SJ WorldNews - шаблон joomla Авто

မူဝါဒအပြောင်းအလဲ များခဲ့သည့် ၂၀၁၉ ခုနှစ် မော်တော်ယာဉ်ဈေးကွက်နှင့် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် ဈေးကွက် အလားအလာ

Wednesday, 22 January 2020 12:38 Written by  font size decrease font size decrease font size increase font size increase font size

မော်တော်ယာဉ် အရောင်းအ၀ယ်ပြုလုပ်သူများသည် အစိုးရ၏ မူဝါဒအပြောင်းအလဲ  ပေါ်မူတည်၍ အရောင်းအ၀ယ် ပြုလုပ်နေကြခြင်းဖြစ်သည်။ ထို့ပြင် မူဝါဒအပြောင်းအလဲပေါ် မူတည်၍ မော်တော်ယာဉ် ဈေးနှုန်းများလည်း  လိုက်ပါ ပြောင်းလဲလျက် ရှိရာ  ၂၀၁၉  ခုနှစ်  မော်တော်ယာဉ် ဈေးကွက်ကို ပြန်လည်သုံးသပ်မည်ဆိုပါက မူဝါဒ အပြောင်းအလဲများစွာနှင့်  ရင်ဆိုင်ခဲ့ရပြီး    သိသိသာသာ အရောင်းအ၀ယ် အေးခဲ့ကြောင်း မော်တော်ယာဉ် ရောင်းဝယ် သူများက သုံးသပ်ထားသည်။

၂၀၁၉ ခုနှစ် နှစ်စပိုင်းက  ဂျပန်ညာ မောင်းယာဉ်များအစား   ယာဉ်အိုယာဉ် ဟောင်း အစီအစဉ်နှင့်   တစ်ဦးချင်း အစီအစဉ်တို့ဖြင့်  ၁၃၅၀   စီစီနှင့် အောက် အိမ်စီးကားများကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဘယ်မောင်း ယာဉ်များသာ တင်သွင်းရမည်ဆိုသည့် မူဝါဒ အပြောင်းအလဲဖြင့် စတင်ခဲ့သည်။

ရန်ကုန်မော်တော်ယာဉ် ဈေးကွက်တွင် လွန်ခဲ့သော နှစ်များကတည်းက ညာမောင်း ယာဉ်များကိုသာ အဓိကထား တင်သွင်း ရောင်းချအသုံးပြုခဲ့ကြောင်း၊ ညာမောင်း ယာဉ်အများစုသည် ဂျပန်နိုင်ငံထုတ် ယာဉ်များဖြစ်ကာ    ဈေးနှုန်းသက်သာခြင်း၊ အကြမ်းခံခြင်း၊ ယာဉ်အပိုပစ္စည်း ၀ယ်ယူရန် လွယ်ကူခြင်းတို့ကြောင့် လူကြိုက်များလာကာ အသုံးများလာသည်။

ထိုသို့ ဂျပန်ညာမောင်း တစ်ပတ်ရစ်ယာဉ်များသည် ယာဉ်ရောင်းဝယ်ရေး စခန်းများ၊ မော်တော်ယာဉ်  အရောင်းစင်တာများ၊   မော်တော်ယာဉ်ပြုပြင်ရေး နေရာများနှင့် အသုံးပြုသူများကြားတွင် လွှမ်းမိုးလာပြီး  ရုတ်တရက် မူဝါဒ ပြောင်းလဲခြင်းကြောင့် မော်တော်ယာဉ်ဈေးကွက်အပေါ် အကျိုးသက်ရောက်မှု ကြီးမားခဲ့သည်။

ဘယ်မောင်းယာဉ် အများစုသည် ကိုရီးယားနိုင်ငံထုတ် ယာဉ်များဖြစ်ပြီး  ကြံ့ခိုင်မှု အားနည်းခြင်း၊ အပိုပစ္စည်းရှားပါးခြင်းတို့ကြောင့် မတင်သွင်းလိုခြင်းဖြစ်သည်။  ထိုအခြေအနေကြောင့် ပြည်ပမှ ယာဉ်တင်သွင်းမှု သိသာစွာနည်းလာပြီး မော်တော်ယာဉ် လိုအပ်သူများက ရန်ကုန်လိုင်စင် ရရှိသော ဈေးအတက်အကျမရှိသည့်   ပြည်တွင်းထုတ် SKD Brand New ယာဉ်များကို စိတ်ဝင်စားလာခြင်းကြောင့် တစ်ပတ်ရစ် မော်တော်ယာဉ် ဈေးကွက်ကို  ထိခိုက်လာသည်။

ထို့ပြင် ၁၉၉၉ မှ ၂၀၀၃ မော်ဒယ်ထုတ် ဘတ်စကားများ အပ်နှံခွင့်ပေးပြီး အိမ်စီးကား တင်သွင်းခွင့်ရသည့် စလစ်ထုတ်ပေးခြင်းကြောင့် မော်တော်ယာဉ် တင်သွင်းနိုင်သည့် စလစ်ဈေးနှုန်းများလည်း  ကျဆင်းလာသည်။

ယင်းကဲ့သို့ စလစ်ဈေးနှုန်းများ ကျဆင်းလာ၍မော်တော်ယာဉ် ဈေးနှုန်းများ အတက်အကျ   ပြောင်းနိုင်ဖွယ်ရှိသောကြောင့် ၀ယ်ယူသူများ စောင့်ဆိုင်းသည့် အနေအထားသို့ ရောက်ရှိကာ မော်တော် ယာဉ်ဈေးကွက် အေးလာသည်။

““၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ မူဝါဒအမျိုးမျိုး ထွက်တယ်။ ဆက်တိုက်ဆိုသလို ဟောင်းနွမ်းတဲ့ YBS တွေအပ်တဲ့အခါ စလစ်ပေးလိုက်တော့  စလစ်ဈေးတွေကျပြီး ဈေးကွက်ကို ရိုက်ခတ်သွားတယ်။ Brand New ယာဉ်တွေကို အခွန်လျှော့လိုက်တော့ Brand New ယာဉ်တွေပဲ အ၀ယ်လိုက်ပြီး တစ်ပတ်ရစ်ကား ဈေးကွက် သိသိသာသာ ကျသွားတယ်။ အောက်တိုဘာလထဲမှာပဲ  ဖောက်စွပ်ကိစ္စ၊  အမည်ပြောင်းကိစ္စတွေ မူဝါဒ ထပ်ထွက်တော့ မော်တော်ယာဉ်ဈေးကွက် သိသိသာသာ ကျဆင်းသွားတယ်”” ဟု  တစ်ပိုင်တစ်နိုင် ယာဉ်အမျိုးမျိုး  အရောင်းအ၀ယ် ပြုလုပ်နေသူ ဦးမင်းစိုး ကပြောသည်။

မော်တော်ယာဉ်ဈေးကွက်ကို   ထပ်မံထိခိုက်စေသည့် Brand New ယာဉ်များကို အခွန်လျှော့ပေးခြင်း၊ ဖောက်စွပ်ယာဉ်များကို   နိုင်ငံတော်ပိုင် သိမ်းဆည်းခြင်း၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န)မှ ယာဉ်နှင့် ယာဉ်ပိုင်ရှင်ထပ်တူကျစေရန်  မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများ (ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲ သက်တမ်းတိုးခြင်း၊ ယာဉ် မှန်၊ မမှန် စစ်ဆေးခြင်း၊ နယ်ဝင်၊  နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ မှတ်ပုံတင် အထောက်အထား ပျောက်ဆုံးခြင်း)  ဆောင်ရွက်ပါက ယာဉ်ပိုင်ရှင် ကိုယ်တိုင် သို့မဟုတ်အမည်ပေါက် ပိုင်ရှင်၏   နိုင်ငံသားစိစစ်ရေး ကတ်မူရင်း၊    အိမ်ထောင်စုစာရင်း မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီး တင်ပြနိုင်ခြင်း မရှိပါက ပြည်တွင်းအခွန်များ ဦးစီးဌာန၌ ၀င်ငွေခွန် ပေးဆောင်ရကာ လက်ဝယ်ပိုင်ဆိုင်သူ၏ အမည်သို့ပြောင်းရမည်  စသည်ဖြင့်  မူဝါဒများ ဆက်တိုက် ထွက်ပေါ်ခဲ့သည်။

ယင်းတို့အနက် ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ အမည်ပြောင်းခွန် ပေးဆောင်ရမည်ကို စိုးရိမ်သဖြင့် ယင်းမတိုင်မီ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကပင် က.ည.နရုံးများ၌   အမည်ပြောင်းခွန် ဆောင်ရန် ပြုလုပ်ခဲ့ကြသည်။

““၂၀၁၉ ခုနှစ် မော်တော်ယာဉ်ဈေးကွက်မှာ ဖောက်စွပ်ပြဿနာက အခက်အခဲတစ်ခု ဖြစ်လာတယ်။ နိုင်ငံတော်က ဖောက်စွပ်ကားတွေတွေ့ရင် သိမ်းမယ်ဆိုလို့ ကားဝယ်မယ်ဆိုရင်  မှန်၊ မမှန် စစ်ဆေးပြီးမှ  ၀ယ်လာကြတယ်။ ဖောက်စွပ်ကားနဲ့တွေ့မှာ ကြောက်လို့ တစ်ပတ်ရစ်ကားတွေကို ၀ယ်ယူမှုနည်းလာတယ်။  ဒါပေမဲ့   ဖောက်စွပ်နဲ့ သိမ်းတဲ့ ကားတွေကို နိုင်ငံတော်က စလစ်ပြန်ပေးတဲ့ အတွက် ထိခိုက်နစ်နာမှုတွေ  သက်သာခဲ့တယ်။ နောက်တစ်ချက်က  သက်တမ်းတိုးတာကို ကိုယ့်နာမည်မဟုတ်ရင်  အခွန် ၃ ရာခိုင်နှုန်းဆောင်စေတာက  ထိခိုက်မှုရှိတယ်။ ၂၀၁၉ ခုနှစ်မှာ မော်တော်ယာဉ်နဲ့ ပတ်သက်ပြီး   ဒေသန္တရ ဥပဒေတွေ ထုတ်ပြန်မှုများတဲ့အတွက် ဈေးကွက်အေးလာတယ်”” ဟု မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်း ကပြောသည်။

ထိုမျှနှင့် မရပ်တန့်သေးဘဲ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းအထိ မော်တော်ယာဉ်ဈေးကွက် အတွင်း သိသာသည့် ရိုက်ခတ်မှုတစ်ခု ထပ်မံဖြစ်ပေါ်ခဲ့သည်။ ယင်းမှာ လုပ်သက် ၂၅ နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများအား အခွန်သက်သာခွင့်ဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။ ယင်းအစီအစဉ်တွင်  ပထမအဆင့် အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက် နိုင်ငံ့ဝန်ထမ်းများ၊ဒုတိယအဆင့် အနေဖြင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက်၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ၀န်ထမ်းများအား တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ ယင်းအစီအစဉ်ကြောင့် မော်တော်ယာဉ်ဈေးကွက် ကျဆင်းမည်ကို မော်တော်ယာဉ် ရောင်းဝယ်သူများက  စိုးရိမ်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ သတ်မှတ်ချက်များမှာလည်း ဘယ်မောင်းယာဉ်များသာဖြစ်ခြင်းကြောင့် ဘယ်မောင်းယာဉ်သစ် ဈေးကွက် ရှေ့ဆက် တိုးတက်လာနိုင်ပြီးပြည်တွင်း၌   တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် Brand New ယာဉ်များလည်း ၀င်ရောက်နိုင်သည့်အတွက် ၀ယ်ယူသူများ ရွေးချယ်စရာ များလာနိုင်သည်။  သို့သော် လူကြိုက်များသည့် ယခင်ညာမောင်းယာဉ်များသာ   ဆက်လက်တင်သွင်းခွင့်ပြုရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။

နှစ်တစ်နှစ်၏ အစဖြစ်၍ နိုင်ငံတော်၏ မူဝါဒအပြောင်းအလဲနှင့် အခွန်သက်သာခွင့်ဖြင့် ယာဉ်တင်သွင်းခွင့်အပေါ် မော်တော်ယာဉ် ၀ယ်ယူမည့်သူများက စောင့်ကြည့်နေကြရာ ဈေးကွက်အကြိုက် နံပါတ်ထွက်ပြီးသား ယာဉ်များလည်း   အရောင်းအ၀ယ်အေးသွားပြီး ပြည်တွင်းထုတ်ယာဉ်များနှင့် Brand New ယာဉ်များလည်း အရောင်းအ၀ယ် အေးလာသည်။

လက်ရှိ မော်တော်ယာဉ်ဈေးကွက်မှာ ခန့်မှန်းရခက်နေပြီး ယခင်က ငွေကျပ် သိန်း ၄၅၀ ဖြင့် ၀ယ်ယူထားသည့် မော်တော်ယာဉ်များကို ယခု  ငွေကျပ် သိန်း ၄၀၀ ခန့်ဖြင့်ပင် ၀ယ်ယူမည့်သူ မရှိတော့ဘဲ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းအထိ ယခုပုံစံဖြင့်သာ     မော်တော်ယာဉ်ဈေး ဦးမော့လာနိုင်ဖွယ် မရှိကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူများက    သုံးသပ်သည်။                  

အေးချမ်းကိုကို

Read 22 times
Rate this item
(0 votes)
Last modified on Wednesday, 22 January 2020 12:39