SJ WorldNews - шаблон joomla Авто

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်မှ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် ရှေးဟောင်း အမွေအနှစ် စည်တော်ကြီး

Thursday, 23 January 2020 11:04 Written by  font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး   မင်းလှမြို့နယ် သရက်တစ်ပင် ကျေးရွာအုပ်စု ဂွေးတောက် ကုန်းကျေးရွာနှင့်    ထောက်ကြန့်ကွင်း ကျေးရွာကြားရှိ    ရတနာ့ဗိမာန် ကျောင်းတိုက်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် အောင်စည်တော်ကြီးကို  ထိန်းသိမ်းထားသည့် ကျောင်းတိုက်ဖြစ်သည်။

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာရပ်တွင်  စည်တော်လည်း ပါဝင်ပေသည်။ မြန်မာတို့၏ ဂီတအနုပညာရပ်သည်  ပျူခေတ်၊  ပုဂံခေတ်များကပင် ထွန်းကားနေခဲ့ပြီး ပျူခေတ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ယဉ်ကျေးမှုအဖွဲ့ အကြောင်းနှင့် ပုဂံခေတ်က ရေးဆွဲခဲ့သည့် နံရံဆေးရေး ပန်းချီများ အကြောင်းကို   လေ့လာမှတ်သားခဲ့ရသည်။ စည်ဆိုသည်မှာ အခေါင်းပါသော သစ်သား သို့မဟုတ် အလားတူ အခေါင်းပါ ပစ္စည်းများကို သားရေဖြင့်ပိတ်၍ သရေကြိုးဖြင့် စည်မျက်နှာပြင် တင်းအောင်ဆွဲရသည်။ တင်းအောင်   ထိုသရေမျက်နှာပြင်ကို လက်ဖြင့်ဖြစ်စေ၊ တုတ်၊ လက်ခတ်တို့ဖြင့် ဖြစ်စေ ရိုက်ပုတ်တီးခတ် အသံမြည်စေသော တူရိယာပစ္စည်းကို စည်ဟုခေါ်သည်။

လူသားတို့ စည်ကိုအသုံးပြုခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်သည်။ စည်တူရိယာ ၁၃ မျိုးရှိသည်။ ယင်းတို့မှာ စည်အုံ၊ စည်ဗြော၊ မုရိုးစည်၊ မြောက်စည်၊ စည်ပုတ်၊ စည်ဝန်း၊ စည်ဒိုး၊ စည်အိုင်၊ စည်ပတ်သာ (မုံသာ)၊  စည်ပန်းတောင်း၊   စည်ဒုံမင်း၊ တစ်ဖက်ပိတ်စည်နှင့်  စည်သံလွင်တို့ဖြစ်သည်။

ရှေးအခါက စည်တူရိယာကို တိရစ္ဆာန် အမျိုးမျိုးတို့၏သားရေဖြင့် ပြုလုပ်ခဲ့သော်လည်း ယခုအခါ နွားသားရေဖြင့် ပြုလုပ်ကြသည်။  ဗြောစည်၊ စည်တို၊ ပလုတ်တို့သည် မျက်နှာဝနှစ်ဖက် တီးခတ်နိုင်၍    မျက်နှာနှစ်ဖက်စလုံး၏  သားရေအထူအပါး တူညီသည်။ စည်များကို ပိတောက်၊ မြန်မာကုက်္ကို၊ ယမနေ၊  သရက်၊  မအူ၊ ပျဉ်းမ၊ လက်ပံ၊ တောင်မရိုး၊ သစ်ရာ၊ စံကား၊ သပြေ၊ နုရွဲ၊ ပေါက်၊ ဒီးဒူးနှင့် ပုန်းရည် စသည့်သစ်သားများဖြင့် ပြုလုပ်ကြသည်။

သားရေတူရိယာ(စည်၊ဗုံတို၊ဗုံရှည်)များကို ရှေးမြန်မာမင်းများ လက်ထက်ကပင် မြှောက်စား ခံရသူများအား သုံးစွဲတီးမှုတ်ခွင့် ပေးခဲ့သည်။ စည်တော်ကို ရှေးအခါက ဘုရင်များ   ညီလာခံ ထွက်တော်မူရာတွင် တီးခတ်ရပြီး ဗဟိုရ်စည်ကို  အချိန်နာရီအတွက် တီးခတ်ရကြောင်း လေ့လာမှတ်သား ခဲ့ဖူးသည်။   ရွမ်းစည်ကို ထီးသုံးနန်းသုံး အထွတ်အမြတ်ထား၍    သုံးခဲ့ကြသည်။

စည်တော်ရွမ်းသည့် အလေ့အထမှာ  ပုဂံခေတ်ကပင်ပြုလုပ်ခဲ့ကြောင်း လေ့လာသိရှိရသည်။

ယင်းကျောင်းတိုက်သို့ စာရေးသူငယ်စဉ်က မိဘနှစ်ပါး   ဥပုသ်စောင့်သွားတိုင်း ခေါ်သွားလေ့ရှိခဲ့သည်။ အကြောင်းကား ငယ်စဉ်ကပင်  ဗုဒ္ဓဘာသာ  ယဉ်ကျေးမှု အဆုံးအမများနှင့် ရင်းနှီးကျွမ်းဝင်စေလို၍ ဖြစ်သည်။ ကျွန်တော် အရွယ်ရောက်လာသည့်အခါ မိဘလက်ငုပ်လက်ရင်းဖြစ်သော လယ်လုပ်ငန်း၊ ကိုင်းလုပ်ငန်းများဖြင့် အချိန်ကုန်နေသည့် အတွက် ကျွန်တော်တို့  ရွာထောက်ကြန့်ကွင်း(အမ်)နှင့် မလှမ်းမကမ်းတွင် ရှိနေသည့် ရတနာ့ဗိမာန်ကျောင်းတိုက်ကို အရောက်နည်းခဲ့သည်။ စည်တော်ကြီး အကြောင်းကိုလည်း မေ့လျော့နေခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုအခါ  ဤကျောင်းတိုက်ကို မကြာခဏ    ဥပုသ်စောင့်ရောက်ခဲ့သည်။ သို့နှင့် စည်တော်ကြီးကိုလည်း ယခုနီးနီးကပ်ကပ် အမြဲတွေ့လာရသည်မို့ စူးစမ်းလေ့လာသိလိုစိတ်နှင့် ကျောင်းထိုင်ဆရာတော် ဦးနနိ္ဒယအား လျှောက်ထား မေးမြန်းဖြစ်ခဲ့ ပါတော့သည်။

““ဆရာတော်ကို ၀တ်ဖြည့်ပြီးနောက် စည်တော်၏ သက်တမ်းကို  မေးမြန်းလျှောက်ထားလိုက်ရာ   ကျောင်းထိုင်ဆရာတော်က ““ဒကာကြီး အဲဒီ စည်တော်ကြီးရဲ့ သက်တမ်းက နှစ် ၁၀၀ ကျော်သွားပြီ ””  ဟု အစပျိုး၍  ““စည်တော်ကြီး အကြောင်းမပြောခင်  ဒီကျောင်းတိုက်နဲ့ ပတ်သက်လို့   အရင်ရှင်းပြပါမယ်။ ဒီကျောင်းတိုက်ကို မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ်မှာ  ၀ိတိုရိယ ဘုရင်မကြီးရဲ့ သာသနာ့မြေခွင့်ပြုချက်နဲ့  ဒါယကာကြီး ဦးသာခို၊  ဒါယိကာမကြီး  ဒေါ်ပုတို့က ဆောက်လုပ် လှူဒါန်းခဲ့တာပါ။ အခု ၁၃၈၁ ခုနှစ်ဆိုတော့ နှစ်ပေါင်း ၁၂၈ နှစ်ရှိပါပြီ။ ပထမဆုံး ကျောင်းထိုင်ခဲ့တဲ့ ဆရာတော်က ဦးလုံးဖြစ်တယ် ဒကာကြီး။ မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်မှာ    ဆရာတော်ဦးမုနိန္ဒက ကျောင်းထိုင်ပါတယ်။   အဲဒီဆရာတော် လက်ထက်မှာပဲ  မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်မှာ    ဒီစည်တော်ကြီးကို ပြုလုပ်ဖို့ စတင်စီမံခဲ့တာပါ။ ထွင်းထုတဲ့ ပညာရှင်တွေကတော့  ဆရာတော်ဦးဥတ္တမနဲ့ ဘုန်းကြီးကျောင်းမှာရှိတဲ့ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ သစ်အမျိုးအစားက ယမနေသားပါ။ အရှည်က ရှစ်ပေ ခြောက်လက်မ၊  အ၀အကျယ်က လက်မ ၃၀ ရှိပါတယ်။ လုံးပတ် ကိုးပေရှိပါတယ်။ ဒီစည်တော်ကြီးကို ပြုလုပ်ဖို့  ဒကာကြီးတွေက  ဒီယမနေသစ်တုံးကို ကျောင်းအထိရောက်အောင်    ကျွဲတွေနဲ့ ဆွဲယူခဲ့ပြီး ဆရာတော် ဦးမုနိန္ဒက ဒကာကြီးတွေ၊ တပည့်တွေနဲ့စုပေါင်းပြီး  စည်ထွင်းကြတာပါ။  မင်းလှမြို့  အရှေ့ဘက်  မိုင် ၂၀ ခန့်ဝေးတဲ့ ဟိုင်းရူးကျေးရွာ အနီးမှာ ဒီသစ်တုံးကို တွေ့ခဲ့တာပါ။  အရင်းဘက်က တုံးဆွဲကျွဲတစ်ရှဉ်း၊ အဖျားဘက်က တုံးဆွဲကျွဲတစ်ရှဉ်း၊ အရန်ကျွဲသုံးရှဉ်းနဲ့ ဆွဲခဲ့ပါတယ်။ လမ်းမှာ  သုံးညလေးရက်ကြာပြီး ဒီကျောင်းကို ရောက်လာတာဖြစ်ပါတယ်။

ဒီကျောင်းရောက်တော့ ဆရာတော် ဦးမုနိန္ဒရဲ့ အစီအမံအတိုင်း ဆရာတော် ဦးဥတ္တမနဲ့ ကျောင်းသားတွေက ၀ိုင်းဝန်း လုပ်ဆောင်ခဲ့တာပါ    ဒကာကြီး။   စည်တော်ကြီးရဲ့ အတွင်းခေါင်းထဲမှာ လောကီလောကုတ္တရာ အစီအမံတွေ ရေးထွင်းထားပါတယ်။ အပ် ဖျားချစရာ အလွတ်မရှိအောင် စီမံဆောင်ရွက်ထားတယ်။ ထွင်းထုရေးသား ထားတာတွေကိုတော့  ဆရာတော်ကြီးက ဘယ်သူ့ကိုမှမပြောခဲ့ဘူး။ စည်တော်ကြီးကို တီးခတ် လိုက်ရင် စည်တော်ကြီးရဲ့အသံက တစ်မိုင် ပတ်လည်က ရွာတွေက ကြားရတယ်။ စည်သံကြားတဲ့ အရပ်က မကောင်းဆိုးဝါးမိစ္ဆာတွေ နေထိုင်လို့မရဘူး။  အလှူအတန်းပြု ရေစက်ချပြီးရင် အမျှဝေပြီး စည်တော်ကြီးကို  ကိုးချက်၊ ၁၁ ချက်စသည်ဖြင့် တီးခတ်လေ့ရှိတယ်လို့ သိရပါတယ်။ စည်တော်ကြီးကို သင်္ကန်းဟောင်းကို ကြိုးကျစ်ပြီး ဘုသီးထအောင် ထုံးထားတဲ့ ဘုထုံးနဲ့ လွှဲရိုက်တီးခတ်ရတာပါ။ နောက် စည်တော်ကြီးရဲ့ ထူးခြားချက်ကတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလတုန်းက  တော်လှန်ရေး တပ်သားတွေက ကျောင်းခေါင်မိုးဘုံဆင့်အတွင်းမှာ ပုန်းအောင်းနေတော့  ကျောင်းပြင်ကနေ ဂျပန်တွေက  သေနတ်နဲ့ပစ်ကြတာ  ကျည်မထွက်ဘူးတဲ့။  တခြားနေရာကိုပစ်တော့ ကျည်ထွက်တယ်တဲ့။ ၁၂၉၂ ခုနှစ် ၀န်းကျင်မှာ မင်းလှမြို့ပေါ်က  ဒကာ၊  ဒကာမတွေ ပင့်လျှောက်လို့  ရောဂါဆိုးတွေ ကင်းပအောင် တီးခတ်ပေးဖူးခဲ့ပါတယ်။ အခု ကျုပ်လက်ထဲမှာ ဒီစည်ကြီးကို နှစ်ကြိမ်ပြုပြင်ခဲ့ပါတယ်။  ဒီစည်ကြီးရဲ့သက်တမ်းက ၁၁၃ နှစ်ရှိသွားပါပြီ ဒကာကြီး”” ဟု ဆရာတော်ကမိန့်ကြားသည်။

ဤစည်တော်ကြီးကို နောက်ဆုံးပြုပြင်ရာတွင် နွားသားရေအကြီး၊  အသေးအစုံ ကိုးချပ်သုံးခဲ့ရကြောင်းနှင့် ဤကျောင်း၏ ပထမဆုံး  ဒါယကာကြီး  ဦးသာခို၊ ဒါယိကာမ ဒေါ်ပုတို့၏ မျိုးဆက်များဖြစ်ကြသော ရန်ကုန်မြို့မှ မြေးမြစ်များက လိုအပ်သည့် ၀တ္ထုငွေများကို လှူဒါန်းပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။

စည်တော်ကြီး၏ မျက်နှာပြင်ကို ကြက်ရာတွင် ရာသီဥတုအလိုက်  ပြုပြင်ကြက်ရသည်။ စည်တော်ကြီးကို   ဒုတိယအကြိမ် ပြုပြင်ခဲ့ပုံမှာ   စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဦးဆောင်၍ပြုပြင်သူမှာ ဦးတင်ထွေး (သပြေစမ်းရွာ၊ ဆိုင်းဝိုင်းပတ်မတီးခတ်သူ) ဖြစ်ပြီး ပြုပြင်သည့်ကာလအတွင်း သက်သတ်လွတ် စားရသည်။  မပြီးမချင်း ကျောင်းအပြင်သို့ မထွက်ရပါ။  အဘယ်ကြောင့်ဆိုသော်   အတိုက်အခိုက် အနှောင့်အယှက်များနှင့်   အမှားအယွင်း မဖြစ်စေရန်ဖြစ်သည်။ သတ်မှတ်ထားသော စည်းအတွင်း၌သာ  ပြုပြင်စီမံရပြီး အပြင်လူများမ၀င်ရပါ။ စည်တော်ကြီးအတွက် ပုဂ်္ဂိုလ်များ ဆိုင်ရာ  အနှောင့်အယှက် မပြုစေရန်နှင့် ဒေသဆိုင်ရာ  မမြင်အပ်သော ပုဂ်္ဂိုလ်များအတွက် အုန်းပွဲ၊ ငှက်ပျောပွဲများကိုလည်း စည်းကမ်းနှင့်အညီ စီမံပေးခဲ့ရသည်။ စည်တော်ကြီးကို နှစ်ပေါင်း ၁၀၀ ကျော်ရှိသည့် ကျောင်းတိုက်၏   အလယ်မျက်နှာကြက်တွင် ချိတ်ဆွဲထားသည်။ ဆရာတော်အနေဖြင့်လည်း စေတနာ၊ မေတ္တာ၊ သဒ္ဓါတရား ကြီးမားစွာဖြင့် စောင့်ရှောက် ထိန်းသိမ်းထား ခြင်းဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော်  သက်တမ်းနှစ်ပေါင်း  ၁၀၀ ကျော်ရှိပြီဖြစ်သော  ရှေးဟောင်း စည်တော်ကြီးသည် ခံ့ညားထည်ဝါစွာ ရှိနေပြီး မြန်မာ့ရိုးရာ ရှေးဟောင်းအမွေ အနှစ်များ၏ ဂုဏ်ဒြပ်များကို ပုံရိပ်စစ်အဖြစ်ဖြင့်  ဖော်ဆောင်နေပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ 

မြင့်အေး(မင်းလှ)

Read 27 times
Rate this item
(0 votes)
Last modified on Thursday, 23 January 2020 11:05