SJ WorldNews - шаблон joomla Авто

နှစ်ဟောင်းနှုတ်ဆက် နှစ်သစ်ကြိုဆိုကြရာဝယ်

Monday, 30 December 2019 10:28 Written by  font size decrease font size decrease font size increase font size increase font size

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်သည် နှစ်ဟောင်း ကုန်ဆုံးသည့် နိုင်ငံတကာ နှစ်သစ်ကူး အကြိုရက်ဖြစ်သည်။၂၀၁၉ ခုနှစ်ပြီးဆုံး၍ ၂၀၂၀ ပြည့်နှစ်ကို ကြိုဆိုသောနေ့ဖြစ်သဖြင့်  ထိုနေ့ညသန်းခေါင်ယံအချိန်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးတို့က မီးရောင်စုံများ ထွန်းညှိခြင်း၊ မီးရှူးမီးပန်းများ ဖောက်လွှတ်ခြင်းများဖြင့် တခမ်းတနား ပျော်ရွှင်စွာကြိုဆိုကြသည်။ နှစ်သစ်

ကူးခြင်းကို ကမ္ဘာ့နိုင်ငံများ အလိုက်၊ လူမျိုးအလိုက် သီးခြားစီ သတ်မှတ်ထားရှိ ကျင်းပကြသော်လည်း ယခုနှစ်ကူးခြင်းမှာမူ ကမ္ဘာသုံးခရစ်နှစ် ကုန်ဆုံးခြင်းအတွက် နှစ်သစ်ကြိုခြင်းဖြစ်သဖြင့် ထူးခြားသည်ဟု ဆိုနိုင်သည်။ ပို၍ထူးခြားသည်မှာ နိုင်ငံတကာဆိုင်ရာ နှစ်သစ်ကူးခြင်းသည် အပျော်သက်သက်မျှသာ မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှု၊ အေးချမ်းမှု၊  ဖွံ့ဖြိုးတိုးတက်မှု၊ ဆက်ဆံရေးအဓွန့်ရှည်မှု၊   ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဦးတည်သော ရည်ရွယ်ချက်များ ပါရှိခြင်းပင်ဖြစ်သည်။

ကျန်ရစ်ခဲ့မည့် နှစ်ဟောင်းသည် အတိတ်ကာလ ဖြစ်သွားပေပြီ။ အတိတ်သည် အပြစ်ဖို့ရန်၊ လက်ညှိုးထိုးရန် ကောင်းသောအရာမဟုတ်။ သင်ခန်းစာယူရန်၊ လိုအပ်ချက်၊ အားနည်းချက်များကို ပြုပြင်ဖြည့်ဆည်းရန် အတွက်သာဖြစ်သည်။ အထူးသဖြင့် နှစ်ဟောင်းတွင်ရှိခဲ့၊ ကျင့်ကြံခဲ့သော  မကောင်းမှုမှန်သမျှကို ကျောခိုင်းကာ နှစ်သစ်တွင်ကောင်းမှုများဖြင့် မွေ့လျော်ကြရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မကောင်းမှုများဖြင့်သာ မွေ့လျော်နေကြမည်ဆိုလျှင် နှစ်သစ်ကူးပြောင်းခြင်းသည် အဟောသိကံဖြစ်ပြီး ပို၍နစ်မွန်းသော အခြေအနေသို့ ကျရောက်လျက် တန်ဖိုးမဲ့သွားမည်ပင်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်ကို အင်သစ်အားသစ် စိတ်ဓာတ်ခွန်အား အသစ်ဖြင့် ကြိုဆိုတက်လှမ်းဖြတ်သန်းနိုင်ရေး ကြိုတင်ပြင်ဆင် ကြရတော့မည်ဖြစ်သည်။

လူတိုင်းတွင် တူညီသော အခြေခံလိုအပ်ချက် တစ်ရပ်ရှိသည်။ ယင်းမှာ အောင်မြင်တိုးတက် လိုခြင်းပင်ဖြစ်သည်။ သို့သော် အောင်မြင်တိုးတက်မှုကို လူတိုင်းမရကြပေ။ အဘယ်ကြောင့်ဆိုသော် ရိုးသားကြိုးစားခြင်း မတူ၍ဖြစ်သည်။ အောင်မြင် တိုးတက်မှုတွင် ဖြတ်လမ်းနည်းမရှိ။ သတ်မှတ်ချက်နှင့်အညီ ပုံစံတကျကြိုးစားရေး လိုအပ်သလို ရိုးသားမှုရှိမှလည်း အောင်မြင် တိုးတက်နိုင်မည်ဖြစ်သည်။ လူတိုင်းတွင် အကောင်းဆုံး မိတ်ဆွေများဖြစ်သော ကံ၊ ဉာဏ်၊ ၀ီရိယ ခက်မသုံးဖြာ ရှိကြသည်ချည်းဖြစ်သည်။  ထိုမိတ်ဆွေကောင်း၏ အကူအညီအပြည့်အ၀ ရယူပြီးကြိုးစားမှ အောင်ပန်းဆွတ်ခူးနိုင်ပေမည်။ ထို့ကြောင့် နှစ်သစ်တွင် ကံ၊ ဉာဏ်၊ ၀ီရိယကို အကောင်းဆုံးအသုံးချ၍ အောင်မြင်တိုးတက်အောင် ကြံဆောင်သင့်လှသည်။

လူတိုင်းတွင် အားနည်းချက်၊ အားသာချက် ရှိကြသည်။ အားနည်းချက် အနည်းဆုံးပုဂ်္ဂိုလ်မှာ လိုအင်ဆန္ဒ ပြည့်ဝတတ်သည်။ အားနည်းချက်များလျှင်ကား လှော်ရင်းနစ်ဘ၀ဖြင့် ရှေ့သို့မရောက်သည့်အပြင် ရေတိမ်နစ်ရမည့် အဖြစ်ဆိုးနှင့် ကြုံတွေ့ရဖွယ်ရှိသည်။

နှစ်ဟောင်းတွင် ကြုံတွေ့ရသော အားနည်းချက်များကို ဖော်ထုတ်၍ နှစ်သစ်တွင် အားသာချက်များ အသွင်ပြောင်းလဲနိုင်စွမ်းရှိမှသာ လိုအင်ဆန္ဒများ ပြည့်ဝကြမည်ဖြစ်သည်။ မြန်မာမှုတွင် နေ့စဉ်အကျိုးရှိစွာ ဖြတ်သန်းသည် ဆိုရာ၌ ကုသိုလ်၊ ဥစ္စာ၊ ပညာသုံးရပ်အနက်

တစ်ခုခုနှင့်ပြည့်စုံမှ ထိုက်တန်သည်ဟု ခံယူထားသည်။ ထိုနည်းတူစွာ ကုန်ဆုံးသည့် တစ်နှစ်အတွင်း အကျိုးရှိရာ တစ်ခုခုမကျန်ခဲ့လျှင် အဖိုးတန်ကာလ တစ်နှစ်ကို အလွယ်တကူ ဖြုန်းတီးလိုက်ပြီဟု မှတ်ယူ၍ရပါသည်။

သို့သော် နှစ်သစ်တွင် နှစ်ဆပြန်ကြိုးစား၍ ရနိုင်သေးသည်။

လူတို့သည် စဉ်းစားတွေးခေါ်တတ်သည်။ စဉ်းစားတွေးခေါ်ပြီးမှ ဆုံးဖြတ်ချက် ချရစမြဲဖြစ်သည်။ လူအချို့မှာ စဉ်းစားချိန်မပေး၊ အားနည်းချက်၊ အားသာချက်ကို မချင့်ချိန်၊ စိတ်ဆန္ဒစောစွာ ဆုံးဖြတ်လုပ်ကိုင်လေ့ရှိသည်။

ထိုသူတို့မှာ အမှားများစွာ တွေ့ရတတ်သည်။ လူတိုင်းတွင် မျှော်လင့်ချက်၊ ရည်မှန်းချက် ပန်းတိုင်တစ်ခု သတ်မှတ်ထားရှိအပ်သည်။ ရည်ရွယ်ချက်အောင်မြင်အောင် အကောင်အထည် ဖော်ရာတွင် မလိုလားအပ်သော၊ ရည်ရွယ်ချက်ကို ပျက်ပြားစေသော အမှုကိစ္စအရပ်ရပ်ကို  ရှောင်ကြဉ်အပ်သည်။  ထားရှိသော ရည်မှန်းချက် မအောင်မြင်ခြင်းသည် ရည်မှန်းထားသောလမ်းကြောင်းမှ သွေဖည်လျှောက်လှမ်း၍သာ ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့်နှစ်သစ်တွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် မိသားစုအတွက် တိကျခိုင်မြဲသော ရည်မှန်းချက်များ ချမှတ်ပြီး ထိုသို့ရည်ရွယ်ထားသည့်အတိုင်း  တည့်တည့်မတ်မတ် လျှောက်လှမ်းလျှင် အောင်မြင်မှုများက ကြိုဆိုနေမည်ပင်ဖြစ်သည်။

လူတိုင်းတွင် မိမိတို့အတွက် အောင်မြင်တိုးတက်လိုသော ဆန္ဒများရှိကြသည်။ အောင်မြင်တိုးတက်မှု ရေရှည်အကျိုး ဖြစ်ထွန်းလိုပါက မိမိအတွက်သာမက အများအကျိုးကိုပါ ထည့်သွင်းလုပ်ကိုင်တတ်မှ အောင်မြင်မှုတည်မြဲ တတ်သည်။ ပို၍အောင်မြင်တတ်သည်။    ဆိုလိုသည်မှာ   အတ္တနှင့် ပရမျှတသော ကြိုးစားမှု၊ ကူညီမှု၊ ဖေးမမှုတို့ အစဉ်အမြဲလိုအပ်ခြင်းပင်ဖြစ်သည်။ မည်သည့်ကြိုးစား အားထုတ်မှုတွင်မဆို ကိုယ်ကျိုးတစ်ခုကိုသာ အာရုံစိုက်လျှင် ကြီးပွားချမ်းသာလာသည့်တိုင် တန်ဖိုးမဲ့ အချည်းနှီးဖြစ်ရတတ်သည်။ မည်သူမဆို ကိုယ်ကကူညီထားလျှင် ကိုယ်တိုင်အကူအညီ လိုအပ်လာသည့်အခါ မိတ်ဆွေကောင်းသဖွယ် ကူညီပေးလာစမြဲပင်ဖြစ်၍ နှစ်သစ်တွင် အတ္တနှင့် ပရမျှတစွာ လုပ်ကိုင်ဆောင်ရွက်ကြရေး လိုအပ်သည်။ မည်သည့်အလုပ်တွင်မဆို နှိမ့်ချတတ်သော သဘော၊ ရိုကျိုးတတ်သော သဘောတို့သည်   အောင်မြင်မှုဘက်သို့ သယ်ဆောင်သွားတတ်သည်။ နှိမ့်ချခြင်းမှာ အောက်ကျို့ခြင်းမဟုတ်၊ ရှိနှင့်ပြီးဖြစ်သော မာန်မာနကို ပယ်သတ်ခြင်းသာဖြစ်သည်။ ရှိသင့်သော မာန်မာနရှိရမည် ဆိုသော်ငြားလည်း တလွဲမာနထားလျှင် အကောင်းအဆိုး၊ အကျိုးအပြစ်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းသွားတတ်သည်။ ထိုအခြင်းအရာက အမှားတွေ့ ရှုံးနိမ့်သည့်ဘက် ရောက်သွားတတ်သည်။

နှိမ့်ချတတ်လျှင်      လူချစ်လူခင် ပေါတတ်သည်။ ထိုအချက်က လုပ်ငန်းအောင်မြင်ရေး သော့ချက်ဖြစ်သည်။ အလားတူစွာ ရိုကျိုးခြင်းမှာလည်း အောက်ကျခံခြင်းမဟုတ် အလေးထား လေးစားခြင်းဖြစ်၍ မင်္ဂလာ တရားတော်နှင့်ညီညွတ်သည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရိုကျိုးခြင်း၊  အလုပ်အပေါ်   နှိမ့်ချရိုကျိုးခြင်းနှင့် ပတ်ဝန်းကျင်အပေါ် နှိမ့်ချရိုကျိုးခြင်းတို့သည် ဘေးရန်ဆီးကာခြင်း ဖြစ်သည့်အပြင် မေတ္တာတရား ထွန်းကားရာ အခြေခံဖြစ် သဖြင့်  နှစ်သစ်တွင်  နှိမ့်ချရိုကျိုးခြင်းအပြည့်ဖြင့် ကြိုးစား ဆောင်ရွက်သင့်ပါသည်။

သည်းခံခြင်းတရားသည် ကောင်းကျိုးချမ်းသာကို သာရရှိစေသည်။ ပွားများစေသည်။ တိုးတက်စေသည်။

ဆုံးရှုံးခံရသူ၊ နစ်နာခံရသူ အများစုမှာ သည်းခံခြင်း တရားလျော့နည်းကြ၍ဖြစ်သည်။ အောင်မြင်လိုလျှင် သည်းခံမှ၊တိုးတက်လိုလျှင်သည်းခံမှ၊ စိတ်ဓာတ်ကြံ့ခိုင်လိုလျှင် သည်းခံမှ ရရှိတတ်သည်။ သည်းခံသည်ဟု ဆိုရာ၌ မိမိကိုနစ်မွန်းအောင်၊ အကျိုးမဲ့အောင် အသက်ကိုပင် ထိပါးအောင် လုပ်ဆောင်လာသမျှကို သည်းခံရန်ဟု မဆိုလိုပါ။ ဉာဏ်ဖြင့်ယှဉ်သော သည်းခံတတ်မှုသည်သာ  ကောင်းကျိုးချမ်းသာပြည့်ဝစေပေသည်။

ပင်ပန်းဆင်းရဲမှုဒဏ်ကို သည်းခံရမည်။ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို သည်းခံရမည်။ ဆရာသမား၊ မိဘများ၏ ဆူပူကြိမ်းမောင်းပြစ်တင်မှုကို သည်းခံရမည်။ ပျင်းရိခြင်း ခြောက်ပါးမဖက်၊ သည်းခံတတ်မှုသည်  လူချွန်လူမွန်တို့၏ လုပ်ရပ်ဖြစ်သဖြင့် နှစ်သစ်အား သည်းခံခြင်းတရား ပြည့်ဝစွာ ကျော်ဖြတ်မည်ဆိုလျှင် မှတ်တမ်းကောင်းတစ်ခုကို ရေးထိုးနိုင်မည်ဖြစ်သည်။

အလုပ်လုပ်လျှင် အမှားတွေ့မည်၊ အတားအဆီးတွေ့မည်၊ အခက်အခဲတွေ့မည်၊ ရှုံးနိမ့်မှုတွေ့မည်။

ထိုအရာများနှင့်မထိတွေ့ရဘဲ အောင်မြင်သွားသူ အလွန့်အလွန် နည်းပါးသည်။ ထိုအရာများသည် အောင်မြင်ခြင်း၏ လှေကားထစ်သဖွယ်၊  ပညာပေးသင်ခန်းစာ သဖွယ်ပင်ဖြစ်သည်။ အမှားကို အမှန်ဖြစ်အောင် ပြင်တတ်ရမည်။ အတားအဆီးကို ထွင်၍ဖြတ်ကျော်တတ်ရမည်။

အခက်အခဲကို အဆင်ပြေစွာ ဖြေရှင်းကျော်လွှား တတ်ရမည်။ရှုံးနိမ့်မှုကို ကျေကျေနပ်နပ် လက်ခံပြီး အထပ်ထပ် ကြိုးစားတတ်ရမည်။ သို့မှသာ ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်ရာ ကြိုတင်မြော်မြင် ဆောင်ရွက်ခြင်းသည် နှစ်သစ်အတွက် လိုအပ်သော အရာဖြစ်သည်။

လူတို့သည် ဘ၀တစ်လျှောက်လုံးတွင် အလိုလားဆုံး၊ အတောင့်တဆုံး အရာတစ်ခုသာရှိသည်။ ထိုအရာမှာ စိတ်ချမ်းသာရေးပင်ဖြစ်သည်။ ကျန်းမာမှ စိတ်ချမ်းသာမည်ဖြစ်၍ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်သည်။

ကျန်းမာရေးသည် ကျန်းမာနေစဉ် မည်သို့မျှမထူးခြားသော်လည်း မကျန်းမာသည့် အခါမှ ကျန်းမာခြင်း၏ တန်ဖိုးကို ပိုမိုသိရှိလာလေ့ရှိသည်။ ကျန်းမာရေးကို ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့က ပိုင်းဖြတ်ထားသည်ဖြစ်ရာ ကျန်းမာစွာ နေထိုင်တတ်သော လူနေမှုဘ၀ပုံစံသို့ ရောက်အောင်  ပြောင်းလဲကျင့် သုံးတတ်ရေး လိုအပ်သည်။

ယနေ့ကာလတွင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော ဖြစ်စဉ်များ မကြာခဏ ပေါ်ပေါက်လာနေပြီဖြစ်ရာ အသက်ဉာဏ်စောင့်ဆိုသလို ကျန်းမာအောင် ကျင့်ကြံအားထုတ်တတ်ရေးမှာ နှစ်သစ်အတွက် များစွာလိုအပ်သည်။

ကုသိုလ်တရားသည် ဖြူစင်သန့်ရှင်းပြီး လူ့ဘောင်လောက အကျိုးကို ဆောင်တတ်သည်။ ဒါန၊ သီလ၊ဘာဝနာတို့နှင့် ထုံမွမ်းထားသော လူမှုအသိုက်အ၀န်းသည် ငြိမ်းချမ်းပြီး အေးချမ်းသာယာသည်။ အထူးသဖြင့် ဗြဟ္မ၀ိဟာရတရား လေးပါးထွန်းကားလျှင် ဘေးရန်အပေါင်းမှ လွတ်ကင်းပြီး ချမ်းသာခြင်းသို့ ရောက်ရသည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားတို့သည် ဘ၀များစွာကို ကြီးကျယ်စေသည်။ မြင့်မြတ်စေသည်။  ချမ်းမြေ့စေသည်။  ထို့ကြောင့် နှစ်ဟောင်းကုန်၍  နှစ်သစ်ကြိုရာတွင်  ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ကြိုဆိုကြမည်ဆိုလျှင် ချမ်းသာသုခများ မလွဲမသွေ ရရှိမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။  

လင်းအာရုဏ်ဦး(ပဲခူး)

Read 37 times
Rate this item
(0 votes)
Last modified on Monday, 30 December 2019 10:30