SJ WorldNews - шаблон joomla Авто

အိုခြင်းကို အနိုင်ယူကြစို့

Saturday, 25 January 2020 12:00 Written by  font size decrease font size decrease font size increase font size increase font size

တစ်ခါတစ်ရံစိတ်ထဲတွင်တွေးမိသည်။ လူတွေသည် အသက်အရွယ်ရလာသောအခါ အိုလာရပြီဖြစ်သည်။ လူ့ဘ၀ဆိုသည်မှာ အိုရမည်၊ နာရမည်၊ နောက်ဆုံးသေကြရမည်ဖြစ်လေသည်။ ““ကွေးသောလက်မဆန့်မီ ဆန့်သော လက်မကွေးမီ””မကြာမီအချိန်လေးတစ်ခုမှာ သင်္ခါရသဘောအရ ပြန်လမ်းမရှိသည့်ခရီးတစ်ခုကို မလွဲမသွေသွားကြရပေမည်။

ထိုသောအခါ အိုလာပြီနှင့်တစ်ပြိုင်တည်း စိတ်ဓာတ်တွေကျလာကာ မကြာခင် ““ငါသေရတော့ မှာပါလား””ဟူသောအတွေးက ၀င်လာကြပေသည်။ ထို့ကြောင့် သေခြင်းတရားကိုစိတ်ဓာတ်ကျခြင်း၊ စိတ်ဖိ စီးခြင်းများက အနိုင်ယူကာ ရောဂါများဖိစီးလာ၍ စောစီးစွာလူ့လောကမှ ထွက်ခွာသွားကြရပေတော့ သည်။ ထို့ကြောင့် အသက်အရွယ်ကြီးလာသည်နှင့် တစ်ပြိုင်တည်း စိတ်ဓာတ်မကျဘဲ အိုခြင်းဘ၀ကိုကြံ့ကြံ့ ခံကာ အနိုင်ယူပြီး အသက် ရှည်စွာနေရန်ကြိုးစားကြရပေမည်။

ကျန်းမာသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်အနက် အရေးကြီးသော အချက်တစ်ခုမှာ စိတ်ဖိစီးမှုကင်းဝေး ရေးပင်ဖြစ်သည်။ ကျန်းမာလျှင်စိတ်သွားတိုင်းကိုယ်ပါ မည်ဖြစ်ပြီး စိတ်ပူပင်မှုများနှင့် စိတ်ဖိစီးမှုများရှိနေလျှင် စိတ်ထောင်း ကိုယ်ကြေဖြစ်ကာ ကျန်းမာရေးကိုထိခိုက်ပေမည်။ သို့ပါ၍ ကျန်းမာစေရေးအတွက် စိတ်ဓာတ် ကျခြင်း၊ စိတ်ဖိစီးခြင်းများမရှိစေရန် ရှောင်ရှားရပေမည်။ သောကကင်းဝေးစွာနှင့် နေထိုင်နိုင်ကြရမည် ဖြစ်သည်။ မည်သူမဆို မိသားစုတစ်ခုတွင် အသက်ကြီးလာသည်နှင့်အမျှ သားသမီးများမှတစ်ဆင့် မြေးကြီး မြေးငယ်တို့နှင့်ပေါက်ဖွားကာ ပြည့်စုံရရှိနေကြပေမည်။ အချို့ဆိုလျှင် တီများပင်ရရှိသည်အထိ အသက် ရှည်ခဲ့ကြသည်။ အသက်အရွယ်အိုမင်း လာသည်နှင့်ပင် စီးပွားရေးပိုင်းတွင် လက်လွှတ်လိုက်ရပြီး သားတွေ သမီးတွေက ဆက်လက်တာဝန်ယူနေရသည့်အချိန်ဖြစ်ခဲ့လေပြီ။

ထိုအခါတွင် သားတွေ သမီးတွေအိမ်ထောင်ရှင်များမှ စီးပွားရေးပိုင်းတွင် လုံးပန်းနေကြရပြီဖြစ်၍ မအားကြ တော့ပါ။ ထိုစဉ် သူတို့၏သားသမီးများအတွက် ကျောင်းကိစ္စမှအစ အခြားအထွေထွေကိစ္စများကို ဆောင်ရွက် ပေးရမည့်သူ တစ်ယောက် လိုလာပေတော့မည်။ ထိုအချိန်တွင် မိမိမှာအားနေသူဖြစ်သည့်အတွက် မိမိ၏မျိုး ဆက်ဖြစ်သော မြေးကလေးများကို ကျောင်းကိစ္စနှင့် အခြားထွေထွေ ကိစ္စများ ၀င်ရောက် တာဝန်ယူပေးပါက နှစ်ဦးနှစ်ဖက် အကျိုးရှိသည်။ အချိန်အားလပ်မှုမရှိတော့ဘဲ ပြေးလွှားသည်။ လှုပ်ရှားမှုများ ရှိလာခြင်းနှင့်အတူ စိတ်အာရုံမှာလည်း တခြားသို့ ပျံ့နှံ့ပူပင်ခြင်းကင်းလာရပေတော့သည်။ ထို့ကြောင့် မိမိ၏မြေးလေးများကို ထိန်းကျောင်းပေးနေခြင်း သည်ပင် ကျန်းမာရေးအတွက် ဆေးတစ်ခွက်ပင်ဖြစ်တော့သည်။

ကလေးများကျောင်းသွားပေပြီ။ ထိုအခါအားလပ်လာပြန်တော့မည်။ ရောက်တတ်ရာရာ အိုခြင်းအကြောင်းကို ပြန်တွေးမိပေဦးမည်။ ထို့ကြောင့် မိမိကိုယ်ကို အလုပ်ပေးရပါဦးမည်။ တွေးခြင်းငေးခြင်းနှင့် စိတ်ဓာတ်ကျခြင်း များဖြစ်မ လာစေရန်အတွက် ကိုယ်တိုင်လည်း လုပ်နိုင်ရမည်၊ပေါ့ပေါ့ပါးပါးလည်းဖြစ်စေရမည်။ ထိုအလုပ် သည်ကား ““စာဖတ်ခြင်း”” ““သစ်ပင်စိုက်ခြင်း”” နှင့်““တရားဓမ်္မ၌မွေ့လျော်လိုက်စားခြင်း””တို့ပင် ဖြစ်ပေသည်။ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ ရစေသည်မှာ အမှန်ပင်ဖြစ်တော့သည်။ ရရှိလာသောအသိပညာ ဗဟုသုတများကို ပြန်လည်၍ လူငယ်များကိုပေးဝေစေနိုင်ပြီး အကျိုးများစွာရရှိနိုင်ပေ သည်။ ထို့ပြင် စာဖတ်နေစဉ်တွင် စိတ်အာရုံမှာ စာထဲတွင်သာရောက်နေပြီး အခြားမည်သည့်နေရာကိုမျှ ပြန့်မနေတော့သဖြင့် စိတ်သည် ပူခြင်း၊ လောင်ခြင်းသောကကင်းကာ စိတ်ကိုသက်သာစေပေသည်။ စိတ်သက်သာသည်နှင့်အမျှ စိတ်ချမ်းသာအေးဆေးမှုကိုရရှိကာ ကျန်းမာရေးကိုလည်း အထောက်အကူပြုပေ တော့သည်။ စာဖတ်ခြင်းသည် တကယ်တော့ စိတ်ကိုအစာကျွေးခြင်းသာလျှင် ဖြစ်သည်ကို သိထားရပေ မည်။

တစ်ဖန် အားလပ်ချိန်များတွင် သစ်ပင်စိုက်ပျိုးကာ အချိန်ကိုတန်ဖိုးရှိစွာ ကုန်ဆုံးစေရမည်ဖြစ်သည်။ သည် အရွယ်ရောက်မှ သစ်ပင်စိုက်နေပါက အသက်အရွယ်အားဖြင့် အိုမင်းနေပြီဖြစ်ရာ မိမိကိုယ်ကျိုးအတွက် အသုံးပြုရန် အချိန်မီနိုင်တော့မည်မဟုတ်ပါဟု ဆိုကြပေလိမ့်မည်။ မှန်ပါသည်။ သို့သော် မိမိအတွက်မဟုတ်။ နောင်လာနောက်သားများ၊ နောက်မျိုးဆက်များအတွက် ရည်ရွယ်ရပါမည်။ မိမိသည်လည်း ဘိုးဘွားတို့စိုက်ခဲ့ သည့်သစ်ပင် များ၏အကျိုးများကို ခံစားခဲ့ရဖူးပြီ။ သစ်ပင်စိုက်ခြင်းမှာ မြေတူးခြင်း၊နေရာရွှေ့ကာ စိုက်ပျိုးခြင်း၊ ရေလောင်းရခြင်းစသဖြင့် လှုပ်ရှားမှုများစွာဖြင့် ကိုယ်လက်လှုပ်ရှားနေရသည့် လေ့ကျင့်ခန်း တစ်ခုပင်ဖြစ်ချေ သည်။ ထို့ပြင် နေ့စဉ်ဂရုစိုက်ကာ အရိပ်တကြည့်ကြည့်နှင့် စိတ်ကိုအေးချမ်းစေတော့သည်။ စိတ်အပူအပင် ကင်းစေ၍ အေးချမ်းစေခြင်းသည် အသက်ရှည်စေရန် တွန်းအားတစ်ခုပင် ဖြစ်ပေတော့သည်။ ထို့ကြောင့် စဉ်းစားမနေဘဲ ရသည့်အ ချိန်လေးမှာ သစ်ပင်စိုက်ကြပါဟူ၍ တိုက်တွန်းလိုက်ရပါသည်။

ဆက်လက်၍ဆောင်ရွက်ရမည်မှာ ဘာသာတရားကို အားထားယုံကြည်စွာနှင့် ကိုးကွယ်ဆည်းကပ်ကာ အချိန်ကို တန်ဖိုးရှိစွာကုန်ဆုံး စေရမည်ဖြစ်လေသည်။ ယခုခေတ်ကာလသည် ခေတ်မီဆေးဝါးများ များစွာ တိုးတက်နေ ပြီဖြစ်ရာ ရုပ်ပိုင်းကို နည်းမျိုးစုံနှင့်ပြုပြင် ပေးနိုင်သော်လည်း စိတ်ပိုင်းကိုပြုပြင်ရန်မှာ ခက်ခဲလှပေ သည်။ စိတ်ပိုင်းကိုစိတ်နှင့်သာ စင်ကြယ်စေရန် ပြုလုပ်နိုင်ပေမည်။ စိတ်ကပြုပြင်ပေးမှုကြောင့် ကိလေသာ အစေး၊ တဏှာအစေးများ ကင်းလာစေသောအခါ စိတ်သည်နုပျို ကျန်းမာအသက်ရှည်နိုင်ခြင်းကို ဖြစ်စေ တော့သည်။ စိတ်ပျိုလျှင်ကိုယ်နုဆိုသကဲ့သို့ စိတ်ကဖြူစင်သန့်ရှင်းနေပါက ရုပ်ရည်အပြင် ခန္ဓာကိုယ်လည်း လန်းဆန်းကြည်လင်ကာ အရွယ်တင် အသက်ရှည်စေမှာဖြစ်ပေသည်။

ကျေးဇူးရှင်လယ်တီဆရာတော်ကြီးက ““သတ္တ၀ါတို့သည် မအိုရအောင် ကြံဆောင်လို့ရပေမယ့် မသေရ အောင်ကြံဆောင်၍မရပေ””ဟု မိန့်ကြားတော်မူခဲ့ပေသည်။ ထို့ကြောင့် အိုခြင်းရဲ့အလှတရားကိုမိမိ၏ စိတ်သန္တာန်ထဲမှာ ရှာဖွေရမည်ဖြစ်သည်။ ဤကဲ့သို့ရှာဖွေရန် မြတ်ဗုဒ္ဓ၏ သဘာဝဓမ္မဆေးနည်းသည် အမှန်တကယ်လိုအပ်ပေသည်။ မြတ်ဘုရား၏ တရားကိုလိုက်နာ ကျင့်ကြံအားထုတ်ရပေမည်။ ထို့ကြောင့် ဇရာအတွင်းသို့ ချင်းနင်းဝင်ေ ရာက်နေကြသူများ အားလုံးသည် အသေမဦးမီ ဉာဏ်ဦးအောင် သတိ ပဋ္ဌာန်ဝိပဿနာတရားကို ကြိုးစားအားထုတ်ကြပြီး ကျန်းမာချမ်းသာ အသက်ရှည်စွာ သံသရာဘေးဆိုး အပေါင်းမှလွတ်ကင်း၍ ဘ၀နေ၀င်ချိန်ရောက်သူများ အားလုံး ဆည်းဆာအလှတရားကိုတွေ့ရှိပြီး စိတ် အေးချမ်းသာစွာနှင့်ဇရာအိုဘ၀ကို ကျော်လွှားဖြတ်သန်းနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဇရာအိုဘ၀ကိုရောက်ပြီဆိုပါလျှင် စိတ်အပူအပင်ကင်းပြီး စိတ်ချမ်းသာဖို့ လိုအပ်ပေသည်။ မိမိနှင့်လက်လှမ်းမကွာသောမြေးများကို ထိန်းကျောင်းခြင်း၊ မြေးများနှင့်အတူ ဆော့ကစားပေးခြင်း၊အားလပ် ချိန်များတွင် တွေဝေငေးမောမနေဘဲ စာဖတ်ခြင်း၊ သစ်ပင်စိုက်ခြင်းနှင့် ဘာသာတရားအလေးထား လိုက် စားရန် လိုပြီဖြစ်ကြောင်းသိရပေမည်။ သို့မှသာ အပူအပင်ကင်းစွာနှင့် အိုခြင်းဟူသော အချိန်ကာလတစ်ခုကို အောင်မြင်စွာဖြတ်သန်း အနိုင်ယူနိုင်မည် ဖြစ်လေတော့သည်။ ၀င်းကျော်ကျော် (ပျဉ်းမနား)

Read 147 times
Rate this item
(0 votes)
Last modified on Saturday, 25 January 2020 12:02