SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေဖို့ မြန်မာ့ အာမခံ လုပ်ငန်း မြှင့်တင်စို့

Wednesday, 01 January 2020 11:30 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌ ယခင်က အာမခံလုပ်ငန်း နှင့်ပတ်သက်၍ အများပြည်သူသိရှိမှု အား နည်းနေသော်လည်း ယခုအခါ အာမခံထား ရှိမှုများ တွင်ကျယ်လာစေရန် ပညာပေး လုပ်ဆောင်မှုများကြောင့် တဖြည်းဖြည်း သိရှိမှုများလာသည်။ ယခင်က မြန်မာ့အာမခံ ဈေးကွက်ကို အစိုးရက ဆောင်ရွက်ခဲ့သော်လည်း  ယခုအခါ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုပြီးနောက် အထူးသဖြင့် ပြည်ပအာမခံ ကုမ္ပဏီများကို ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပြု ခြင်းက မြန်မာ့အာမခံဈေးကွက် တိုးတက် လာမည့်အရိပ်အယောင်များပင်ဖြစ်သည်။

မြန်မာ့အာမခံဈေးကွက်သည် မြန်မာ့စီးပွားရေးဈေးကွက်အတွင်း ကမ္ဘာနှင့် ချိတ်ဆက်ဆောင်ရွက်ခွင့်ရရှိသည့် အခြေ အနေသို့ရောက်လာသော ဈေးကွက်တစ်ခု ဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီငါးခုကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က အာမခံလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးပြီး ယင်းကုမ္ပဏီများသည် ဗြိတိန်နိုင်ငံမှ Prudential၊ ဂျပန်နိုင်ငံမှ Dai-ichi Life ကုမ္ပဏီ၊ ဟောင်ကောင်မှ AIA ၊အမေရိကန်နိုင်ငံမှ Chubb ကုမ္ပဏီ၊ ကနေဒါ နိုင်ငံမှ Manulife ကုမ္ပဏီတို့ဖြစ်ပြီး တခြားနိုင်ငံမှ ကုမ္ပဏီများကို အာမခံ လုပ်ငန်းလိုင်စင် ထုတ်ပေးလိုက်ခြင်းသည် အာမခံဈေးကွက်ကို ယှဉ်ပြိုင်မှုအားကောင်း လာစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ အာမခံ လုပ်ငန်းသည် ဖွံ့ဖြိုးမှုအနည်းဆုံးလုပ်ငန်း ဖြစ်ပြီး အများပြည် သူကြား အာမခံထား ရှိမှုနှင့် ပတ်သက်၍ သိရှိမှုအားနည်းခြင်း ကလည်း လုပ်ငန်းတိုးတက်မှု နှေးကွေးစေခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ လွဲ၍ ပြည်ပပိုင် အာမခံကုမ္ပဏီများကို လုပ်ကိုင်ခွင့်တားမြစ် ထားခဲ့သည်။ သီလဝါအထူးစီးပွားရေးဇုန်၌  ၂ဝ၁၅ ခုနှစ်က ဂျပန်အာမခံကုမ္ပဏီ သုံးခုကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။

 ယခုလုပ်ကိုင်ခွင့်ဖြေလျှော့ပေးခြင်းက အာမခံဈေးကွက်အတွက် တိုးတက်လာ မည့်အခြေအနေလည်းဖြစ်သည်။ အသက်အာမခံလုပ်ကိုင်ခွင့်ကို နိုင်ငံခြားသားများ အပြည့်အဝ ပိုင်ဆိုင်ခွင့်ကုမ္ပဏီနှင့် ဖက်စပ် လုပ် ကိုင်သည့် ကုမ္ပဏီများ ပေါ်ထွက်လာမည်ဖြစ်သည်။ မြန်မာ့အာမခံဈေးကွက်ကို ပြန်ကြည့်ပါက အစိုးရပိုင် အာမခံ လုပ်ငန်းတစ်ခုတည်းရှိရာမှ ၂ဝ၁၃ ခုနှစ်တွင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁ဝ ခုကျော်ကို လုပ်ငန်း လုပ်ကိုင်ခွင့် စတင်ခွင့်ပြုပေးခဲ့ သည်။ ထိုစဉ်က ပြည်တွင်းကုမ္ပဏီများကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများတွင် Grand Guardian Insurance၊ IKBZ Insurance၊ AYA Myanmar Insurance စသည့် ထိပ်တန်းစာရင်းဝင် အာမခံလုပ်ငန်းများလည်း ပါဝင်ခဲ့သည်။ ပြည်တွင်းအာမခံဈေးကွက် ကျယ်ပြန့်ရေး အတွက် ပြည်ပအာမခံကုမ္ပဏီများကို တန်းတူအခွင့်အရေးနှင့် ယှဉ်ပြိုင်ရမည့် ပြည်တွင်းအာမခံ ကုမ္ပဏီများ အတွက် စိန်ခေါ်မှုများ ရှိလာနိုင်သည်။

လက်ရှိ အာမခံထားရှိမှုအများဆုံးသည် လုပ်ငန်းရှင်များနှင့် မြို့နေပြည်သူများသာ ဖြစ်ပြီး ကျေးလက်ဒေသများ၌ အာမခံထားရှိမှုနည်းပါးသည်။ ကျေးလက်ဒေသများအထိ အာမခံထားရှိမှု တွင်ကျယ်လာစေရန် အာမခံ နှင့်ပတ်သက်သော အသိပညာများကို ကျေးလက်ဒေသအထိ ဖြန့်ဝေနိုင်ရန် လိုပေလိမ့်မည်။ အာမခံဈေး ကွက် တိုးတက်လာပါက တစ်ဖက်တွင်လည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယင်းတို့နိုင်ငံမှ အာမခံ ကုမ္ပဏီများ ရှိသည့် နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြမည် ဖြစ်ရာ မြန်မာနိုင်ငံ၌ ပြည်ပရင်းနှီး မြှုပ်နှံမှု ဝင်ရောက်မှု တိုးတက်လာမည်ဖြစ်သည်။ မြန်မာ့အာမခံ ဈေးကွက်တွင် အာမခံထား ရှိမှုသည် ၂ဝ၁၅ ခုနှစ်မှစ၍ သုညဒသမ ဝ၁ ရာခိုင်နှုန်းမျှသာရှိပြီး တခြားဖွံ့ဖြိုးမှု နိမ့်ကျသည့် အာဆီယံနိုင်ငံများထက် လျော့ နည်းနေကြောင်း ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Swiss Re Sigma က ထုတ်ပြန်ခဲ့သည်။ နိုင်ငံစီးပွားရေး အတွက် လိုအပ်သော အရင်းအနှီးများရရှိရေး အထောက်အကူပြုရန်နှင့် ဘဏ်မဟုတ်သောငွေရေး ကြေးရေး ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရန်ရည်ရွယ် ၍ ပြည်ပအာမခံကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြု ပေးခြင်းဖြစ်သည်။

ပြည်တွင်းအာမခံ ကုမ္ပဏီများ အနေဖြင့် ပြည်ပအာမခံကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်လာကာ ယခင်ကထက် ဈေးကွက်ရရှိရေး ပိုမိုကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်သည်။ အာမခံဝန်ဆောင်မှု အပိုင်းတွင်လည်း ပြည်ပကုမ္ပဏီများ ထက် သာလွန်မှသာဖြစ်ပေမည်။ ပြည်ပအာမခံ ကုမ္ပဏီများသည် မြန်မာ့အာမခံဈေးကွက် တွင် လိုအပ်သော အာမခံများ ဖြည့်တင်းဆောင်ရွက်မည့် အခြေအနေများရှိပြီး ပြည်ပထိပ် တန်းကုမ္ပဏီကြီး များဝင်ရောက်မှုက ပြည်တွင်း အာမခံ ကုမ္ပဏီများ ဈေးကွက်ရရှိရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာသည်။ တစ်ဖက်တွင် လိုအပ်သောနည်းပညာ၊ အတွေ့အကြုံများကိုလည်း ရရှိမည်ဖြစ်သည့်အတွက် အကျိုးရှိမည် ဖြစ်သည်။ စီးပွားရေးတိုးတက်မှုရှိနေသော နိုင်ငံများ၌ အာမခံဈေးကွက်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံသူများကလည်း အခိုင်အမာပေးနိုင်သည့် အာမခံကုမ္ပဏီများ မရှိပါက ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စား မှုနည်းပါးသည်ကို လေ့လာတွေ့ရှိရသည်။

ပြည်သူများကြား အာမခံပရီမီယံကြေး မြင့်မားနေပါက လက်ရှိရရှိသော လုပ်ခနှုန်းထားများနှင့် ထားရှိမှုလည်း နည်းနေမည်ဖြစ်သည်။ ယင်းအတွက် အများပြည်သူ အတွက်သင့်လျော်သော အာမခံပရီမီယံကြေး သတ် မှတ်ဆောင် ရွက်ရန် လိုအပ်မည်ဖြစ်သည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံနှင့်ပတ်သက်သော အသိပညာများကို ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အတူ ထည့်သွင်းဆောင်ရွက် ရမည်ဖြစ်ပြီး စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဖြစ် သောကြောင့် စိုက်ပျိုးေ ရးနှင့် ပတ်သက်သောအာမခံ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ပတ်သက်သော အာမခံများ၊ ခရီးသွားအာမခံ လုပ်ငန်းများကို ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ပြောကြားသည်။ စီးပွားရေး လုပ်ငန်းများအတွက် အာမခံက နောက်မှပံ့ပိုးပေးရသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

အာမခံလုပ်ငန်းဆိုသည်မှာ ထိခိုက်ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးသည့် ဈေးကွက်ဖြစ်ပြီး အာမခံ လုပ်ငန်းတွင်ကျယ်မှုရှိသော နိုင်ငံများတွင်လည်း တိုးတက်မှု အားကောင်းလျက်ရှိသည်။ ပြည်ပအာမခံ ကုမ္ပဏီများ ဝင်ရောက် လာရာတွင် အာမခံ လုပ်ငန်းကို နှစ်ပေါင်း ၁၇ဝ ကျော်လုပ်ကိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ဘီလီယံ၂ဝဝ ကျော်တန်ဖိုးရှိ ပစ္စည်းများအပေါ် စီမံခန့်ခွဲနေသော လန်ဒန်အခြေစိုက် Prudential Corporation Asia ကုမ္ပဏီပါဝင်လာခြင်း က ပြည်တွင်းအာမခံဈေးကွက်အတွက် အကျိုးသက်ရောက်မှု ကြီးမားလာနိုင်သည်။ နိုင်ငံအတွင်း သဘာဝ ဘေးအန္တရာယ်များနှင့် တခြားသော ထိခိုက်နစ်နာမှုများအတွက် အာမခံလုပ်ငန်းသည် မရှိမဖြစ်လိုအပ်သည်။ ပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကာမိစေရေး အာမခံထားရှိရန်လိုအပ်သည်။ အာမခံထားရှိခြင်းအားဖြင့် ဆုံးရှုံးမှုများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်သည့် အတွက် နိုင်ငံတကာတွင် ထင်ရှားသော ဈေးကွက် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၌ အာမခံလုပ်ငန်းသည် တွင် ကျယ်မှုနှောင့်နှေး လျက်ရှိသည်။ လက်ရှိကာလများအတွင်း ပုဂ္ဂလိက အခန်းကဏ္ဍအပြင် ပြည်ပအာမခံ ကုမ္ပဏီများကိုပါ ခွင့်ပြုပေးလိုက်သည့်အတွက် မြန်မာ့အာမ ခံဈေးကွက် တိုးတက် လာမည့်အခြေအနေများ တွင်ရှိသည်။

ယင်းအတွက် ခွင့်ပြုပေးထားသော အာမခံကုမ္ပဏီများ အနေဖြင့် ပြည်သူများကြား အာမခံထားရှိမှု တိုးတက်လာရန် မည်သို့လုပ်ဆောင်ကြမည်ကို စောင့်ကြည့် ရမည်ဖြစ်သည်။ နိုင်ငံဘဏ္ဍာရေးဈေးကွက် တွင် အာမခံ၏ အခန်းကဏ္ဍလည်း ပါဝင်ပြီး  အာမခံလုပ်ငန်းများ ဖွံ့ဖြိုးရေးသည် အရေးကြီးလှသည်။ နိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံလုပ်ကိုင်နေသော လုပ်ငန်းစုများ အတွက်လည်း အရေးပါသောကြောင့် အာမခံလုပ်ငန်းများ တွင်ကျယ်လာနိုင် မည့်အခြေအနေများကို ဖော်ဆောင်ခြင်းက မြန်မာ့အာမခံဈေးကွက် တိုးတက်မှုအရှိန် မြင့် လာနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရင်း ရေးသားတင်ပြလိုက်ရပါသည်။ စိုးမိုး

Read 35 times
Rate this item
(0 votes)
Last modified on Wednesday, 01 January 2020 11:33