SJ WorldNews - шаблон joomla Авто

မင်းကွန်းရှိ သက်တမ်းရာကျော် ဘိုးဘွားရိပ်သာ

Tuesday, 21 January 2020 10:00 Written by  font size decrease font size decrease font size increase font size increase font size

မင်းကွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၌ ပါဝင်ပြီး  စစ်ကိုင်းမြို့မှ ၁၃ မိုင်အကွာ၌ တည်ရှိသည်။ ဧရာဝတီမြစ်နှင့် တောင်စွယ်တောင်တန်းတို့ ခြံရံလျက်ရှိပြီး    ဘုရားကျောင်းကန် အများအပြားရှိသည်။

မင်းကွန်း၌  နေ့စဉ် ပြည်တွင်းပြည်ပမှ လာရောက်လေ့လာ လည်ပတ်သူ၊   ဗုဒ္ဓဘာသာဝင် ဘုရားဖူးသူတို့ဖြင့်  စည်ကားလှသည်။ မင်းကွန်း၌  လေ့လာလည်ပတ်စရာ များစွာရှိသည်။

ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး၊ ခြင်္သေ့ရုပ်ကြီး၊ မြသိန်းတန်စေတီ၊ ဗောဓိဝိုင်းဘုရား၊ ပါဒနက်သန် စက်တော်ရာစေတီ၊  မင်းကွန်းဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ၊ မင်းကွန်းဆရာတော်ကြီး၏ ကြေးသားရုပ်တု ဗိမာန်တော်၊ မင်းကွန်းဆရာတော်ကြီး သီတင်းသုံးခဲ့ရာ  ဓမ္မနာဒကျောင်းတိုက်၊ ယင်းကျောင်းတိုက် ပရိဝုဏ်အတွင်းမှ မဟာဗုဒ္ဓ၀င်မင်းကွန်းထေရ်အရှင်    ကျမ်းပြုကျောင်းတော်ကြီး ပြတိုက်၊ ဆရာတော်ကြီး သက်တော်ရာပြည့် အထိမ်းအမှတ် မင်းကွန်းတိပိဋက ရာပြည့်ကျောင်းတော်၊  မိုးမိတ်ကုန်းမြေမှ မိုးမိတ်စေတီ၊ တိပိဋကနိကာယ ကျောင်းတိုက်၊ မင်းကွန်းတိပိဋကဓရ လွမ်းစေတီ၊  မင်းကွန်းဆရာတော်ကြီး ထေရုပ္ပတိ္တပြတိုက်၊ မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓ၀င် ကျမ်းစာများကို   ပြန်လည်ရေးထိုးထားသည့်  ကျောက်စာများနှင့်  တခြားကျောက်စာများ၊ ပိဋကတ်စေတီစသည်ဖြင့် လေ့လာဖူးမြော်နိုင်စရာ စုံလင်လှသည်။

ထိုအထဲက မင်းကွန်းဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာသည် ရှေးဘုရင်များ လက်ထက်က တည်ဆောက်ခဲ့သည် မဟုတ်သော်လည်း သက်တမ်းမှာ   နှစ်ပေါင်း ၁၀၀ ကျော်ရှိလာပြီဖြစ်သည်။ မင်းကွန်းဘိုးဘွားရိပ်သာကို မြန်မာသက်္ကရာဇ် ၁၂၇၆ ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက်က  စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သောကြောင့် ယခုအခါ သက်တမ်း ၁၀၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

မင်းကွန်းဘိုးဘွား ရိပ်သာသည် မင်းကွန်းခေါင်းလောင်းကြီးနှင့် မျက်နှာချင်းဆိုင်၌ ရှိသည်။   ဘိုးဘွားရိပ်သာ၏   အနောက်ဘက်သည် မင်းကွန်း၏ အဓိကလမ်းမနှင့် အရှေ့ဘက်၌ ဧရာဝတီမြစ်ရှိသည်။

မင်းကွန်းဘိုးဘွားရိပ်သာကို    တည်ထောင်သူမှာ ဒေါ်ဦးဇွန်းဖြစ်သည်။ ဒေါ်ဦးဇွန်း၏ ဖခင်မှာ  ပိုးထည်၊  ချည်ထည်များ အရောင်းအ၀ယ် လုပ်သည့်  ကုန်သည်ဖြစ်ပြီး ကြွယ်ဝချမ်းသာသည်။

ဒေါ်ဦးဇွန်းသည်   တစ်ဦးတည်းသော သမီးဖြစ်ကာ   ရုပ်ရည်အဆင်း လှပတင့် တယ်ပြီး   စိတ်သဘောထား မွန်မြတ်သူဖြစ်သည်။  ရက်ရက်ရောရော  လှူဒါန်း ပေးကမ်းတတ်သည်။ မိဘများကွယ်လွန်ချိန်တွင် ပိုးကုန်သည် လုပ်ငန်းကိုပင် ဆက်လက်လုပ်ဆောင်ရာ     စီးပွားဥစ္စာများ  မဆုတ်ယုတ်သည့်အပြင်   ပိုမို၍ တိုးတက်လာသည်။   မိဘများ၏  အမွေများကိုလည်း  ရရှိထားသေးသည်။  နောင်တွင် ထိုစီးပွားဥစ္စာ၊ အမွေအနှစ်များဖြင့် ဘိုးဘွားရိပ်သာများကို စတင် တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်ဦးဇွန်းသည်   မိဘနှစ်ပါး ကွယ်လွန်ပြီးနောက် ရန်ကုန်မြို့သို့  ဘုရားဖူးသွားသည်။ ရန်ကုန်၌ ပြင်သစ်ခရစ်ယာန် သီလရှင်များ လူအိုရုံသို့  ၀င်ရောက်လေ့လာဖြစ်ခဲ့ရာ ထိုလူအိုရုံ၌ ခရစ်ယာန် သီလရှင်များက ခိုကိုးရာမဲ့ ဘိုးဘွားများအား ကောင်းမွန်စွာ ကျွေးမွေးပြုစု စောင့်ရှောက်ထားသည်ကို တွေ့မြင်လိုက်ရသည်။

ဤသို့တွေ့မြင်လိုက်ရသည့် ဒေါ်ဦးဇွန်း၏စိတ်၌ အတွေးတစ်ခုဝင်မိသည်။ ယင်းမှာ  ခိုကိုးရာမဲ့များအား  ကျွေးမွေးစောင့်ရှောက်ခြင်းသည် မြတ်သောအမှု၊  မြတ်သော ဒါနဖြစ်ကြောင်းနှင့်    ခရစ်ယာန် သာသနာပြုမှုတို့နည်းတူ ဗုဒ္ဓဘာသာမြန်မာများသည်လည်း ထိုလုပ်ငန်းမျိုး လုပ်ဆောင်သင့်ကြောင်း အတွေးပင်ဖြစ်သည်။ ဒေါ်ဦးဇွန်းသည်   ဤသို့ တွေးမိပြီးသည့်နောက်တွင်   ထိုလုပ်ငန်းမျိုးကို  မိမိကပင် စတင် ဦးဆောင်လုပ်ကိုင်ကာ ကွယ်လွန်သူ မိဘနှစ်ပါးကိုယ်စား   ခိုကိုးရာမဲ့ ဘိုးဘွားများကို  ပြုစုစောင့်ရှောက်ခြင်းဖြင့်  စိတ်ချမ်းသာမှု ရှာတော့မည်ဟု ဆုံးဖြတ်ကာ မင်းကွန်းလူအိုရုံကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဒေါ်ဦးဇွန်းသည်  အရိယမဂ္ဂင်ဆရာတော်ကြီး၏  အကြံဉာဏ်နှင့်  သီလရှင် ဆရာကြီး ဒေါ်ဥတ္တမစာရီ၏ အကူအညီယူပြီးနောက်   ထန်းလက်တဲ သုံးလုံးတည်ဆောက်ကာ မင်းကွန်းလူအိုရုံအဖြစ် စတင်တည်ထောင်သည်။ အသက်  ၉၅ နှစ်ရှိ ဘိုးဆင့်၊ အသက် ၉၈ နှစ်ရှိ ဘွားစိုးနှင့် အသက်  ၈၅  နှစ်ရှိ  ဘွားမယ်တို့သည် မင်းကွန်းလူအိုရုံ၏ ပထမဆုံး လာရောက် ခုံလှုံသူ ဘိုးဘွားများဖြစ်သည်။

ဒေါ်ဦးဇွန်းသည် ထိုဘိုးဘွားသုံးဦးကို အဖော်မိန်းကလေး တစ်ဦးနှင့်အတူ  ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်၊လျှော်ဖွပ်ကာ ကျွေးမွေးပြုစု စောင့်ရှောက်သည်။ နောက်ပိုင်းတွင် မင်းကွန်းလူအိုရုံသို့ ဒေါ်ဥတ္တမစာရီ၏ သား  ရန်ကုန်မြို့နေ  ဦးဘကြန်း နှင့် မန္တလေးမြို့နေ ဘီအိုင်အေ ဦးမောင်ကြီးတို့ ရောက်ရှိလာပြီး ဒေါ်ဦးဇွန်း၏ လူအိုရုံ လုပ်ငန်းများကို အားတက်သရော ကူညီလုပ်ကိုင် ပေးကြသည်။

မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံကို သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ၁၉၉၈  ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှစ၍  မင်းကွန်းဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။    မင်းကွန်းဘိုးဘွားရိပ်သာ သက်တမ်းတစ်လျှောက် လက်ခံစောင့်ရှောက်ခဲ့သည့် ဘိုးဘွား များထဲတွင် ဘွားဦးဇွန်းရှိစဉ်က ၀ါးခယ်မမြို့အပိုင်  စပါးရိုးရွာမှ လာရောက်နေထိုင်သူ ဘိုးစံရာက အသက် ၁၃၉ နှစ်ဖြင့် အသက်အကြီးဆုံး ဖြစ်ပြီး ဘွားဦးဇွန်း မရှိတော့သည့်အချိန် ဘီအိုင်အေဦးမောင်ကြီး ဦးစီးဆောင်ရွက်နေစဉ်က ကံကြီးတောင်ရွာမှ လာရောက်နေထိုင်သူ  အသက်  ၁၁၃  နှစ်ရှိ  ဘိုးရဲက ဒုတိယ အသက်အကြီးဆုံးဖြစ်ခဲ့သည်။ ယခု သက်တမ်း ၁၀၅ နှစ်ပြည့်မြောက်ပြီးသည့် အချိန်တွင် ဘိုးဘွားရိပ်သာအတွင်း  ဓမ္မာရုံ၊ ဆေးပေးခန်း၊ စာဖတ်ခန်း၊ စားသောက်ဆောင်၊ ရာပြည့်ဆောင် စသည့် တိုက်တာအဆောက်အအုံများဖြင့်  ပြည့်နှက်နေပြီဖြစ်သည်။

ဘိုးဘွားများကို   ကျွေးမွေး လှူဒါန်းလိုပါက  တစ်ရက်စာ ငွေကျပ် ၁၇၀၀၀၀ သတ်မှတ်ထားပြီး အသားဟင်း နှစ်မျိုးကို အရံဟင်းများဖြင့် နေ့စဉ်နံနက်ည ချက်ပြုတ် ကျွေးမွေးပေးသည်။  မိမိတို့ လှူဒါန်းမှုတွင် ဧည့်သည်များကို   ဖိတ်ကြား ကျွေးမွေးလိုပါက တစ်ဦးလျှင် ငွေကျပ် ၁၅၀၀ နှုန်း ထပ်ဆောင်းပေးကာ   ဧည့်ခံနိုင်သည်။  ထို့အတူ  သံဃာတော်များအား ဆွမ်းကပ် လိုပါက  သံဃာတစ်ပါးအတွက်   ငွေကျပ်  ၂၀၀၀ ဖြင့် ကပ်လှူနိုင်သည်။

ဒေါ်ဦးဇွန်းသည်   မင်းကွန်းဘိုးဘွား ရိပ်သာအပြင် သထုံ၊ ပေါင်းတည်၊ ရန်ကုန်နှင့် ပခုက္ကူမြို့တို့၌လည်း ဘိုးဘွားရိပ်သာများ တည်ဆောက် လှူဒါန်းခဲ့သည်။ မိမိရှာဖွေ စုဆောင်းထားသော  ပစ္စည်းဥစ္စာများဖြင့် ဘိုးဘွားရိပ်သာ ငါးခု တည်ထောင်ခဲ့သော ဒေါ်ဦးဇွန်းအား နိုင်ငံတော်က  TPS-Taing Kyo Pyi Kyo Saung (တိုင်းကျိုးပြည် ကျိုးဆောင်-တီပီအက်စ်)ဘွဲ့ကို  ချီးမြှင့်ခဲ့သည်။

ဒေါ်ဦးဇွန်းသည် အသက် ၆၀ ပြည့်ချိန်တွင် ပေါင်းတည် ဘိုးဘွားရိပ်သာ၌ ဘွားသုမာလာဘွဲ့ဖြင့်  သီလရှင်ဘ၀သို့ကူးပြောင်းသည်။ ဘွားသုမာလာ အသက် ၇၆ နှစ်အရွယ် ၁၉၄၄ ခုနှစ် မေ ၁၁ ရက်တွင် မင်းကွန်းဘိုးဘွားရိပ်သာ၌  ကွယ်လွန်ခဲ့သည်။ မင်းကွန်းဘိုးဘွား ရိပ်သာအတွင်းရှိ   ဒေါ်ဦးဇွန်းရုပ်တု၌   ဒေါ်ဦးဇွန်းအား သာသနာ့ အာဇာနည်ကြီးဟု ကမ္ပည်းတင် မော်ကွန်းရေးထိုးထားသည်။

ဒေါ်ဦးဇွန်း တည်ထောင်လှူဒါန်းခဲ့သော မင်းကွန်း ဘိုးဘွားရိပ်သာသည် မင်းကွန်းမှ ဘုရားပုထိုးများ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ၊ သာသနိက အဆောက်အအုံများနှင့် ပနံရကာ  လိုက်ဖက်တင့်တယ်လှပြီး မင်းကွန်း၏ အလှကိုလည်း  ပို၍ပြည့်စုံသွားစေသည်။ရပ်ဝေးရပ်နီးမှ အဘိုး၊  အဘွားများ  အေးချမ်းသက်သာစွာ  ခိုနားနိုင်သည့်အတွက် အလွန်ကျေးဇူးများလှသည်။ ထို့ပြင် မင်းကွန်းသည် နိုင်ငံခြား ခရီးသွားဧည့်သည်များ ၀င်ထွက်သွားလာနေသည့် အတွက်  ခိုကိုးရာမဲ့ ဘိုးဘွားများအပေါ် ထားရှိသည့်  မြန်မာတို့၏ မေတ်္တာ၊  ကရုဏာ၊  စေတနာတို့ကိုလည်း   ကမ္ဘာသို့ပြသခွင့်ရနေပြီဖြစ်ပါကြောင်း   ရေးသားတင်ပြလိုက်ပါသည်။   

ထွေထူးဆန်း(စစ်ကိုင်း)

Read 18 times
Rate this item
(0 votes)
Last modified on Tuesday, 21 January 2020 10:01

Latest from ကေတု