SJ WorldNews - шаблон joomla Авто

ပြည်သူအချင်းချင်း ညီညွတ်ခြင်းဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်ကြပါစို့

Thursday, 02 January 2020 13:21 Written by  font size decrease font size decrease font size increase font size increase font size

(၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး

ပြည်သူအချင်းချင်း ညီညွတ်ခြင်းဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ကြမြန်မာတို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်တို့ကို စွဲမြဲစွာဆက်ဆံ ထိန်းသိမ်းကြပြီး အာဇာနည်သူရဲကောင်း စိတ်ဓာတ်ဖြင့် မိမိတို့၏ လွတ်လပ်ခွင့်နှင့် အချုပ်အခြာအာဏာပိုင်ခွင့် တို့ကို ကာကွယ်စောင့်ရှောက်ကြသူများ ဖြစ်ကြသည်။ ရှည်လျားသော သမိုင်းစဉ်တစ်လျှောက်၌ ခိုင်မာသော သာဓကများစွာကို ကမ္ပည်းမော်ကွန်း စိုက်ထူခဲ့ပေသည်။

ခေတ်ကာလအဆက်ဆက်တွင် ကိုယ့်မင်းကိုယ့်ချင်းဖြင့် ကမ္ဘာ့အလယ်တွင် ““မြန်မာနိုင်ငံ””ဟု ခံ့ခံ့ထည်ထည် ရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်မှုကို ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ်၊ သုံးကြိမ်တိုင်တိုင် နယ်ချဲ့ကျူးကျော် စစ်ဆင်နွှဲခြင်း ခံခဲ့ရပြီး မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ကာ တစ်မျိုးသားလုံး၏ အချုပ်အခြာအာဏာပိုင် လွတ်လပ်ရေးကို ဆုံးရှုံး၍ သူ့ကျွန်ဘ၀သို့ ရောက်ခဲ့ရပေသည်။

ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် ကိုယ့်နိုင်ငံကိုယ့်လူမျိုး၊   ကိုယ့်အုပ်စိုးသူများနှင့် ရပ်တည်ကြရာတွင် ယှဉ်ပြိုင်ရုန်းကန်ကြရင်း အင်အားကြီးသူက အင်အားနည်းသူကို သိမ်းပိုက်အုပ်စိုးကာ နယ်ပယ်ချဲ့ထွင်မှုဖြင့် အင်ပါယာနိုင်ငံကြီးများ   ပေါ်ထွက်ခဲ့သကဲ့သို့ ၎င်းအင်ပါယာနိုင်ငံကြီးများ လက်အောက်သို့ နိုင်ငံငယ်များစွာ တို့မှာလည်း ကျရောက်ခဲ့ရသည်။ အထူးသဖြင့် ၁၉ ရာစု ကမ္ဘာတွင် အရင်းရှင်စနစ် အားကောင်းလာချိန်တွင် နယ်ချဲ့အရင်းရှင်နိုင်ငံများက အင်အားနည်းနေသည့်၊  စည်းလုံးညီညွတ်မှုပြိုကွဲနေသည့်၊ ခေတ်နောက်ကျနေသည့် နိုင်ငံငယ် အများအပြားကို သိမ်းပိုက်ခဲ့ရာ  ကမ္ဘာ့မြေပြင်၏  ၇၅ ရာခိုင်နှုန်းကျော်သည် လည်းကောင်း၊ ကမ္ဘာ့လူဦးရေ၏ ၇၇ ရာခိုင်နှုန်းတို့သည် လည်းကောင်း၊ နယ်ချဲ့လက်အောက် ကျွန်ဘ၀သို့ ကျရောက်ခဲ့ကြရသည်။

ဤကမ္ဘာပေါ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် အင်္ဂါရပ်လေးမျိုးနှင့် ပြည့်စုံရန် လိုအပ်သည်။ အဆိုပါလေးမျိုးမှာ နိုင်ငံ၏ပိုင်နက်နယ်မြေ၊ ယင်းမြေပေါ်တွင် နေထိုင်ကြသည့် နိုင်ငံသားပြည်သူလူထု အုပ်ချုပ်သည့် အစိုးရနှင့် အချုပ်အခြာ အာဏာပိုင်စိုးမှုတို့ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်လေးမျိုးကို နိုင်ငံ၏ဥပဓိရုပ်ဟုလည်း ဆိုကြပေသည်။

နိုင်ငံတစ်ခုတွင် ဥပဓိရုပ်တစ်မျိုးမျိုး မပြည့်စုံပါက နိုင်ငံဟုမခေါ်ဆိုနိုင်တော့ပါ။ ပိုင်နက်နယ်မြေရှိပြီး လူမရှိခြင်း၊ လူများသာရှိနေသော်လည်း ပိုင်နက်နယ်မြေမရှိ လှည့်လည် သွားလာနေရခြင်း၊ နယ်မြေနှင့်လူများ ရှိနေသော်လည်း မင်းမဲ့တိုင်းပြည်ရှိနေခြင်း၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုမရှိဘဲ သူတစ်ပါးလက်အောက်တွင် ကိုလိုနီဘ၀ ရောက်နေရခြင်းများသည် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည်ဟု မဆိုနိုင်ပေ။

မြန်မာနိုင်ငံသည် တစ်မျိုးသားလုံး၏ အချုပ်အခြာအာဏာပိုင် လွတ်လပ်ရေးကို ဆုံးရှုံး၍ သူ့ကျွန်ဘ၀ရောက်ခဲ့ရသော်လည်း  နယ်ချဲ့ကျူးကျော်စစ်ကာလ တစ်လျှောက်လုံးနှင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည့် နောက်ပိုင်းတွင်လည်း ကိုလိုနီနယ်ချဲ့သမားများ၏ မတရားကျူးကျော် စော်ကားမှုကို နာကြည်း၍ ခါးသီးသော စိတ်ဓာတ်၊ အနိုင်မခံအရှုံးမပေး၊ လှေခွက်ချည်းကျန် အလံမလှဲသော စိတ်ဓာတ်တို့ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာတိုင်းရင်းသားပေါင်းစုံ၊ လူတန်းစား အလွှာပေါင်းစုံတို့သည် လွတ်လပ်ရေးကိုပြန်လည်ရရှိရန် သားစဉ်မြေးဆက် လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ စသည်ဖြင့် အကြမ်းနည်း၊ အနုနည်းပေါင်းစုံဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကာလ တစ်လျှောက်လုံးတွင် တိုင်းရင်းသား အာဇာနည်ခေါင်းဆောင်များ၊ လူငယ်များနှင့် ရဟန်းရှင်လူပြည်သူတို့သည် အသက်သွေးပေါင်းများစွာ ထောင်နှင့်သောင်းနှင့်ချီ၍ စတေးခဲ့ကြရကာ နှစ်ပေါင်း ၁၀၀ ကျော်သူ့ကျွန်ဘ၀နှင့်နေခဲ့ရသော မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နံနက် ၄ နာရီမိနစ် ၂၀ တွင် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပေသည်။

လွတ်လပ်ရေးအတွက် မြန်မာပြည်သူပြည်သား တိုင်းရင်းသား အပေါင်းတို့သည် တစ်ဗိုလ်ကျတစ်ဗိုလ်တက်၊ တစ်နည်းမရ တစ်နည်းဖြင့် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ရင်းနှီးခဲ့ကြရသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံအနှံ့မှ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ အသက်သွေးချွေး စတေးခဲ့ရသည်။

လွတ်လပ်ရေးရလုဆဲကာလတွင် တစ်နိုင်ငံလုံး ချစ်ခင်လေးစား ကြည်ညိုရသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ အသက်ဇီဝိန်များ အခြွေခံခဲ့ရသည်။ မိမိတို့ပိုင်ဆိုင်သော အရာတစ်ခု ပြန်လည်ရရှိရေးအတွက်အလွန်အမင်း ပေးဆပ်ခဲ့ကြရပေသည်။

ဤသို့ဆိုပါက   မြန်မာတို့ပြန်လည် ရရှိခဲ့သော လွတ်လပ်ရေးသည် အရင်းအနှီး ပေးဆပ်ရမှုကြီးမားသဖြင့် အလွန်အမင်း တန်ဖိုးကြီးမားလှသည်ဟု ဆိုရပါမည်။ ထိုသို့တန်ဖိုးကြီးမားပြီး အဖိုးမဖြတ်နိုင်သော လွတ်လပ်ရေးကို နှစ်နှစ်ကာကာ မြတ်နိုးချစ်ခင်ကြရန် လိုအပ်သည်။ တစ်ဦးတစ်ယောက်ချင်း အကျိုးစီးပွားမှ စ၍ တစ်နိုင်ငံလုံး အကျိုးစီးပွားအတွက် အဖိုးတန်သော အခွင့်အလမ်းအဖြစ် အသုံးပြုရာတွင် အကျိုးရှိရှိ အသုံးချတတ်ရန် လိုသည်။   အဖိုးတန်လှသော လွတ်လပ်ရေးကို မိမိတို့လက်ဝယ် ရေရှည်တည်တံ့စေရန်နှင့် ပြန်လည်ဆုံးရှုံး မသွားစေရန်လည်း အထူးအလေးအနက်ထား၍ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်။ လွတ်လပ်ရေး၏ တန်ဖိုးကို ကောင်းစွာသိမြင်ပြီး အလေးထားကြဖို့နှင့် မိမိတို့နှလုံးသားဝယ် ထာဝစဉ် ကိန်းအောင်းနေကြဖို့လိုပါသည်။

လွတ်လပ်ရေးဟူသည် စည်းကမ်းမဲ့စွာ မိမိတို့လုပ်ချင်ရာ၊ မိမိတို့ဆန္ဒအတိုင်း တစ်ဖက်သား သို့မဟုတ် လူအများ၏ အကျိုးစီးပွားကို ထိခိုက်မှုရှိ၊ မရှိ မစဉ်းစားဘဲ လုပ်နိုင်သည့် အခြေအနေမဟုတ်သည်ကို လည်းကောင်း၊  အစွန်းရောက်သည့် သဘောရှိသော အခြေအနေမျိုး မဟုတ်ကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းက ထောက်ပြပြောဆို သွားခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးသည် စည်းနှင့်ကမ်းနှင့်ဖြစ်သည်။ စည်းကမ်းနည်းလမ်းကို ကောင်းစွာနားလည်ပြီး အလုပ်လုပ်ကြမှသာ လွတ်လပ်ရေးရရှိခြင်း၏ အနှစ်သာရကို ရရှိခံစားရမည်ဖြစ်ကြောင်းကို ဤကဲ့သို့မိန့်မှာသည်ကိုဖတ်ရှုမှတ်သားရပါသည်။

““လွတ်လပ်ရေး အဓိပ္ပာယ်ဟာ...စည်းမဲ့ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး...။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ ...အဲဒီလိုအားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြမှ ...လွတ်လပ်ရေးဆိုတာ တကယ်ရတယ်...””

လွတ်လပ်ရေးဆိုရာတွင် အခွင့်အရေးများနှင့်အတူ တာဝန်ဝတ္တရားများလည်း ရှိခြင်း၊ အခြားတစ်ဖက်၏ စီးပွားကိုလည်း  ဂရုပြုရန်လိုအပ်ခြင်း၊ စည်းစနစ်နှင့် စည်းကမ်းကျနစွာ နေထိုင်ရပ်တည်ကာ နိုင်ငံ့အကျိုးစီးပွားအတွက် လွတ်လပ်ရေးကို အကျိုးရှိစွာ အသုံးပြုရန် လိုအပ်ခြင်း၊ လွတ်လပ်ရေး၏ ကြီးမားသော တာဝန်နှင့်ထိုတာဝန်ကို သိရှိ၍ လိုက်နာရခြင်း စသည်တို့ကို ပြည်သူတို့၏ နှလုံးသည်းပွတ်သို့ ရိုက်ခတ်သွားနိုင်သည်အထိ ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း သတိပေးစကား ပြောကြားခဲ့သည်။

““လွတ်လပ်ရေးရတဲ့ အခါမှာ ကျုပ်တို့ဗမာ(မြန်မာ)တွေကသာလျှင် ဗမာ(မြန်မာ)ပြည်ကို ကာကွယ်ရမယ့် တာဝန်ဟာအဓိကဖြစ်တယ်...။ အရင်တုန်းကလို ခင်ဗျားတို့... အေးအေးဆေးဆေးနေလို့ မဖြစ်နိုင်တော့ဘူး။ ...ဒါဟာ လွတ်လပ်ရေးရတဲ့အခါမှာ ဖြစ်ရမယ့်တာဝန်မျိုးပဲ...။ လွတ်လပ်ရေး ရတဲ့အခါမှာဖြစ်ရမယ့် တာဝန်တွေပဲ...။””

““ရှေ့ကို လွတ်လပ်ရေးရဲ့အရသာကို  ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ယခုကတည်းက ခင်ဗျားတို့ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကိုပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ကနေ့ပြောခဲ့ချင်တယ်...””။

ဤနှုတ်ထွက်စကားများသည် အရိုင်းဆန်သော်လည်း  နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ လာသော စကားလုံးများဖြစ်သဖြင့်   ဤတစ်သက်   မည်သို့မျှ မေ့မရနိုင်သည့် စကားများဖြစ်ပေသည်။ ဤစကားများ အလွန်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူတို့၏ လက်ချက်ဖြင့် မြန်မာပြည်သူများကို ထားခဲ့ကာ ကမ္ဘာမြေပေါ်မှ ထွက်ခွာသွားခဲ့ရသည်။ ဗိုလ်ချုပ်၏ မိန့်ခွန်းအမှာစကားများသည် မြတ်နိုးလေးစား တန်ဖိုးထားရမည့် လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ် သွားနိုင်ရုံသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုပါ မီးမောင်းထိုး လမ်းညွှန်ပြသသည့် စကားများဖြစ်ပါသည်။

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရန် လိုအပ်ပေသည်။ မြန်မာပြည်သူများကသာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာနိုင်ငံ၏ သာယာလှပမှုကို ဖန်တီးနိုင်သူများဖြစ်ကြသည်။

တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲလျှင် တိုင်းတစ်ပါးသားတို့၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်သို့ ပြန်လည်ကျရောက်နိုင်သည်ကို သတိပြုရပေမည်။

နိုင်ငံတော် အကြီးအကဲများသည် ခေတ်အဆက်ဆက် တွေ့ကြုံဖြတ်သန်းလာခဲ့ရသော နိုင်ငံသမိုင်း၏ ကောင်းမွေဆိုးမွေများကို သင်ခန်းစာဖော်ထုတ် သုံးသပ်၍ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံတကာ အခြေအနေများ၊လူမှုဘ၀ ပြောင်းလဲနေမှုများအပေါ်တွင် အခြေတည်ကာ  သမိုင်း၏ အမှန်ကန်ဆုံးသော အဖြေဖြစ်သည့် နိုင်ငံတော်မူဝါဒကို ချမှတ်ခဲ့သည်။ မည်သည့်အစိုးရပြောင်းပြောင်း မည်သို့မျှ အစားထိုး၍မရသော အပိုအလိုမရှိ စကားလုံးများဖြင့် ကျစ်လျစ်စွာ ဖွဲ့စည်းထားသော တပ်မတော်အစိုးရ တာဝန်ယူစဉ်က ဖော်ထုတ်ခဲ့သော  နိုင်ငံတော်မူဝါဒမှာ  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးပင်ဖြစ်သည်။ ထိုအမျိုးသားရေး ရည်မှန်းချက်များကို တိုင်းရင်းသား ပြည်သူအားလုံးက ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းကြရန် အထူးလိုအပ်ပေသည်။

လွတ်လပ်ရေးသည် တိုင်းပြည်တစ်ပြည်၏ အသည်းနှလုံးပင်ဖြစ်သည်။ လွတ်လပ်သော တိုင်းပြည်ဖြစ်မှသာ အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုင်းအ၀ိုင်း တစ်ရပ်ကို ကိုယ်တိုင် ထူထောင်နိုင်မည်ဖြစ်သည်။

ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်နှင့် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရန် အရေးကြီးပေသည်။

မျက်မှောက်ကာလတွင်   လွတ်လပ်ရေး ဆုံးရှုံးရခြင်းမှာ တခြားနိုင်ငံတစ်ခုက ကိုယ့်မြေကိုယ့်ရေကို လာရောက်သိမ်းပိုက်ပြီး ကျွန်ပြုမှ ဆုံးရှုံးသည်ဟု မပြောနိုင်တော့ပေ။  အင်အားကြီးနိုင်ငံများ၏ နိုင်ငံတကာ အဖွဲ့အစည်းကြီးများအပေါ်  သြဇာလွှမ်းမိုးချုပ်ကိုင်မှု၊ တွန်းအားပေးမှု၊ ကန့်သတ်တားဆီးမှုတို့ကြောင့်လည်း အင်အားနည်းသော ဆင်းရဲသည့်   နိုင်ငံငယ်များအဖို့ လွတ်လပ်ရေး ဆုံးရှုံးသကဲ့သို့ပင်  ခံစားရလေသည်။

အချင်းချင်းမညီညွတ်မှု ပြဿနာပေါင်းစုံဖြင့် မပြေမလည် တိုက်ခိုက်နေခြင်းကြောင့်လည်း တိုက်ပွဲများကြားမှ တိုင်းရင်းသားပြည်သူများ မြေစာပင်ဖြစ်ရသည့် ဆင်းရဲဒုက်္ခပေါင်းစုံ ခံစားနေကြရခြင်းမှာ လွတ်လပ်ရေး ဆုံးရှုံးနေခြင်း၊ လူ့အခွင့်အရေး ဆုံးရှုံးနေခြင်းပင်ဖြစ်သည်။

နိဂုံးချုပ်ဆိုရပါသော် မျက်မှောက်ကာလတွင် ရရှိခဲ့ပြီးသော လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်မှာ စာရေးသူတို့၏ မျိုးချစ်ဘိုးဘေးဘီဘင်များ၏ ရင်းနှီးပေးဆပ်ရမှုများနှင့် နှိုင်းစာလျှင် သက်သောင့်သက်သာ ရှိမည်ဟု ဆိုနိုင်ပါသည်။ သို့သော် စာရေးသူတို့၏ ဘိုးဘွားဘီဘင်များ ရယူခဲ့သော လွတ်လပ်ရေးကို အမှုမဲ့အမှတ်မဲ့ဖြင့် သတိမမူဘဲ စည်းလုံးညီညွတ်မှု အားနည်းပြီး အကွဲကွဲအပြားပြား ဖြစ်နေလျှင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တစ်စတစ်စ ထိပါးလာနိုင်ပြီး ပေးဆပ်ရမှုများမည် ဖြစ်ပေသည်။ သို့ဖြစ်ရာ တန်ဖိုးကြီးမားသော လွတ်လပ်ရေးအမွေကို မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ ဘိုးဘေးဘီဘင်များ လက်ဆင့်ကမ်းပေးခဲ့သည့် မျိုးချစ်စိတ်များနှင့်အတူ ““ပြည်သူအချင်းချင်း...ညီညွတ်ခြင်းဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ကြပါစို့...””ဟု တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၀ ပြည့်နှစ်

ဇန်န၀ါရီ ၄ ရက်နေ့တွင် ကျရောက်သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။  

အောင်ခန်ြဖိုးဝေ

Read 36 times
Rate this item
(0 votes)
Last modified on Thursday, 02 January 2020 13:23