Print this page

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နီးလာပြီ

Monday, 27 January 2020 11:36 Written by  font size decrease font size decrease font size increase font size increase font size

ယခုနှစ် မတ် ၁၁ ရက်တွင် တက္ကသိုလ် ၀င်တန်းစာမေးပွဲကို စစ်ဆေးကျင်းပတော့ မည်ဖြစ်သည်။စာမေးပွဲနီးလာပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူတိုင်း စိတ်လှုပ်ရှား နေကြသည်။ ထို့နည်းတူ မိဘတို့ကလည်း သားသမီးများ အတွက် စိတ်စောစိတ်မော နေကြပေပြီ။

တက္ကသိုလ်ဝင်တန်း   စာမေးပွဲသည် ကျောင်းသား၊ ကျောင်းသူများအတွက် ဘ၀ တစ်ဆစ်ချိုးလမ်းကြောင်းတစ်ခုကို အဆုံးအဖြတ်ပေးသော စာမေးပွဲဖြစ်သည်။ဘ၀ တစ်ဆစ်ချိုးအတွက် နောက်ဆုံးလှေကားထစ် တစ်ခုလည်း ဖြစ်ပေသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ကြိုးစားလျှင် ကြိုးစားသလောက် အောင်မြင်မှုရရှိ မည်ဖြစ်သည်။ ဂုဏ်ထူးများများ၊ အမှတ်များများဖြင့် အောင်မြင်သူတို့မှာ ရွေးချယ်စရာ အခွင့်အလမ်းများစွာ ရရှိနိုင်၍ မိမိ လိုချင်သော ပန်းတိုင်ကို လှမ်းကိုင်နိုင်မည် ဖြစ်သည်။

ကျောင်းသား၊  ကျောင်းသူတို့သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန် စွာ အောင်မြင်ရေးအတွက် ကြိုးစားကြရသည်။  မိဘများကလည်း  တတ်နိုင်သမျှ ပံ့ပိုးပေးနေကြသည်။ သို့ရာတွင် ကာယကံရှင်ကျောင်းသား၊ ကျောင်းသူတို့၏ စိတ်တည်ငြိမ်မှု၊ စိတ်ဝင်စားမှု၊ စူးစူးစိုက်စိုက် ကျက်မှတ်မှု စသည်တို့အပေါ်တွင်  များစွာ မူတည်ပေသည်။

စာမေးပွဲနီးလာချိန်သည် ကျောင်းသား၊ ကျောင်းသူတို့အတွက် အလွန်အရေးကြီး သောကာလဖြစ်သည်။  ပြေးပွဲပြိုင်ပွဲများတွင် တာထွက်ရာ၌ အရေးကြီးသကဲ့သို့ တာဝင်ချိန်သည်လည်း အရေးကြီးသည်။ ထို့ကြောင့်    ကာယကံ ရှင် ကျောင်းသား၊ ကျောင်းသူတို့သည် ပန်းဝင်ချိန်ရောက်ခါနီးမှ စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုတို့  မလျော့ ပါးသွားရန် အလွန်အရေးကြီးသည်။ အာရုံ ပျံ့လွင့်ခြင်း မရှိစေရန် အထူးသတိပြုရပေမည်။ ကျန်ရှိသော အချိန်လေးကို အကျိုးရှိရှိ အသုံးချတတ်ရန်  အလွန်အရေးကြီးသည်။  အချိန်မဖြုန်းဘဲ  အချိန်ကို လေးစားခြင်း၊ တန်ဖိုးထားခြင်းတို့ဖြင့်  အောင်မြင်မှုကို အမိအရ ဆုပ်ကိုင်နိုင်ရမည်ဖြစ်သည်။

အချိန်သည် မြစ်ရေလျဉ်ကဲ့သို့ အဆက်မပြတ် ရွေ့လျားနေသည်။   ရွှေပန်းထိမ် ဆရာသည် ရွှေတိုရွှေစများကို မလေလွင့်ရ လေအောင် စုဆောင်းရသည်။ ထို့အတူ စာမေးပွဲနီးလာချိန်တွင် စက္ကန့်၊ မိနစ် စသော အချိန်အတို အစလေးများကို  စုဆောင်းရမည်ဖြစ်သည်။ ဆုံးရှုံးပြီးသော တစ်မိနစ်ကို ထာဝရအချိန်သမုဒ္ဒရာကြီးက အစားထပ်၍ မပေးနိုင်ဟု ဆရာကြီးပီမိုးနင်းက ဆိုခဲ့သည်။ ထို့ကြောင့် အားလပ်ချိန်များကို ဂရုမပြုနိုင်စဉ်အတွင်း  ကုန်ဆုံး သွားတတ်သည်ကို အထူးသတိပြု ဆင်ခြင်ရမည် ဖြစ်ပေသည်။

အချိန်ကို လေးစားလိုက်နာ တန်ဖိုးထားခြင်းသည်   အောင်မြင်ခြင်း၏ သော့ချက် ဖြစ်သည်။ အချိန်ကို တန်ဖိုးမထားခဲ့သော ယုန်သည် အပြေးပြိုင်ပွဲတွင် အလွန်နှေးကွေးသော လိပ်ကို အရှုံးပေးခဲ့ရသည်။ ထိုဖြစ်ရပ်က အချိန်ကို မလေးမစားမပြုသင့်ကြောင်း သင်ခန်းစာပေးထားသည်။ ကမ္ဘာကျော် စာရေးဆရာကြီး ရှိတ်စပီးယားကလည်း  အချိန်ကို  ငါဖြုန်းခဲ့သည်။  သို့အတွက် အချိန်က ငါ့ကိုဖြုန်း၏ဟု သတိသံဝေဂတရားနှင့် ပြောကြားခဲ့ဖူးသည်ကို သတိရသင့်ပေသည်။ ဒဿနပညာရှင်ကြီး ဖရန်ကလင်ကလည်း   လူတို့၏အသက်သည် အချိန်ကိုမှီ၍ဖြစ်သည်။ ထို့ကြောင့်  အချိန်ကို နှမြောရမည်ဟူသော အဆိုအမိန့်ကိုလည်း မှတ်မိသင့်သည်။

အချိန်သည် ရွှေဖြင့်လည်း ၀ယ်မရ။ ငွေ ဖြင့်လည်း ၀ယ်မရ။ စိန်ကျောက်ပတ္တမြား ဖြင့်လည်း ချိန်စက်၍မရသော အမြုတေ ရတနာဖြစ်သည်။ သို့ဖြစ်၍ သတိတရား နှင့်ဆင်ခြင်ကာ   အချိန်အခါအခွင့်နှင့် လိုအပ်ချက်ကို အသုံးပြုတတ်ရန် အရေးကြီး လှပေသည်။

အောင်မြင်မှုရရှိသူတိုင်းတွင် အချိန်ကို တန်ဖိုးထားပြီး  အနစ်နာခံကြိုးစားမှုက ထက်ကြပ်မကွာ  ပါရှိတတ်စမြဲဖြစ်သည်။

မည်မျှပင် စိတ်ဓာတ်စူးရှ ထက်မြက်သော်လည်း အချိန်ကိုတန်ဖိုးမထားဘဲ ဇွဲမရှိလျှင် အောင်မြင်မှုမရနိုင်ပေ။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူတို့သည် အောင်မြင်မှု ရသူတို့ အချိန်ကိုတန်ဖိုးထား၍ အနစ်နာခံ ကြိုးစားကြပုံကို အတုယူကြရမည်ဖြစ်ပေ သည်။

စာမေးပွဲအောင်ရန် ဗေဒင်၊ ယတြာ၊ နတ်၊ အဆောင်အမျိုးမျိုး၊ ဘိုးတော်၊ မယ်တော် စသည်တို့ကို လုံးဝအားမကိုးသင့်ပေ။ ယုံလည်းမယုံသင့်ပေ။ ယင်းတို့က စာမေးပွဲကို မည်သို့မျှ  အထောက်အကူမပြုနိုင်ပေ။ မည်သည့် အစီအရင်ကိုမျှ ငွေကြေးအကုန်အကျခံ၍  မလုပ်သင့်ပေ။  စာရေးသူ၏ အတွေ့အကြုံအရ  တင်ပြရခြင်းဖြစ်သည်။ ကျောင်းသားမိဘများ၏ ကိုယ်တွေ့ပြောပြ ချက်များလည်း ပါဝင်သည်။

စာမေးပွဲနီးလာပြီဖြစ်၍ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် လိုအပ်သည်။ အချိန် မှန်မှန်စားခြင်း၊ အချိန်မှန်မှန်အိပ်ခြင်း၊ အချိန်မှန်မှန် စာကျက်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ရမည်။ အရာရာကို အကောင်းမြင်တတ်ခြင်း၊ ထိတွေ့ ဆက်ဆံနေရသူတို့နှင့် အဆင်ပြေစွာ ဆက်ဆံခြင်း၊ မိဘစကားကို မဆန့်ကျင်ခြင်း၊ အနန္တောအနန္တငါးပါး ဦးထိပ်ထားခြင်း စသည်တို့ကို ဆောင်ရွက် လိုက်နာရန်လည်း အရေးကြီးသည်။ ဤ နေရာတွင် လုံးတော် ဆရာတော်ကြီး အရှင် ဂုဏ၀ါဒ၏ သြ၀ါဒကထာဖြစ်သော ဆရာသခင်၊  အရှင်နှစ်ပါး၊  မိဘများကို၊  မုန်းထားမာန်မျက်၊ စိတ်ထွက်အောင်မပြုနှင့် ဟူသောမိန့်ကြားချက်ကို လက်ကိုင်ပြုသင့် ပေသည်။

စိတ်ပညာရှင် ဒေါက်တာရောဘတ်စတစ်ဂိုးက  အိပ်ရေးဝအောင် အိပ်ခြင်းသည် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေသည်ဟူသော စကားအတိုင်း စာမေး ပွဲ နီးလာချိန်တွင် အိပ်ရေးဝအောင် အိပ်သင့်ပေသည်။ အလုပ်ကိစ္စများကိုလည်း လိုအပ်သည်ထက်ပို၍ မလုပ်ဆောင်သင့်တော့ပေ။ စာကျက်ရသည်ကို ငြီးငွေ့လာလျှင် လမ်းလျှောက်ခြင်း၊ ပုတီးစိပ်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း စသည်ဖြင့် ပြုလုပ်သင့်သည်။ မနားမနေ စာကျက်၍ ကြာလျှင် အာရုံကြောများ တင်းလာပြီး ကျန်းမာရေး ထိခိုက်စေနိုင်သောကြောင့် မိမိခန္ဓာကိုယ် နှင့်စိတ်ကို   အနားပေးရန်  အထူးလိုအပ်ပေသည်။

အနားပေးသည်ဆိုရာတွင်   အလုပ်တစ်ခုကို ငြီးငွေ့လာလျှင် တခြားအကျိုးရှိ မည့်အာရုံတစ်ခုခုကို ပြောင်းပေးရမည်။ စိတ်ကို  ရံဖန်ရံခါ အနားပေးခြင်းမျိုးဖြစ်သည်။  စာမေးပွဲနှင့်  မသက်ဆိုင်သော၊ အကျိုးမရှိသော အာရုံ ပျံ့လွင့်ခြင်းမျိုး မဖြစ်စေရန်  သတိပြုရမည်ဖြစ်သည်။  အထူးသဖြင့် Facebook အသုံးပြုခြင်း၊ ဖုန်းကိုင်ခြင်းမျိုး လုံးဝရှောင်ရှားရမည်ဖြစ်သည်။

စာမေးပွဲ နီးလာပြီဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူတို့သည် စိတ်ရောကိုယ်ပါ  ပင်ပန်းမှုဒဏ်၊  စိတ်ဖိစီးမှု ဒဏ်တို့ကို   မလွဲမသွေကြုံကြရမည်ဖြစ်သည်။  သို့သော်  အောင်မြင်မှုကို လိုချင်လျှင် လိုချင်သလောက် အားစိုက်ထုတ်ရမည် ဆိုသည်ကို ကာယကံရှင်ကျောင်းသား၊ ကျောင်းသူတိုင်း   နားလည်ထားရမည်။  ကြိုးစားမှု အရှိန်မပျက်စေရန် အရေးကြီးသည်။ ဆင်ပြောင်ကြီး အမြီးကျမှ မတစ်စေရန်  အရေးကြီးသည်။  အနာများများခံမှ အသာစံနိုင်သည်ဆိုသော သဘောတရား ကိုလည်း သတိမူသင့်ပေသည်။

သေချာစွာဆန်းစစ်ပါမူ စာမေးပွဲအောင်ရန်သည် ကာယကံရှင်မိမိ၏ ကြိုးစားမှု အခြေအနေအပေါ်တွင် အဓိက မူတည်ပေသည်။ ဆရာကြီးပီမိုးနင်းက သင့်ကိုယ်၌ ကိန်းအောင်းနေသော အောင်နည်းကိုသိလျှင် ဧကရာဇ်မင်းပင် ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။ ယခုအချိန်တွင် သင်ခန်းစာများကို ပြန်လှန်လေ့ကျင့် ကျက်မှတ်ခြင်း၊ မေးခွန်း ဟောင်းများ လေ့လာခြင်း    စသည်တို့ ပြုလုပ်ရာတွင် စဉ်းစားတွေးခေါ် မှန်းဆမှု များကို အသုံးပြုရန်လည်း အထူးလိုအပ် ပေသည်။  သို့ဆိုလျှင်  မိမိကိုယ်တွင်း၌ ကိန်းအောင်းနေသော   အောင်နည်းကို  သိနိုင်ပေသည်။ အောင်စိတ်မွေး၍ အောင်ဖို့ကြိုးစားလျှင် အမှန်မုချ အောင်ရမည်ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူတိုင်း အောင်စိတ်ကို မွေး နိုင်ကြပြီး အောင်ဖို့ကြိုးစားကြ၍ အောင်ကြပါစေကြောင်း   တိုက်တွန်းရေးသား လိုက်ရပါသည်။        

ရီရီဆွေ(ရေနီ)

Read 154 times
Rate this item
(0 votes)
Last modified on Monday, 27 January 2020 11:37
ကေတု

Latest from ကေတု