SJ WorldNews - шаблон joomla Авто

အကောင်းဆုံး နှစ်သစ်ကို ဖြတ်သန်းဖို့ သန္နိဋ္ဌာန်တွေ ချကြည့်စို့

Wednesday, 01 January 2020 10:41 Written by  font size decrease font size decrease font size increase font size increase font size

သက္ကရာဇ်ခုနှစ်တစ်ခု ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါပြီ်။ ပုထုဇဉ်လူသားပီပီ နှစ်ဟောင်းမှာတွေ့ကြုံခဲ့ရတဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး လောကဓံတရားတွေကို ခံစားခဲ့ကြပြီးပြီမို့ အတိတ် ကိုအရိပ်မှာထားခဲ့ရင်း ၎င်းလောကဓံတွေကို နည်းနမူနာယူ၍ အမြတ်ထုတ်ကာ ရောက်ရှိလာမည့် နှစ်သစ်မှာ တစ်နှစ်တာ ကာလပတ်လုံးအတွက် အကောင်းဆုံးဖြတ်သန်း ကြပါစို့လားရှင်။

လူအချို့က နှစ်သစ်ကူးညမှာ ချစ်ခင်ရတဲ့မိသားစု သို့မဟုတ် ချစ်မိတ်ဆွေသူငယ်ချင်းများနှင့် တပျော်တပါး မိတ်ဆုံစားကာ နှစ်သစ်အခါသမယကို ကြိုဆိုကြရင်း "Happy New Year" လို့ သံပြိုင်အော်ဟစ် လက်ခုပ်တီးကြို ဆိုကြသလို လူအချို့ကလည်း ပရိတ်၊ ပဋ္ဌာန်း စသဖြင့် ဘုရားစာတွေ ရွတ်ဖတ်ပွားများကာ မေတ္တာပို့သရင်း နှစ်သစ်ကိုကြိုဆိုကြပါတယ်။ လူမှုကွန်ရက်ဖေ့ဘွတ်များပေါ်တွင်လည်း "Happy New Year "လို့ အပြန်အလှန် နှုတ်ခွန်းဆက် သကြပါတယ်။ မြန်မာလူမျိုးအများစုကတော့ ရိုးရာအစဉ်အလာအရ နှစ်ဟောင်း မှအညစ်အကြေးတွေ နှစ်သစ်သို့ မပါသွားအောင် ထိုနေ့မှာ ခေါင်းလျှော်ကြသလို ခြင်ထောင်၊ အိပ်ရာခင်း၊ စောင်၊ ခန်းဆီးလိုက်ကာ၊ ထိုင်ခုံစွပ်တွေ လျှော်ကြပြီး အဝတ်အထည် သစ်သစ်လွင်လွင် ဝတ်ဆင်၍ နှစ်သစ် ကိုကြိုဆိုလေ့ရှိပါတယ်။

မည်သို့ပင်ဆိုစေကာမူ လူသန့်ရှင်းဖို့ထက် စိတ်သန့်ရှင်းဖို့က ပို၍အရေးကြီးပါတယ်။ နှစ်သစ်မင်္ဂလာနေ့မှာ မိမိချစ်ခင်ရတဲ့သူတွေနဲ့ ဘုရားသွားကျောင်းတက် ဘေးမဲ့ငါးလေးတွေလွှတ်ကာ ကုသိုလ်ပြုရုံနဲ့လည်း မလုံ လောက်ေ သးပါဘူး။ တစ်နှစ်တာကာလပတ်လုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာပြည့်ဝစေဖို့ စိတ်သစ်၊ လူသစ်၊ အတွေးသစ်၊ နှစ်သစ်အတွက် အောက်ဖော်ပြပါ အကောင်းဆုံး ရည်ရွယ်ချက်လေးများဖြင့် စတင်လိုက်ကြ ပါစို့လားရှင်။

(၁) အာရောဂျံ ပရမံ လာဘံပါ။ အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေး အတွက် သင့်တော်သော အစားအစုံ စားပေးရပါမယ်။

(၂) အားကစားလုပ်ရတာ မခက်ပါဘူး။ သို့သော် မခက်ခဲတဲ့ ဤအားကစားကိုပဲ လူတိုင်းမလုပ်နိုင်ကြပါဘူး။ ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးပါ။ ကျန်းမာသုခ လူနေမှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ်လက် လှုပ်ရှား အားကစားကို မဖြစ်မနေ လုပ်ပေးရပါမယ်။ တကူးတကကြီး အချိန်ပေး၍ွပာ မဆော့နိုင်သူများ အတွက် တစ်နေ့လျှင် ၁ဝ မိနစ်ကြာအောင် မရပ်မနား ခပ်သွက်သွက် လမ်းလျှောက်ခြင်းကို ရက်သတ္တ ပတ်လျှင်ငါးရက်မျှ လုပ်ပေးခြင်းဖြင့် လုံလောက်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းပါနဲ့ ။ နေ့စဉ်လှုပ်ရှားမှုတိုင်းကို လေ့ကျင့်ခန်းဆန်ဆန် ခပ်သွက်သွက် ပြုလုပ် ပေးခြင်းကလည်း ကျန်းမာရေးအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။

(၄) အသီးအနှံတွေက ကျန်းမာရေးအတွက် အားဖြည့်ဆေးတစ်ခွက်ဆိုတာကို သိနေပြီးဖြစ်သော်လည်း မြန်မာလူမျိုးအများစုရဲ့ လူနေမှုဘဝ စားသောက်မှုပုံစံဟာ အသီးအနှံတွေကို စားသောက်တာ သိပ်နည်း လွန်းနေသေးပါ တယ်။ ဒါကြောင့် ရာသီပေါ်သီးနှံလေးတွေကို အလေ့အကျင့်ကောင်းလုပ်၍ ပုံမှန်စားပေးပါ။ ဟင်းနုနယ်၊ ဂေါ်ဖီ၊ ကညွတ်၊ ကိုက်လန်၊ ဆလတ်၊ မုန်ညင်းရွက်၊ ဘူးညွန့်၊ ကန်စွန်း စတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်တွေ ပိုစားပေးပါ။

(၅) တစ်နေ့လျှင် သောက်ရေသန့် ရှစ်ဖန်ခွက်ထက် မနည်းသောက်ပါ။

(၆) အချိုရည်၊ ဖျော်ရည်တွေအစား သဘာဝသစ်သီးကိုသာ ဦးစားပေးစားသောက်ပါ။

(၇) အိပ်ရာဝင်ချိန်၊ အိပ်ရာနိုးထချိန်၊ အစာစားချိန် မှန်ပါစေ။

(၈) တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နဲ့ အညီ မိမိတစ်ယောက်မကျန်ခဲ့ရအောင် စူးစမ်းလေ့လာ မှတ်သားတတ်ရပါမယ်။

(၉) နိစ္စဓူဝ ကြိုးစားရုန်းကန်နေရသူတွေအဖို့ စိတ်ရဲ့ထွက်ပေါက်အဖြစ် ချစ်ခင်ရသူတွေနှင့် ပျော်ပျော်ပါးပါး ခရီးထွက်ခြင်း၊ ဝိုင်းဖွဲ့စကားပြောခြင်း၊ ကလေးငယ်များဖြင့် အချိန်ပေး၍ အဖော်ပြုပေးခြင်း၊ သီချင်းဆိုခြင်း၊ အစား အသောက် ချက်ပြုတ်စားသောက်ခြင်း၊ သစ်ပင်စိုက်ခြင်း စတဲ့ မိမိဝါသနာပါရာကို လုပ်ကြည့်ပါ။

နှစ်ဟောင်းမှာတင်ခဲ့တဲ့ ကြွေးဟောင်းတွေကို ကျေအောင်ဆပ်ပြီး နှစ်သစ်မှစ၍ မိမိတတ်နိုင်သလောက် ပိုက်ဆံ (ငွေကြေး) စုဆောင်းတဲ့ အလေ့အကျင့်ကောင်းကို စတင်မွေးမြူရပါမယ်။ ဘဏ်မှာငွေစုဖို့ကို ပျင်းရိဖွယ်ရာလို့ မအောက်မေ့ပါနဲ့။

ငွေဆိုတာ လက်ထဲမှာထားရင် အကြောင်းအမျိုးမျိုးဖြင့် ကုန်သွားနိုင်ပါတယ်။ ဒါ့အပြင် မီးဘေးအန္တရာယ်နဲ့ ခရီးသွားဟန်လွှဲ ခါးပိုက်နှိုက်များ၏ ဘေးရန်ကလည်းရှိနေပါသေးတယ်။ ဘဏ်ထဲမှာ ငွေအများကြီးစုရမယ်လို့ မဆိုလိုပါ ဘူး။ ဘဏ်မှာ ငွေစုစာအုပ်အသစ်တစ်အုပ်တွင် ငွေကျပ် ၁ဝဝဝ ဖြင့် စတင်ငွေစုနိုင်ပါတယ်။ မိမိ တတ်နိုင်သလောက် ဥပမာ လစဉ်ကျပ်သုံးသောင်း စုသွားပေးခြင်းဖြင့် ရရှိလာမည့် တိုးရင်းပေါင်းပမာဏက သင့်ကိုအံ့သြဝမ်း သာမှုတွေ ပေးနိုင်ပါတယ်။ ထိုအခါ မိမိကိုယ်ကိုလည်း ယုံကြည်မှုရှိလာပါလိမ့်မယ်။

ယနေ့လူသားတွေရဲ့ နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာမှုကြောင့် ကမ္ဘာနှင့်အဝှမ်း အဝလွန်သူတွေ တစ်နေ့တခြားတိုးပွားနေပါတယ်။ အဲဒီအထဲမှာ ကိုယ်မပါအောင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင် ရပါမယ်။ မတွန့်တိုပါနှင့်။ မနှမြောပါနှင့်။ မိမိတတ်နိုင်သလောက် ပေးကမ်းစွန့်ကြဲ လှူဒါန်းရပါမယ်။

ပေးလှူပြီးနောက် နှမြောတသနောင်တမရဘဲ ပီတိဖြစ်စေမယ့်အလှူမျိုးသာဖြစ်ပါစေ။ အင်တာနက်သုံးရင်း အချိန်တွေ မဖြုန်းပစ်ပါနှင့်။ အချိန်အကန့်အသတ်ထား၍ သုံးပါ။ မတူညီတဲ့ ဘာသာစကားအသစ်တွေကို လေ့လာသင် ယူခြင်းက အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတတ်တဲ့ အယ်လ်ဇိုင်းမား ခေါ် ဦးနှောက် ဇရာအကြိုရောဂါတွေဖြစ်မလာအောင် ကာကွယ်ရာ ရောက်ပါတယ်။ နိုင်ငံခြားဘာသာစကား သင်တန်းတွေ ကို တကူးတက မတက်ရောက်နိုင်သူတွေအတွက် သက်ဆိုင်ရာ ဘာသာစကားအလိုက် Website များကို လေ့လာ၍ မိမိဘာသာသင်ယူနိုင်ပါတယ်။

၂၁ ရာစုဟာ ပညာခေတ်ဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာဖို့ အကောင်းဆုံးဆေးတစ်ခွက်က အိပ်ရေးဝဝအိပ်စက်ခြင်း ဖြစ်တယ်ဆိုတာကို အမြဲသတိရနေပေးပါ။ နှစ်ဟောင်းမှာ ဆက်ဆံရေး အဆင်မ ပြေခဲ့သူတွေကို နှစ်သစ်ကစလို့ အသွင်သစ်၊ စိတ်သစ်၊ လူသစ်၊ အကောင်းမြင်စိတ်ဓာတ်ဖြင့် ပြောင်းလဲ ဆက်ဆံကြည့်ပါ။ ဘယ်လောက်ပဲ အလုပ်များ၍ အလုပ်ရှုပ်၊ စိတ်ရှုပ်နေပါစေ မိသားစုအတွက် အချိန်ပေးပြီး ပျော်ရွှင်စရာမိသားစုကမ္ဘာကို တည်ဆောက်ပေးရပါမယ်။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အနားနေခွင့်ရချိန်ကို မြတ်နိုးတန်ဖိုးထားတတ်ပါစေ။ တီဗွီကြည့်ချိန်၊ ဂိမ်းကစားချိန်၊ အင်တာနက်သုံးချိန်ကို လျှော့ချပြီး ဥပမာ ဘာသာစကားအသစ် သို့မဟုတ် အတတ်ပညာ တစ်ခုခုကို လေ့လာသင်ယူခြင်းဖြင့် ဗဟုသုတရစရာ တွေကို ရှာမှီးပါ။ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူ့မိတ်ဆွေ စတဲ့ ဆုံးမစကားလေးတွေကို သင်လည်းနားရည် ဝနေမှာပါ။ ဘာကြောင့်ပါလဲ။ စာပေဗဟုသုတဟာ လူ့ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်း ဝမ်းစာတစ်ခုဖြစ် လို့ပါပဲ။ ယခုအခါ ဖုန်းလေးတစ်ချက် ပွတ်လိုက်ရုံဖြင့် သုတရသစုံစာပေတွေကို အင်တာနက်မှတစ်ဆင့် ဖတ်ရှုလို့ရနိုင်ပါပြီ။ သို့သော် အကျိုးပြုစာပေကို အမှန်တကယ်ရွေးချယ်တတ်ဖို့ အထူးအရေးကြီးပါတယ်။

နှစ်သစ်မှစ၍ မဖြစ်မနေလုပ်ဆောင်ရမည်မှာ ဆေးလိပ်၊ အရက်၊ စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးများ၊ မူးယစ်ဆေးဝါးများကို သုံးစွဲနေသူများယနေ့မှ စ၍လုံးဝဖြတ်ပါ။ဘယ်သူမှ မွေးကတည်းက ကွမ်းမစားတတ်ကြ ပါဘူး။ ကွမ်းစားအကျင့်စရိုက်ကို ရပ်တန်းကရပ်ပါ။ သက်ငယ်မုဒိမ်းမှုများ ပပျောက်စေဖို့အတွက် သင်နှင့် သင့်ပတ်ဝန်းကျင်တွင် တာဝန်ရှိပါတယ်။ လော်မာဖောက်ပြားသော ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုများကို ရှက် တတ်ပါစေ။ ရိုးရာဝတ်စား ဆင်ယင်ခြင်းဖြင့် မိမိနှင့် မိမိနိုင်ငံပုံရိပ်ကိုမြှင့်တင်ပါ။ ဖြစ်နိုင်ရင် ကား(ယာဉ် အမျိုးမျိုး)မစီးဘဲ လမ်းများများလျှောက်သော အလေ့အကျင့်ကိုပြုပါ။ စက်လှေကား၊ ဓာတ်လှေကားမသုံးဘဲ မိမိခြေထောက်ကိုသာ အားကိုးပါ။

လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးများများတင်ပါ။ ကျေးဇူးပြုနိုင်သမျှပြုပါ။ လောကမှာ ကိုယ်မသိမတတ် သေးတာတွေ အများကြီးရှိနေပါသေးတယ်။ မိမိထက်ကြီးသူ၊ ရွယ်သူ၊ ငယ်သူတွေဆီကနေ မိမိမသိသေးတာ တွေကို လေ့လာသင်ယူဖို့မရှက်ပါနဲ့၊ ဝန်လေးမနေပါနဲ့။ ကြောက်ရွံ့စိုးရိမ်အားငယ်စိတ်တွေရှိနေရင် ထိုစိတ် တွေကို မိမိဘာသာအနိုင်ယူပစ်ရပါမယ်။ သူများစိတ်နဲ့ ကိုယ့်ကိုယ်အဖြစ် မခံပါနှင့်။ အမှီအခို ကင်းကင်းဖြင့် မိမိကိုယ်ကို သာကိုးကွယ်အားထားပါ။ အားငယ်သူအားပေးပါ။ လဲနေသူထူပေးပါ။ မိမိနှင့် စိတ်တူဝါသနာချင်း တူသော အသင်းအဖွဲ့တွေဖြင့် ဆက်သွယ်၍ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးပါ။ မိမိဘက်ကစတင်ပြီး တစ်ပါးသူကို လက်ကမ်း၍ အပြုံးတစ်ပွင့်ခြွေလိုက်ပါ။ ထိုတစ်ပါးသူထံမှ သင်ပြန်လည်၍ လက်ခံရရှိတဲ့အပြုံး ဟာ သင့်အတွက် ပီတိအပြုံးအလှဆုံးပန်းတစ်ပွင့် ဖြစ်ကောင်းဖြစ်နေ ပါလိမ့်မယ်။

အကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံးအဖြစ် တရားထိုင်ခြင်းက မိမိခံစားနေရတဲ့ လောဘ၊ ဒေါသ၊ မောဟ အပူမီးတွေကိုလျှော့ချပေးပါတယ်။ တစ်နည်းဆိုရင် တရားထိုင်တဲ့အခါ စိတ်ဖိစီးမှုတွေ ပြေလျော့သွားစေပြီး နှလုံးစိတ်ဝမ်းအေး ချမ်းမှုကို ပေးနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက်ကတော့ တရားထိုင်နည်း၊ တရား ရှုမှတ်နည်းတွေကို အခြေခံအားဖြင့် သိထားကြပြီးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်သူများကလည်း တရား မှတ်နည်း အမျိုးမျိုးရှိတဲ့အနက် မိမိအတွက် အဆင်ပြေစေမယ့်နည်းကိုရွေး၍ စိတ်အနားယူတတ်ဖို့ လိုပါတယ်။ အဲဒီကနေတစ်ဆင့် တဖြည်းဖြည်းချင်းတက်၍ တရားမှတ်တဲ့ အလေ့အကျင့်ကောင်းကို မွေးမြူခြင်းက နှလုံးစိတ်ဝမ်းငြိမ်းချမ်းမှုအတွက် အာဟာရဖြစ်ေ စပါတယ်။

မြန်မာပြည်သူ ပြည်သားတစ်ယောက်အနေနဲ့ မြည်မာပြည်တွင်းထဲမှာတောင် မိမိမရောက်ဖူးသေးသော မြို့၊ ရွာ ဒေသတွေအများကြီး ရှိနေပါသေးတယ်။ ရုံးပိတ်ရက် အနည်းအများပေါ်မူတည်ပြီး ကျန်းမာရေးကောင်း စဉ် မရောက်ဖူးသေးသည့် နေရာဒေသတွေကို ချစ်ရတဲ့မိသားစု သို့မဟုတ် မိတ်ဆွေများနှင့် ခရီးထွက် ကြည့်ပါ။ လူသားမှန်သမျှ နှစ်သစ်မှာ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ။ ကောင်းကျိုးမှန်သမျှတိုးပွား၍ အဆိုးမှန်သမျှ ပပျောက် ကြပါစေ။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်၊ ကိုယ်နေတဲ့မြို့၊ ကိုယ့်ပတ်ဝန်းကျင်က အနီးဆုံးလူတွေအတွက် ပျော်ရွှင်အောင်၊ သာယာအောင်၊ အဆင်ပြေအောင်၊ လှပအောင်၊ တိုးတက်ဖွံ့ဖြိုး အောင် ဘယ်လိုများကူညီရမလဲ နည်းလမ်းေ တွရှာဖွေပါ။ ပါဝင်လှုပ်ရှားပါ။ ကျရာတာဝန်ကို ပျော်ပျော်ရွှင်ရွှင် ကူညီပေးခြင်းဖြင့် ၂ဝ၂ဝ နှစ်သစ်ကို ကြိုဆိုကြပါစို့...။ပေါက်ပေါက်

Read 24 times
Rate this item
(0 votes)
Last modified on Wednesday, 01 January 2020 10:49