SJ WorldNews - шаблон joomla Авто

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် မြန်မာ့စိတ်ဓာတ်

Saturday, 04 January 2020 13:42 Written by  font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်နိုင်ငံသည် ကမ်္ဘာ့အလယ်တွင် ၀ံ့ဝံ့စားစားရပ်တည်နိုင်ရန် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး စသည်တို့ မလွဲမသွေလိုအပ်၏။ သို့မှသာ  အခြားနိုင်ငံများနှင့် တန်းတူရပ်တည်နိုင်မည်ဖြစ်သည်။ မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်သောနိုင်ငံတစ်ခုဖြစ်ရန်၊ အခြားနိုင်ငံများက မိမိတို့ဂုဏ်သိက္ခာကိုလေးစားရန်မှာ  အဓိကကျသောအရာသည်  လွတ်လပ်ရေးဖြစ်၏။ အနှောင်အဖွဲ့၊ အချုပ်အချယ်ကင်းခြင်းသည် လွတ်လပ်ခြင်းမည်၏။ တိုင်းတစ်ပါး၏ အုပ်စိုးခြင်းမှ ကင်းလွတ်ခြင်းအား လွတ်လပ်ရေးဟုခေါ်ဆို၏။  တိုင်းတစ်ပါး စိုးမိုးအုပ်ချုပ်မှုအောက်မှ မိမိနိုင်ငံ ကင်းလွတ်သောနေ့ကား   လွတ်လပ်ရေးနေ့ဖြစ်၏။   မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုခရီးကား ကြမ်းတမ်းခက်တရော် သည်နှင့်အမျှ ထိုခရီးတစ်လျှောက် တင်ကျန်ရစ်သော မြန်မာ့စိတ်ဓာတ်ကား ကမ္ဘာသိအောင်စွမ်းပကားကြီးလှပေတော့သည်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ဦးစီးခေါင်းဆောင်ကား မဟာဗန္ဓုလဖြစ်သည်။  မဟာဗန္ဓုလသည် မိမိကိုယ်တိုင် မချီတက်မီ ပန်းဝါမြို့သို့ အရောက်ရှေ့ချီရန် အတွင်းဝန်ဗိုလ်ချုပ်မင်းကြီးမဟာသီဟသူရကို စေလွှတ်သည်။ ယင်းဗိုလ်ချုပ်ကြီးကား မြ၀တီမင်းကြီးဦးစတည်း။ မြ၀တီမင်းကြီးဦးစကလည်း မိမိ၏လက်စွမ်းလက်စကို ပြလိုက်သည်မှာ ရှေးဦးစွာ  အင်္ဂလိပ်တို့နှင့်  ဂေါတော့ပလ္လင်တွင်  ဆိုင်ပြိုင်တိုက်ခိုက်ရသည်။   အင်္ဂလိပ်တို့ မခံမရပ်နိုင်။ ကိုယ်လွတ်သာထွက်ပြေးရ၏။ တစ်ရက်နားပြီး မြ၀တီမင်းကြီးဦးစသည် ဆက်လက်ချီတက်၍ ပန်းဝါမြို့သို့ဆိုက်ရောက်လျှင် ဒုတိယအကြိမ်အင်္ဂလိပ်တို့ နှင့်တိုက်၏။ အင်္ဂလိပ်တို့တွင် စစ်အင်အားနှစ်ဆကျော်မျှရှိသော်လည်း မြန်မာ့ဒဏ်ကိုမခံနိုင်။ လုံးဝရှုံးကြရသည့်အပြင် အကြီးပြုသူအင်္ဂလိပ် ဗိုလ်များအားလုံးလိုလိုပင် တိုက်ပွဲ၌ကျဆုံးရချေသည်။  ထို့နောက် ပင်လယ်ဝနတ်မြစ်တွင် တပ်စွဲနေသော အင်္ဂလိပ်တို့ကို ချေမှုန်းရာ တတိယအကြိမ်အောင်ပွဲခံရပြန်သည်။ မဟာဗန္ဓုလ၏တပ်များ ပန်းဝါမှထွက်၍ စစ်တကောင်းနယ်မြေမှ ဆုတ်ခွာသွားပုံကို မေဂျာစနော့ဒ်ဂရက်စ်က မှတ်တမ်းတင်ပုံမှာ ““ဗန္ဓုလနှင့် သူ့စစ်သည်တော်များသည် မည်သို့မည်ပုံအားဖြင့်    ထိုနယ်မြေတစ်လျှောက်ကိုဖြတ်၍       ရခိုင်ရိုးမတောင်ကြီးကိုကျော်လွှားကာ ဧရာဝတီမြစ်ဘက်သို့    ရောက်ရှိသွားကြောင်းကိုမူ

ကောင်းစွာမသိရ။ လွန်စွာမှပိရိပါပေသည်။ အတိုဆုံး လမ်းကြောင်းအားဖြင့်ပင် မိုင် ၂၀၀ ကျော်ရှိသည့် ခရီးခက်ကို ရက်သတ္တပတ်ခန့်မျှနှင့် ဗမာများမှအပ မည်သူတစ်ဦးတစ်ယောက်မျှ မသွားမလာမနေမထိုင်နိုင်သော ရာသီဥတုတွင် အဖျားအနာ ပေါများသောတောကြီးများ၊ စိမ့်များ၊ စမ်းများ၊ မြစ်များ၊ ပင်လယ်လက်တက်များ၊ ဒလဟောစီးဆင်းနေသည့် တောင်ကျရေများက နေရာတကာတိုင်းပင် ဟန့်တားထားငြားလည်း ဗမာများသည် ဧရာဝတီဘက်သို့ အရောက်ချီတက်နိုင်ကြသည်””ဟုဖြစ်သည်။     မြန်မာ့ဇွဲမာန်ကိုထင်ရှားသိသာစေသော မှတ်တမ်းပါပေ။ ထိုကာလတွင်  မျက်နှာဖြူတို့သည် မဟာဗန်္ဓုလကို အထူးကြောက်ရွံ့ကြသည်ကား အမှန်ပေ။ မဟာဗန်္ဓုလ၏တပ်ကိုနိုင်လျှင် ဤစစ်ပွဲကိုနိုင်ပြီဟုပင် သုံးသပ်ကြပေသည်။     အက်ဖ်တင်နဆင်ဂျက်စီဆိုသူ နိုင်ငံခြား အမျိုးသမီးကလည်း ““သူသည် အထူးပြည့်စုံပြီးဖြစ်သော သူ့သူရသတိ္တ အလျောက်မည်သို့မျှကြောင့်ကြမှုမရှိဘဲ သတိ္တရှိရှိပင် ဆက်လက်လုပ်ဆောင်ရှာပေသည်””ဟူ၍ ““ဗမာပြည်အကြောင်း””စာတွင်ရေးသားထားသည်။ မြန်မာတို့၏ အံ့မခန်းသတိ္တစွမ်းကို ၀က်ထီးကန်တိုက်ပွဲဖြင့်လည်း သက်သေထူနိုင်သည်။ ဤတိုက်ပွဲများတွင် အထူးသဖြင့် ရှမ်းစော်ဘွားများ၊ ရှမ်းမြို့စားများ၊ ရှမ်းအမျိုးသားများအပြင် ရှမ်းအမျိုးသမီးသုံးဦးတို့ကပါ မြန်မာတစ်ပြည်လုံး၊ မြန်မာတစ်မျိုးလုံးအတွက် ပြည်ထောင်စု စိတ်ဓာတ်ပြည့်ပြည့်၀၀ဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ကြသေးသည်။ မြန်မာများ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ရှုံးပင်ရှုံးငြားလည်း အရှုံးထဲမှ ရလိုက်သော အမြတ်ကား ““ဗမာကိုကမ္ဘာကသိလေပြီ။ ဗမာ့သတိ္တ၊ ဗမာ့စွမ်းရည်ကိုကား တိုက်ခိုက်ယှဉ်ပြိုင်သူများ ကိုယ်တိုင်ကပင် လေးလေးစားစားဖြင့် အရေးထားကြရချေပြီ။ ပန်းဝါတိုက်ပွဲ၊ ရန်ကုန်တိုက်ပွဲ၊ ဓနုဖြူတိုက်ပွဲ၊ ၀က်ထီးကန်တိုက်ပွဲများကား သာမန်တိုက်ပွဲများမဟုတ်။ မနှိုင်းမယှဉ်သာ လောက်အောင် လက်နက်ချင်းကွာခြားနေငြားလည်း ဗမာ့စိတ်ဓာတ်၊ ဗမာ့သတိ္တကိုမူ  ထူးထူးချွန်ချွန် ထည်ထည်ဝါ၀ါပင် ပြနိုင်ကြပေသော  စံပြတိုက်ပွဲများ ဖြစ်ပေသည်””ဟု ဗိုလ်မှူးဘသောင်း၏ ဗမာ့တော်လှန်ရေး သမိုင်းတွင်မှတ်ကျောက် တင်ထားသည်မှာ ဂုဏ်ယူဖွယ်ကောင်းလှပါသည်။ မြန်မာ့တပ်မတော်သားများနှင့် ပတ်သက်၍ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကို မျက်မြင်ကိုယ်တွေ့ဖြစ်သော ဟိုးဝဒ်မယ်လ်ကွမ်က ““ဗမာနိုင်ငံတော်အကြောင်း”” စာအုပ်တွင် အမွှမ်းတင်ထားပုံကား သာ၍ ဂုဏ်ယူဖွယ်ကောင်းသေးတော့သည်။ ““ဗမာစစ်သားများသည် ပါးနပ်လိမ္မာ၍ ခံနိုင်ရည်ဇွဲရှိပြီး    သတိ္တကောင်းသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့နှင့် တိုက်ခိုက်ကြရသည့် တိုက်ပွဲတိုင်း တိုက်ပွဲတိုင်းတွင်မူ ကမ်္ဘာ့အရှေ့ပိုင်းတစ်လွှား၌ ကျွန်ုပ်တို့ ဗြိတိသျှစစ်သားများ အလွန်တရာမှတွေ့ရခဲသော သူရသတိ္တဖြင့် (ဗမာများသည်) စွမ်းစွမ်းတမံပင်တိုက်ခိုက်ကြပေသည်။ သူတို့သည် တိုက်ပွဲတစ်ခုဖြစ်ပွားပြီဆိုလျှင် ပေါင်းထားသော ခေါင်းပေါင်းများကိုချွတ်ခဲ့ပြီး ဦးဆံဖားလျားဖြင့် ကြောက်မက်ဖွယ် အသွင်ကိုဆောင်ကာ ကြေညာဟစ်ကြွေးလျက် ရှေ့သို့တစ်ဟုန်တည်းပြေးလွှားချီတက်ကြကုန်သည်”” စသည်ဖြင့် သရုပ်ဖော် တင်ပြထားပေသည်။ ဤသို့မြန်မာများကိုသမိုင်းဖော်လျက် မော်ကွန်းတင်ခံရလောက်အောင် နိုင်ငံခြားသားများသံပြိုင်ကျူးရင့်ခဲ့ ပါသော်လည်း အင်္ဂလိပ်တို့က လက်နက်အရာ၊ စည်းကမ်းအရာ အသာရနေသဖြင့် ၁၈၅၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ကို  ခေတ်မီအမြောက်ကြီးများဖြင့် စတင်တိုက်ခိုက်သော ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင်လည်း မြန်မာများရှုံးပြီး အောက်မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ရပြန်သည်။ ၁၈၅၄ ခုနှစ်စစ်ပွဲအပြီးတွင် မြန်မာနိုင်ငံ တစ်ဝက်သည် လွတ်လပ်ရေးဆုံးရှုံးပြန်ပြီတည်း။ အင်္ဂလိပ်လက်အောက် ကျရောက်နေသော နယ်ပယ်များတွင် လက်နက်ကိုင် ပုန်ကန်မှုများ မကြာခဏ ဖြစ်ပွားနေသည်။ ပဲခူး၊ မော်လမြိုင်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နတ်ရှင်ရွေးဗိုလ်၊ ဗိုလ်သာပုံ၊ ဗိုလ်သာဦး၊ ဗိုလ်ကျော်ဇံလှနှင့် ဗိုလ်မြတ်ထွန်းတို့ လူသူစုဆောင်း၍ အင်္ဂလိပ်ကိုတော်လှန်ခဲ့သည်။ အောင်မြင်မှုကား မရခဲ့ပါလေ။     မြန်မာတို့အနေနှင့် တတိယစစ်ပွဲအတွက် ပြင်ဆင်ရန်အချိန်ရခဲ့သော်လည်း နန်းတွင်းရေး ရှုပ်ထွေးနေသဖြင့် အခွင့်မသာခဲ့ပေ။ သို့နှင့် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်ပွားရပြန်သည်။ တတိယစစ်ပွဲသည် ပထမစစ်ပွဲနှင့်ဒုတိယစစ်ပွဲလောက် မကြာမြင့်ခဲ့ပါ။  လော့ဒ်ဒပ်ဖရင်သည်  ၁၈၈၅   ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် နောက်ဆုံးပိတ်ရာဇသံ ပေးပြီးနောက် မြန်မာတို့နန်းတွင်း၌ စစ်ဖြစ်ရေး၊ မဖြစ်ရေး အငြင်းပွားနေစဉ် အလစ်အငိုက်၌သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လခန့်သာကြာမြင့်ခဲ့သည်။ ယင်းဖြစ်ရပ်များကား မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံး သွားရပုံဖြစ်သည်။ မြန်မာတို့သည် လှေခွက်ချည်းကျန် အလံမလှဲစတမ်း စိတ်ဓာတ်ဖြင့် လွတ်လပ်ရေး ဆုံးရှုံးစဉ်ကစ၍ ကြိုးစားခဲ့သည်ဟု မြန်မာ့သမိုင်းအဆိုရှိသည်။ ၁၈၉၄ ခုနှစ်မှ ၁၉၂၀ ပြည့်နှစ်ကာလအတွင်း ထိုအဆိုအတိုင်း  မြန်မာတို့နိုင်ငံရေး နိုးကြားမှုအတွက် အရှိန်ယူခဲ့ကြရသည်။ လက်နက်ကိုင် တော်လှန်ရေးများ ချုပ်ငြိမ်းသွားပြီဖြစ်သော်လည်း မြန်မာတို့သည် လွတ်လပ်ရေးအတွက် လက်လျှော့ခြင်းမရှိခဲ့ပေ။ ဤကာလတွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံတစ်ခုလုံးအား တိုက်ခိုက်သိမ်းပိုက်ရန်   နှစ်ပေါင်း  ၁၀၀   ခန့်ကြိုးစားခဲ့ရပြီး လက်နက်ကိုင်တိုက်ပွဲကို ၁၈၂၄  ခုနှစ်တွင်စတင်ခဲ့ရာ ၁၈၈၆ ခုနှစ်အထိကြာမြင့်ခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့သည် မြန်မာနိုင်ငံအား တစ်ချိန်တည်းတွင် သိမ်းယူနိုင်ခဲ့သည်မဟုတ်။ ပထမစစ်ပွဲမှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်မှသာ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် လက်နက်ကိုင်တော်လှန်ရေး သမားများအား ၁၀ နှစ်ကြာမျှ နှိမ်နင်းခဲ့ရသေးသည်။ ဗြိတိသျှကိုလိုနီအစိုးရသည် မြန်မာတို့၏ ဇွဲသတ်္တိ၊ မျိုးချစ်စိတ်၊ သူ့ကျွန်မခံလိုသောစိတ်ဓာတ်များကို သိရှိသည့်အလျောက် မြန်မာနိုင်ငံအား ကြာမြင့်စွာအုပ်ချုပ်ထားနိုင်ရန် နည်းမျိုးစုံသုံးကြိုးပမ်းခဲ့သေးသည်။ မြန်မာတို့၏ စိတ်ဓာတ်ကြောင့်   မအောင်မြင်ခဲ့ချေ။   ပထမကမ္ဘာစစ်ကြီး အပြီးလောက်မှ အစပြု၍ စစ်သားစုဆောင်းရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သော မေဂျာ-အင်န်ရက်ကေးက မြန်မာများအကြောင်း ““ဗမာ့စစ်စိတ် စစ်သွေး””ဟူသောခေါင်းစဉ်ပါ ““ဗမာလူမျိုးများအကြောင်း””စာအုပ်တွင် ““ဗမာများကား ထိုးထွင်းတီထွင်ဉဏ်နှင့် အထူးပြည့်စုံသူများဖြစ်ကြသည်။ေ ခါင်းဆောင်မှုကိုလည်း ခဏချက်ချင်းဆိုသလိုပင် ရယူနိုင်ကြသည်။ အမျိုးကိုချစ်သောစိတ်၊ တိုင်းပြည်ကိုချစ်သော စိတ်တို့မူကား အတိုင်းအဆမရှိ လျှမ်းလျက်-ပြွမ်းလျက်သာရှိစေသည်။ စစ်သည်တော်များအနေနှင့်သော် အလုပ်ကို စူးစူးစိုက်စိုက် လေးလေးစားစား လုပ်တတ်၍ ဗုံးကြဲခြင်း၊ လူးဝစ်စက်သေနတ်ပစ်ခတ်ခြင်းနှင့် အချက်ပြဆက်သွယ်ခြင်း အစရှိသည့် စက်မှုလက်မှုနှင့် ဆိုင်ရာပညာရပ်တို့တွင် တစ်ပါးသူတို့ထက် သာလွန်ထူးချွန်သည်””ဟု သုံးသပ်ထားသည်။ စစ်သည်တော်များသာမက အင်္ဂလိပ်တို့က သူခိုးဓားပြဟုကင်ပွန်းတပ်ထားသော ဗိုလ်မြတ်ထွန်းနှင့် ရှိမ္မကားမှ ဗိုလ်ရိုင်းတို့အပြင် ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်ကြသော တော်လှန်ရေးသမားများတွင်လည်း သူရသတ်္တိ အပြည့်ရှိကြောင်းတွေ့နိုင်သည်။ ပုဂံမှ ဗိုလ်ချို၊ ပုပ်္ပါးမှ ဗိုလ်နက်ကျော်၊ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ ရွှေဘိုမှ ထိပ်တင်မှတ်၊ ကျောက်ဆည်မှ ဗိုလ်သာကျန်၊ ဆင်ဖြူကျွန်းမှ ဦးဥတ်္တမ၊ ၀ဲလောင်မှ  ဗိုလ်ရာညွန့်၊ ကျွန်းခင်းကြီးမှ ဗိုလ်လှကျော်၊ မင်းတုန်းမှ ဗိုလ်ရွဲ၊ ဇီးပင်ကြီးမှ မြင်စိုင်းမင်းသား၊ နတ်မောက်မှ ဗိုလ်မင်းရောင် စသော တော်လှန်ရေး ခေါင်းဆောင်ကြီးများသည် သူတို့၏ သတ်္တိသွေးကြောင့်ပင် လွတ်လပ်ရေးမီးရှူး တန်ဆောင်ကြီးများ ဖြစ်ကြရသည်။ ၁၉၀၆ ခုနှစ်တွင် မျိုးချစ်စိတ်ဓာတ်နှင့်စည်းရုံးမှု၊ စည်းလုံးမှုတို့ကို ငယ်ငယ်နှောင်းနှောင်း သေးသေးဖွဲဖွဲ အခြေအနေမှ တစ်စတစ်စအားဖြင့်  ကြီးမားကြံ့ခိုင် လှသော အဆောက်အအုံကြီးတစ်ခုဖြစ်လာလေအောင် လှုံ့ဆော်ပို့ဆောင်ပေးသည့် ၀ိုင်-အမ်-ဘီ-အေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဝင်အပေါင်း၏ အမျိုးသားရေး စိတ်ဓာတ်သည်လည်း လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရေသောက်မြစ်သဖွယ် အဓိကကျခဲ့သည်။ ထို့ပြင်ပထမကျောင်းသား သပိတ်၊ ဒုတိယကျောင်းသား သပိတ်၊ တတိယကျောင်းသား သပိတ်၊ ၁၉၃၀ ပြည့်နှစ် (၁၃၀၀ ပြည့်နှစ်) ဆရာစံတော်လှန်ရေးကြီးတို့တွင်လည်း မြန်မာ့သတ်္တိ၊ မြန်မာ့မျိုးချစ်စိတ်သည် ဤမျှထက်သန်ပါတကားဟု သြချယူရ လောက်အောင် ပြင်းထန်ပါသည်။ အလားတူ တို့ဗမာအစည်းအရုံးက ဖြန့်ဝေလိုက်သည့်““ဗမာပြည်သည် တို့ပြည်၊  ဗမာစာသည်တို့စာ၊ ဗမာစကားသည်တို့စကား၊ တို့ပြည်ကိုချစ်ပါ၊  တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ””ဟူသောတိုက်တွန်းချက် စာတန်းနှင့် ၀ိုင်အမ်ဘီ(ဆရာတင်)သခင်တင်၏ ““တို့ဗမာသီချင်း””က   လှုံ့ဆော်ပေးမှု စသည်တို့ကြောင့်လည်း မြန်မာများသည် အခါတစ်ပါးထက် နယ်ချဲ့များကို ဆန့်ကျင်လိုစိတ်၊ နယ်ချဲ့တို့လက်မှ ကင်းလွတ်လိုစိတ် များပိုမိုပြင်းထန်လာကြကုန်သည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်ကာလတွင် ရဲဘော်သုံးကျိပ်နှင့်ဘီအိုင်အေ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေး စီမံကိန်း ရေးဆွဲမှု၊ ဘီအိုင်အေကိုဖျက်သိမ်း၍ အသစ်ဖွဲ့စည်းလိုက်သော ဘီဒီအေ ခေါ် ဗမာ့ကာကွယ်ရေး တပ်မတော်၊ ထိုမှပြောင်းလဲခေါ်ဝေါ်သော ဗမာ့တပ်မတော် စသည်တို့၏ စစ်ရေးလှုပ်ရှားမှုများတွင်လည်း တိုင်းပြည်ကို အသက်အပ်နှင်းလောက်အောင် ထက်မြက်ရဲရင့်သည့် မြန်မာတိုင်းရင်းသားများ၏ ဇာတိချစ်စိတ်သည် လယ်ပြင်တွင် ဆင်သွားသကဲ့သို့ အထင်းသားပေါ်လွင်လျက် ရှိပါသည်။          

ပါမောက်္ခခိုင်ခိုင်ရီ

Read 47 times
Rate this item
(0 votes)
Last modified on Saturday, 04 January 2020 13:50