SJ WorldNews - шаблон joomla Авто

အသိမှန်ကန် ကိုယ့်ဖို့ကျန် ဧကန်မြတ်တဲ့ လူ့ဘဝ

Saturday, 28 December 2019 12:47 Written by  font size decrease font size decrease font size increase font size increase font size

လူ့လောကထဲသို့ လူတစ်ယောက်အဖြစ်နှင့် ရောက်လာသောသူတိုင်း မိမိဘဝ တစ်ဘဝတာအတွက် ကွက်ကွက်လေး အလုပ်လုပ်ရုံနှင့် တာဝန်ကျေသူ တစ်ယောက်မဖြစ်နိုင်ပါ။ မိမိနှင့်နှီးနွှယ်ရာပတ်ဝန်းကျင် တို့အပြင် မိမိကိုးကွယ် ရာဘာသာ၊ မိမိလူမျိုး မိမိနိုင်ငံအတွက်ပါ ကျရာတာဝန်တွေကျေပွန်သူများ ဖြစ်စေ ချင်မိသည်။

လူတိုင်းတွင် တာဝန်အသီးသီးရှိနေကြသည်။ မိမိတို့မိသားစုအတွင်း ဖခင်ဆိုလျှင် ဖခင်တာဝန် ကျေပွန်သင့် သည်။ မိခင်ဆိုလျှင် မိခင်တာဝန်ကျေပွန်သင့်သည်။ သားသမီးဆိုလျှင် သားသမီးတာဝန် ကျေပွန်သင့်သည်။ ဆရာဆိုလျှင် ဆရာ့တာဝန်ကျေပွန်သင့်သည်။ တပည့်ဆိုလျှင် တပည့်တာဝန်ကျေပွန်သင့်သည်။ စာရေးသူ တို့ကျောင်းတက်ခါစက ကျောင်းမှာဆိုခဲ့ကြရတာက '' မိမိကိုယ်ကိုကောင်းအောင်ကြိုးစား မည်၊မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်း အောင်ကြိုးစားမည်''ဟု သင်ခဲ့ရ၊ သံပြိုင်ဆိုခဲ့ကြရသည်။

အင်မတန်မှကောင်းပါသည်။ ငယ်စဉ်ကတည်းကဘဝထဲမှာ ကောင်းစွာနေတတ်ထိုင်တတ်ပြီး မိမိ၏ ဘဝထဲ မှာအောင်မြင်သူ တစ်ယောက်အဖြစ်နှင့် ရပ်တည်နိုင်ပြီး မိမိကိုးကွယ်သည့်ဘာသာ၊ မိမိလူမျိုးနှင့်မိမိ တိုင်း ပြည်အတွက်ပါ ကျရာတာဝန်ကို အရည်အချင်း ပြည့်ဝစွာ ထမ်းဆောင်သယ်ပိုးနိုင်အောင် အခြေခံ ကောင်းလေးတွေ နှလုံးသားထဲအထိ ထည့်သွင်းပေးခဲ့ခြင်းဟု ခံယူမိပါသည်။ လောကထဲမှာ အဓိကအကျဆုံး တာဝန်တွေလည်း  ရှိနေပါသေးသည်။

၁။ ဘာသာရေးနှင့် သာသနာရေးတာဝန်

၂။ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့တာဝန်

၃။ လူမှုရေးနှင့် ရပ်ရေးရွာရေးတာဝန်

၎။ ကျန်းမာရေးတာဝန်

၅။ ပညာရေးတာဝန်

၆။ သမိုင်းပေးတာဝန်

၇။ မိသားစုတာဝန်

၈။ စာပေတာဝန်

လောကမှာ တာဝန်တွေအသီးသီးရှိနေကြရာ တာဝန်ကျေသူဟာ ကျက်သရေရှိသည်။ မင်္ဂလာရှိပါသည်။ တာဝန်ကျေသူနှင့် တာဝန်မကျေသူဟာ အရာရာမှာ နေရာတိုင်းမှာ ကွာခြားသွားတာ တွေ့နေရပါသည်။ စာရေးသူသည် မိဘအပေါ်၊ သားသမီးအပေါ်၊ လင်သားအပေါ်၊ ဆွေမျိုးအပေါ်၊ အပေါင်းအသင်း မိတ် ဆွေများအပေါ်မှသည် မိမိရပ်ရွာဒေသအပေါ် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိကိုးကွယ်ရာ ဘာသာသာသနာကိုပါ တာဝန်ကျေသူဖြစ်ချင်သည်။ ယနေ့ခေတ် သားငယ်သမီးငယ်လေးတွေကို ယဉ်ကျေးလိမ္မာသင်တန်းတွေ သင်ကြားပေးနေသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် တိုင်းပြည်၏ အညွန့်အဖူးလေးတွေကို စာရေးသူတို့နိုင်ငံမှာ အားကိုးအားထားပြုရ မည့် ခေါင်းဆောင်ကောင်းတွေ ဖြစ်စေဖို့ ကြိုးစားပြီးသင်ပေးနေ ခြင်းဖြစ်သည်။

စာရေးသူက နိုင်ငံအတွက် တာဝန်ကျေအောင် ထမ်းဆောင်ခြင်းဖြစ်သည်။ လိမ္မာတဲ့ကလေးတွေ၊ ယဉ်ကျေး တဲ့ကလေးတွေ၊ ကျေးဇူးသိတတ်တဲ့ ကလေးတွေ၊ ကြင်နာတတ်၊ ကိုယ်ချင်းစာနာ သနားတတ်တဲ့ ကလေးတွေဖြစ် ပါမှ နောင်တစ်ခေတ်မှာ စာရေးသူတို့နိုင်ငံကောင်းကျိုးတွေ သယ်ပိုးတတ်တဲ့ ခေါင်းဆောင် ကောင်းတွေဖြစ်လာမှာပါ။ မြန်မာနိုင်ငံကို ကမ္ဘာ့မြေပုံတွင် ဖြန့်ကြက်ကြည့်ပါက အာရှတိုက်တွင် အမြီးသွယ်သွယ်လေးချ ထားေ သာ ဒေါင်းပျိုမလေးကဲ့သို့ လှပကြော့မော့နေဟန်တွေ့ရမည်ဟု ပညာရှင်တွေက ညွှန်းဆိုတင်စားထားသည်ကို မှတ်သားရဖူးသည်။ ကျွန်မတို့နိုင်ငံသည် တိုင်းရင်းသား ၁၃၅ မျိုး စုပေါင်းနေ ထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သယံဇာ တ ပေါကြွယ်ဝခြင်း၊ စိမ်းလန်းသော တောတောင်ရေမြေ သဘာဝ အလှများနှင့်ပြည့်စုံခြင်း၊ နှစ်သက်ဖွယ်ကောင်းသော ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရှေးဟောင်းအမွေအနှစ်များဖြင့် ထုံမွမ်းနေခြင်းကြောင့် မြန်မာနိုင်ငံ၏အလှကား မက်မောဖွယ်ရာ ပြည့်စုံလှသော နိုင်ငံတစ်နိုင်ငံအဖြစ် မိမိနိုင်ငံ၏ တန်ဖိုးကို မြတ်နိုးစေချင်သည်။

ထို့ပြင် မိမိနိုင်ငံ မိမိလူမျိုးအတွက် အထက်မှပေးအပ်လာသော တာဝန်တို့ကိုလည်း အသက်ကိုပင် ပဓာန မထားဘဲ အရိုးကြေကြေ၊ အရေခန်းခန်း၊ ဦးဆွေးဆံမြည့်၊ ဦးလည်မသုန်၊ အသက်ကိုပင် ပဓာနမထားဘဲ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟူ၍ ပေးအပ်သည့် တာဝန်များကို ထမ်းရွက်ခဲ့သောမြန်မာလူမျိုး၊ မျိုးချစ် ပုဂ္ဂိုလ်များ သမိုင်းတွင်ထင်ရှားစွာရှိခဲ့သော လူမျိုးအဖြစ် ဂုဏ်ယူကြစေချင်၏။ ထို့ပြင် ကျန်းမာရေး တာဝန် ကတော့ လူသားတစ်ယောက်အဖြစ် ရပ်တည်ကြသူတိုင်း ကျန်းမာရေးက အဓိကဖြစ်ပေသည်။ ခန္ဓာကိုယ် ကျန်းမာရေး၊စိတ်ကျန်းမာရေးသည် အထူးအရေးကြီးလှသည်။ ကျန်းမာမှအလုပ်လုပ်နိုင်မည် ''ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ''ဟူသော ဗလငါး တန်ဖွံ့ဖြိုး စေနိုင်ပါမည်။ ကျန်းမာနေမှ စားလိုရာစားပြီး သွားလိုရာ သွားနိုင်သည်၊ လုပ်ချင်ရာလုပ်နိုင်သည်၊ ခရီးလည်းသွားနိုင်၊ ပညာလည်းသင်နိုင်၊ စီးပွားလည်းရှာနိုင်၊ တရား ဘာဝနာလည်း ပွားများအားထုတ်နိုင်ပြီး ကျန်းမာရေး ကောင်းမွန်သူမှန်သမျှသည် သွေးသားစိုပြည်၊ ဉာဏ် ရည်ကောင်းမွန်၍ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒမှန်သမျှ ပြည့်ဝကြသူများ ဖြစ်နိုင်ပါလိမ့်မည်။

စာရေးသူတို့ငယ်စဉ်က ကံကောင်းခဲ့သည်မှာ အတန်းကျောင်းကိုမပို့သေးခင် ဘုန်းတော်ကြီးကျောင်းများ၌ သင်ကြားပေးခဲ့၍ ဗုဒ္ဓ၏အဆုံးအမများနှင့်ဦးစွာ တွေ့ခွင့်ရခဲ့သည်။ ဗုဒ္ဓဘာသာ၏ အခြေခံယဉ်ကျေးမှု လေးတွေ ကိုရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုတော်များ၏ ကဗျာ၊ အလင်္ကာလေးတွေကို အရကျက်ခွင့်၊ အာဂုံ ဆောင် ခွင့်ရရှိခဲ့သည်။ သာသနာဆိုသည်က အဆုံးအမလမ်းညွှန်များ ဖြစ်သည်။ မြတ်စွာဘုရား၏ အဆုံးအမ တရားတော်များကို မကွယ်မပ အမြဲထာဝရတည်အောင် စောင့်ရှောက်ကြဖို့ လူတိုင်းမှာတာဝန်ရှိသည်။ ဘာသာရေး သာသနာရေးပွဲတွေမှာ ပွဲအစမှာ ''နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ'' ဟူ၍ သုံးကြိမ်ရွတ်ဆိုခြင်း သည် မြတ်စွာဘုရားရှင်၏ မွန်မြတ်ထူးကဲသည့် အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်၊ ဘဂဝါဂုဏ် ဂုဏ်တော်သုံးပါးဖြင့်ရွတ်ဆိုပြီး မြတ်စွာဘုရားရှင်ကို ရှိခိုးကန်တော့ပြီး အခမ်းအနားဖွင့်ခြင်း ဖြစ်သည်။ အခမ်းအနားပြီးဆုံးတဲ့အခါမှာ ''ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု'' သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခြင်းဖြစ်သည်။

အဓိပ္ပာယ်ကတော့ မြတ်စွာဘုရားရှင်၏ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟု ခေါ် ဆိုအပ်သော သာသနာမြတ်ဤသုံးရပ်သည် စိရံအနှစ်ငါးထောင်ကာလ ကြာရှည်အောင် တိဋ္ဌတုဟောသူ၊ ပြောသူ၊ ပို့ချသူနှင့် သင်သူ၊ အံသူ၊ ကျင့်ကြံသူတို့ ဝှမ်းဆူခြိမ့်သဲ ဘယ်မစဲသည် အမြဲတည်တော်မူပါစေ သတည်းဟူ၍ မြတ်စွာဘုရားရှင်၏ အဆုံးအမဖြစ်တဲ့ သာသနာတော်ကြီးကို အနှစ်ငါးထောင်မက ကြာရှည် အောင်၊ တည်တံ့အောင်တာဝန်ကျေစွာ ထမ်းဆောင်ကြဖို့ သတိပေးစကား တစ်နည်းအားဖြင့် ဆုတောင်း စကားဖြင့် သံပြိုင်ညီညာစွာဆုတောင်းပြီးမှ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်းဖြစ်သည်။

စာရေးသူတို့၏ ဇာတိဌာနဖြစ်သော အမိမြန်မာနိုင်ငံသည် အခြားသောနိုင်ငံများနှင့်မတူ၊ သဘာဝအလှများ ပြည့်စုံပြီး မြန်မာ့အလှမြန်မာ့ရှုခင်းတို့သည် မည်သည့်နိုင်ငံကမှ လိုက်၍မမီ၊ ယှဉ်၍မရသော ရှုခင်းများနှင့် ကျက်သရေ အပေါင်း ခညောင်းသည့်နိုင်ငံဖြစ်သည်။ မိမိသည် လူ့ဘဝ၌လူ့အဖြစ်ကို ရလာခဲ့ပြီဖြစ်သဖြင့် လူ့ဘောင်လောက၏ ကောင်းကျိုးများကို တာဝန်သိစွာ သယ်ပိုးဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ လူ့ ဘဝမှာ ရပ်တည်နေရသည်က အချိန်တိုတောင်းလှပါသည်။ စာရေးသူပင် မိမိကိုယ်မိမိ လူ့ဘဝမှာနေရတာ သိပ်ပြီးမကြာလှသေးသလို ထင်နေမိသော်လည်း ၇၅ နှစ်ရှိနေပြီဖြစ်သောကြောင့် ပုခက်နှင့်ဝေးလေလေ သင်္ချိုင်းနှင့်နီးလေလေဆိုစကားအရ မကြာခင် သွားရတော့မည်။

တွေးခေါ်ပညာရှင်တစ်ဦးက အောင်မြင်သောသူအဖြစ်နှင့် နေပြခြင်းသည် အဓိကကျသည်ဟု ဆိုထားသည်။ ထိုသို့နေပြရန်အတွက် အလေ့အကျင့်ကောင်းများသည် မရှိမဖြစ်လိုအပ်သည်။ နိုင်ငံကြီးသား ပီသသော သူများသည် အလေ့အကျင့်ကောင်းများ ရှိကြသည်။ လူမိုက်ကိုမပေါင်းသင်းခြင်း၊ လူလိမ္မာကိုပေါင်းသင်းခြင်း၊ ပူဇော်ထိုက်သူကိုပူဇော်ခြင်း၊ မိမိကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း၊ ရောင့်ရဲလွယ်ခြင်း (လောဘအလိုကို မလိုက်ခြင်း)၊ ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကိုနှိမ့်ချခြင်း၊ သူတစ်ပါးကျေးဇူးကို သိခြင်း (ကျေးဇူး ဆပ်ခြင်း) တို့သည် လူမျိုးတိုင်းမည်သည့် ဘာသာဝင်ဖြစ်စေ ၎င်းအလေ့အကျင့်ကောင်းတို့ကို လိုက်နာကျင့် သုံးသင့်သော အကြောင်း အရာများ ဖြစ်ပေသည်။

လောက၌ အောင်မြင်ကြီးပွားလိုသူများသည် အချိန်ကို လေးစားသောအကျင့်၊ ကတိတည်သော အလေ့အကျင့်၊ ဝီရိယရှိသောအလေ့အကျင့်၊ ပြီးမြောက်အောင် ပြုလုပ်လေ့ရှိသော ဇွဲရှိသောအလေ့အကျင့်၊ ကိုယ့် အားကိုယ် ကိုးသောအလေ့အကျင့်၊ သူတစ်ပါး၏ အခက်အခဲကို ကူညီရိုင်းပင်းလေ့ရှိသော အလေ့အကျင့်၊ စည်းကမ်းဥပဒေများကို လေးစားလိုက်နာသော အလေ့အကျင့်ကောင်းများ မိမိတွင်ရှိနေရန် မိမိကိုယ်မိမိ အစဉ်အမြဲ သတိရှိရှိ ကျင့်သုံးရန် လိုအပ်သည်။ အရာရာတိုင်းမှာ သတိတရားရှိဖို့ကလည်း အရေးကြီးသည်။ သတိသည်လည်း လူ့ဘဝ၏ ပဲ့ကိုင်ကြီးဟုဆိုရမည်။ ယာဉ်၊ ရထား၊ ကားတို့တွင် ဘရိတ်သည် အရေး ပါသကဲ့သို့ လူ့ဘဝခရီးလျှောက် လှမ်းရာတွင်လည်း သတိသည် အထူးပင်လိုအပ်သဖြင့် ''သတိမမူ ဂူမမြင်''၊ ''သတိမူမှမြူပင်မြင်သည်''ဟုဆုံးမစကားထားခဲ့ခြင်း၊ သတိမမူလျှင် အမှားနှင့်အမှန်ကို ခွဲခြားသိမည် မဟုတ် သလို အကောင်းအဆိုးကိုလည်း ခွဲခြား သိမည်မဟုတ်။ မိမိစိတ်မှအတွေးအကြံ အပြောအဆို အလုပ်အကိုင် တွေသည် အကျိုးရှိလား၊ မရှိလားခွဲခြားနားလည်နိုင်လိမ်မည့် မဟုတ်သဖြင့် အရာရာ သတိတရားသာ အခ ရာကျသည်။ စာရေးသူအနေဖြင့် ယနေ့ဤစာကို ရေးရခြင်း၏ရည်ရွယ်ချက်မှာ စာဖတ်သူသားငယ်၊ သမီးငယ် တို့အား မိမိမှတ်သားထားသော စာပေထဲမှ အသိ၊ သင်ကြားထားခဲ့သော ဓမ္မစာပေထဲမှအသိ၊ နာကြား ထားသောတရားတော်များထဲမှ မှတ်ဖွယ် မှတ်ရာလိုက်နာ ကျင့်သုံးဖွယ်ရာများကို စုဆောင်း၍ တင်ပြခြင်းဖြစ် သည်။

ယောဆရာတော်ကြီး၏ ''ဘဝတစ်ခေါက်ခဏရောက်'' ဟူသော သတိပေးဆုံးမထားသော ကဗျာလေးဖြင့် ဓမ္မဒါန ပြုလိုက်ချင်ပါသည်။

''ဘဝတစ်ခေါက် ခဏရောက်''

အငှားမျှသာ၊ ဤခန္ဓာ၊ ချိန်ခါစေ့လျှင် ပြန်အပ်ရ။

အငှားကိုပင် ၊အပိုင်ထင်၊ အမြင်လွဲ၍ မေ့တက်ကြ။

မခိုင်းရက်ပါ၊ သနားညှာ၊ အစာကျွေး၍ စောင့်ရှောက်ရ။

အချိန်စေ့ပေါ့၊ ပြန်အပ်တော့၊့၊ မေ့လျော့သူတွေ ပူဆွေးရ။

လိမ္မာပါးနပ်၊ အသုံးတတ်၊ ပြန်အပ်ချိန်မှာ စိတ်အေးရ။

ဘဝတစ်ခေါက်၊ ခဏရောက်၊မကြောက်ရအောင် ကြိုးစားကြ။

အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်မြတ်တဲ့ လူ့ဘဝ။ ဗိုလ်ချိုမြေ-တင်တင်ဝင်း

Read 34 times
Rate this item
(0 votes)
Last modified on Saturday, 28 December 2019 13:23