်။ တချို့ကမွေးရာပါ ရောဂါများကြောင့် အမြင်အာရုံချို့ယွင်းနေကြပါသည်။ တချို့က လူ့လောကထဲရောက်ပြီးခါမှ အကြောင်းအမျိုးမျိုးကြောင့် အမြင်အာရုံချို့ယွင်း နေကြပါ သည်။

ထိုအထဲကမှ မျက်ကြည်လွှာဟုခေါ်သော အမြင်အာရုံ ကောင်းမွန်စေရန် အကူအညီ ပေးသည့် တစ်သျှူး(အင်္ဂါ) တစ်ခုထိခိုက် ပျက်စီးခြင်းကြောင့် မျက်စိကွယ်ပြီး အလင်း ရောင်ပျောက်ကာ အမှောင်ကမ္ဘာထဲ ရောက်နေကြရသည့် မျက်စိဝေဒနာရှင်များစွာ ရှိကြပါသည်။

မျက်ကြည်လွှာဆိုသည်မှာ မျက်လုံးကို ဖုံးအုပ်ထားသည့် တစ်သျှူးတစ်ခုဖြစ်ပါသည်။ မျက်လုံး အတွင်းသို့ ၀င်ရောက်လာသော အလင်းရောင်သည် မျက်ကြည်လွှာကို ပထမ ဆုံးဖြတ်သန်းရပါသည်။ ထိုမှတစ်ဆင့် သူငယ်အိမ်၊ မှန်ဘီလူးတို့ကိုဖြတ်၍ အမြင်လွှာ ပေါ်သို့ကျပြီး အရာဝတ်္ထုများကို မြင်ရခြင်းဖြစ်ပါသည်။ မျက်ကြည်လွှာသည် မျက်လုံး၏ ရှေ့၌ ခုံးနေသည့် ပုံစံအဖြစ်နှင့် တည်ရှိနေပါသည်။

အဆိုပါမျက်ကြည်လွှာသည် ပြင်ပအရာဝတ္ထု တစ်ခုခုနှင့် ထိမိခြစ်မိ၍ ထိခိုက်ဒဏ်ရာ ရသွား၍သော်လည်းကောင်း၊ ရောဂါတစ်ခုခုကြောင့်သော်လည်းကောင်း၊ အက်စစ်စ သည့်ဓာတုပစ္စည်းများနှင့် ထိခိုက်မိ၍သော်လည်းကောင်း၊ မျက်စိအတွင်းသို့ ဖုန်မှုန့်၊ သဲမှုန့်၊ ဆူးချွန်၊ ပိုးကောင်၊ မှန်စ၊ မိတ်ကပ်နှင့် လက်သည်း အပိုင်းအစတို့ ၀င်ရောက် မိ၍သော်လည်းကောင်း၊ ကလေးသူငယ်များ၌ အာဟာရချို့တဲ့၍ သော်လည်းကောင်း စသည့် အခြေအနေ အကြောင်း အမျိုးမျိုးတို့ကြောင့် မွေးရာပါ မျက်ကြည်လွှာ ပျက်စီး၍ အမြင်အာရုံချို့ယွင်း သွားတတ်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးအား ဆေးပညာ တွင်မျက်ကြည်လွှာကန်းခြင်းဟုခေါ်ပါသည်။

အကယ်၍ လူတစ်ဦး၏ မျက်ကြည်လွှာသည် ပျက်စီးသွား၍ အမြင်အာရုံ ချို့ယွင်း သွားပါက ကွယ်လွန်သူတစ်ဦးဦးက လှူဒါန်းခဲ့သည့် မျက်ကြည်လွှာနှင့်သာ အစားထိုး၍ ကုသရပါသည်။ အခြားမည်သည့် အရာနှင့်မှ အစားထိုးကုသ၍ မရနိုင်သေးပါ။ မျက် ကြည်လွှာ အစားထိုးကုသခြင်းဆိုသည်မှာ မျက်ကြည်လွှာ၏ ထိခိုက်ပျက်စီးသွားသည့် အစိတ်အပိုင်းအား အလှူရှင်ဆီက ရရှိသည့် မျက်ကြည်လွှာ အဟောင်းနှင့် အစားထိုး လဲလှယ်ခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကုသမှု၏ ၉၀ ရာခိုင်နှုန်းသည် အောင်မြင်၍ မျက်စိပြန်မြင်ကြပါသည်။ မည်သည့် အသက်အရွယ်၌မဆို မျက်ကြည်လွှာ အစားထိုး ကုသ၍ရနိုင်ပါသည်။ သို့သော် လိုအပ်သည့် မျက်ကြည်လွှာအတွက် လှူဒါန်းပေးမည့် အလှူရှင်ရှိရန် လိုအပ်ပါသည်။

မျက်ကြည်လွှာလှူဒါန်းရာတွင် ကွယ်လွန်သူ၏ မျက်စိတစ်လုံးလုံးကို ထုတ်ယူခြင်း မဟုတ်ပါ။ နာရီမှန်ကဲ့သို့သော အပေါ်ယံ မျက်ကြည်လွှာကိုသာ ထုတ်ယူခြင်း ဖြစ်ပါ သည်။ ထို့ကြောင့် ကွယ်လွန်သူ၏ မျက်နှာပုံသဏ္ဌာန် ပျက်စီးခြင်း၊ မျက်လုံးဟောက် ပက်ဖြစ်ခြင်းတို့မရှိပါ။ လှူဒါန်းသူ သေဆုံးပြီးနောက် လေးနာရီအတွင်း မျက်ကြည်လွှာ ကို ထုတ်ယူရပါသည်။ မျက်ကြည်လွှာ ထုတ်ယူချိန်မှာ မိနစ် ၃၀ ခန့်သာကြာ၍ ထုတ်ယူ ပြီးလျှင် သေဆုံးသူ၏ မျက်စိပုံစံ မပျက်စေရန် ပလတ်စတစ် မျက်လုံးပုံစံ ကတ်ပြား ကိုသေချာအုပ်၍ စနစ်တကျ ပြန်လုပ်ပေးပါသည်။ မျက်ကြည်လွှာကို ဘာသာမရွေး၊ လူမျိုးမရွေး၊ အယုတ်အလတ် အမြတ်မရွေး၊ မျက်စိအတွင်းတိမ်ရှိသူ၊ မျက်မှန်တပ်သူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အသက် ၇၅ နှစ်အောက်ရှိသူ အားလုံးလှူဒါန်း နိုင်ပါသည်။

မြန်မာနိုင်ငံတွင် မျက်ကြည်လွှာ လှူဒါန်း၍ရသော အမျိုးသားမျက်စိဘဏ် နှစ်ခုရှိပါ သည်။ အဆိုပါ မျက်စိဘဏ်များမှာ ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အမျိုးသား မျက်စိဘဏ်(ရန်ကုန်)နှင့် ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အမျိုးသား မျက်စိဘဏ် (မန္တလေး)တို့ဖြစ်သည်။ မျက်စိဘဏ်များသည် မျက်ကြည်လွှာ စုဆောင်းခြင်းကို ဆေးရုံ ကြီးများ၌ သေဆုံးသူများ၏ မိသားစုဝင်များထံမှ အလှူခံ၍ အဓိကရယူသည့်အပြင် မျက်ကြည်လွှာ အလှူရှင်များ သေဆုံးသွားသည့်အခါ ကျန်ရစ်သူမိသားစုများက အချိန် မီအကြောင်းကြားပေးသည့် နည်းလမ်းတို့ဖြင့် ရယူစုဆောင်းကြပါသည်။

မျက်စိဘဏ်များမှရရှိသည့် မျက်ကြည်လွှာများအား တစ်နိုင်ငံလုံးတွင်ရှိသော မျက် ကြည်လွှာရောဂါ ဝေဒနာရှင်များကို ကူညီ၍ ကုသပေးလျက်ရှိပါသည်။

သေဆုံးသူထံမှ မျက်ကြည်လွှာရယူရာတွင် ဦးစွာသေဆုံးသူ၏ ဆေးကုသမှု မှတ်တမ်း ကိုကြည့်၍ ခုခံအား ကျဆင်းမှုရောဂါ၊ ကာလသားရောဂါ၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ အသည်းကင်ဆာနှင့် သွေးကင်ဆာရောဂါများရှိ၊ မရှိကိုစစ်ဆေးပြီး မရှိသည့်အခါ ၎င်းင်း၏ မိသားစုဝင်များထံမှ အလှူခံရခြင်းဖြစ်ပါသည်။ သို့ရာတွင်  လူနာရှင်မိသားစု ၀င်များမှာ မျက်ကြည်လွှာ လှူဒါန်းနိုင်ခြင်းကို မသိကြခြင်း၊ ငယ်ရွယ်သည့် သားသမီး များသေဆုံးသည့်အခါ မိဘများက ယူကျုံးမရဖြစ်၍ မျက်ကြည်လွှာ လှူဒါန်းမှုမရှိခြင်း၊ မျက်ကြည်လွှာ ထုတ်ယူပါက မျက်လုံးပုံပျက်သွားမည်ဟု ထင်မှတ်နေခြင်းနှင့် လှူဒါန်း ပါက နောက်ဘ၀တွင် မျက်လုံးအင်္ဂါချို့ယွင်းနေမည်ဟု စသည့်လွဲမှားသည့် အယူအဆ များကြောင့် မျက်ကြည်လွှာ အလှူခံရရှိမှုမှာ နည်းပါးလျက်ရှိပါသည်။

ထို့ပြင် မျက်စိဘဏ်များသို့ မသေဆုံးမီ ဆန္ဒပြု မျက်ကြည်လွှာလာရောက် လှူဒါန်းကြ သူများအနေဖြင့် လှူဒါန်းသည့် ကတ်ပြားကို ထင်သာမြင်သာ ရှိသည့်နေရာတွင် မထား ခြင်း၊ ပျောက်ဆုံး ပျက်စီးသွားခြင်းနှင့် ၎င်းတို့သေဆုံးသွားသည့် အခါတွင်လည်း ကျန် ရစ်သူမိသားစုဝင်များက မျက်စိဘဏ်များသို့ မဆက်သွယ်ပေးခြင်းတို့ကြောင့် မျက် ကြည်လွှာရရှိမှုတွင် အခက်အခဲများ ရှိနေပါသည်။

အဆိုပါ အခက်အခဲများကြောင့် မျက်စိဘဏ်များတွင် လစဉ်ရရှိသည့် မျက်ကြည်လွှာ အရေအတွက်သည် ကုသပေးရမည့် မျက်စိဝေဒနာရှင် အရေအတွက်နှင့် နှိုင်းယှဉ်လျှင် လွန်စွာနည်းပါး၍နေပါသည်။ ကုသ၍ပျောက်ကင်း နိုင်ပါသော်လည်း လိုအပ်သည့် မျက်ကြည်လွှာ အရေအတွက် လုံလောက်စွာ မရရှိခြင်းတို့ကြောင့် အမှောင်ထဲတွင် စမ်းတ၀ါးဝါးနှင့် Waiting List မျက်ကြည်လွှာ ဝေဒနာရှင်များစွာ စောင့်ဆိုင်းနေကြ ရပါသည်။

ကွယ်လွန်သူတစ်ဦးသည် မျက်ကြည်လွှာတစ်စုံ လှူဒါန်းပေးခဲ့ပါက အခြားမျက်စိမမြင် သူနှစ်ဦး၏ ဘ၀ကို အမြင်အာရုံ ပြန်လည်ရရှိစေနိုင်မှာ ဖြစ်ပါသည်။ လူ့လောကထဲတွင် စိတ်ချမ်းသာစွာနှင့် ဆက်လက်နေထိုင် သွားနိုင်မှာဖြစ်သည်။ ထို့ပြင် ကွယ်လွန်သူက  မျက်ကြည်လွှာ လှူဒါန်းရန် ဆန္ဒမပြုခဲ့သော်လည်း ကျန်ရစ်သူ မိသားစုညီအစ်ကို မောင် နှမ၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီးတို့မှ သဒ္ဓါပေါက်ပါက လှူဒါန်းပေး၍ ရနိုင်ပါသည်။ ကြိုတင်လှူဒါန်းထားသူတစ်ဦး ကွယ်လွန်သွားပါက ကျန်ရစ်သူမိသားစုများက မျက်စိ ဘဏ်သို့အချိန်မီ အကြောင်းကြား ပေးခြင်းဖြင့်လည်း ပူးပေါင်းပါဝင် ကုသိုလ်ယူထိုက် ပါသည်။

ထို့ကြောင့် မျက်ကြည်လွှာလှူဒါန်းမှု တိုးလာစေရန်အတွက် ပြည်သူလူထုအတွင်း၌ ပညာပေး စည်းရုံးသည့် လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ပေးရန်နှင့် မျက်ကြည်လွှာ လှူဒါန်းမှုနှင့်ပတ်သက်၍ လွဲမှားနေသည့် အယူသီးမှုများကို ချေဖျက်ပေးရန် လိုအပ် သည်။ ထို့ပြင် ပညာပေးစည်းရုံးသည့် လုပ်ငန်းများကိုလည်း နေ့စဉ်ထုတ် သတင်းစာ များ၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ ဆိုရှယ်မီဒီယာများ၊ အနုပညာရှင်များကလည်း ပူးပေါင်းပါဝင် အားပေးသင့်ပါသည်။ စည်းရုံးရာတွင်လည်း လှူဒါန်းသူအများစုမှာ လူငယ်ပိုင်းများဖြစ်၍ မျက်ကြည်လွှာရရှိရန် အချိန်အတော်ကြာ စောင့်ဆိုင်းရမည်ဖြစ် သောကြောင့် အသက်အရွယ်ကြီး ပုဂ်္ဂိုလ်များကို အဓိကထား၍ စည်းရုံးသင့်ပါသည်။

သို့ဖြစ်ပါသောကြောင့် မိမိပတ်ဝန်းကျင်ရှိ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများထဲမှ သေဆုံးသွားသူများရှိပါက ကျန်ရစ်သူ မိသားစုများကို မျက်ကြည်လွှာ လှူဒါန်းရန် တိုက်တွန်းပေးခြင်းဖြင့် ကုသိုလ်ကောင်းမှု ရယူနိုင်ပါသည်။ မျက်ကြည်လွှာ လှူဒါန်းခြင်း သည် ကွယ်လွန်သူအတွက် အထမြောက်သော အလှူဒါန တစ်ခုဖြစ်သည်။ စောစော လှူက စောစောကုသိုလ်ရပါသည်။ ထို့ပြင် ကွယ်လွန်ပြီးနောက် မြေမြှုပ်၊ မီးရှို့၍ အလဟဿ ပျက်စီးသွားမည့် မိမိ၏ မျက်ကြည်လွှာ တစ်စုံနှင့် လူ့လောကတွင်  အသက်ရှင်ကျန်ရစ်နေဦးမည့်  အမှောင်ကမ္ဘာထဲက လူသားတို့အတွက် အလင်းရောင် များ လက်ဆင့်ကမ်း ပေးသွားနိုင်သည့် အလွန်မွန်မြတ်သည့် အလှူဒါနတစ်ခု ဖြစ်ပါပေတော့သည်။  

ဖေနှင်းငွေ

Read 39 times
Rate this item
(0 votes)
Last modified on Wednesday, 25 December 2019 21:48