Print this page

အသက်နှင့်ထပ်တူမြတ်နိုးနေရမည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

Sunday, 09 February 2020 14:13 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသည်     ရှေးပဝေသဏီကာလ ကတည်းကပင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန် ရခိုင်၊ ရှမ်း စသည့်ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ  စုစည်းနေထိုင်ကြသည့်  ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ရှေးအစဉ်အဆက် ပြည်ပ ကျူးကျော်ရန်ကို စုပေါင်းလက်တွဲကာကွယ်ခဲ့ကြပြီး  နယ်ချဲ့ဆန့်ကျင်ရေးကာလမှ လွတ်လပ်ရေးရသည့် ကာလအထိ  လွတ်လပ်သောနိုင်ငံပေါ်ထွန်းရေး အတွက် ပြည်ထောင်စုသားများ စည်းလုံးညီညွတ် လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့သော သမိုင်းကြောင်း အစဉ်အလာရှိခဲ့သည်။

 လက်ရှိ   ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ မိုင် ကျယ်ဝန်းပြီး   ရှေးရှေးကာလက  ထို့ထက်မက  ကျယ်ဝန်းသည်။ တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်၊ အိန်္ဒိယနိုင်ငံများနှင့် ထိစပ်နေသည်။ အတိတ် သမိုင်းကြောင်းကာလ မြန်မာနိုင်ငံ၏ စုစည်းညီညွတ်မှု၊  တိုင်းရင်းသား စည်းလုံး ညီညွတ်မှုနှင့်   အင်အား တောင့်တင်းခိုင်မာမှုကို အဆိုပါအိမ်နီးချင်းနိုင်ငံများ အသိဆုံးဖြစ်သည်။

ပုဂံခေတ်  မြန်မာနိုင်ငံ၏စည်းလုံးညီညွတ်မှု၊  ပတ်ဝန်းကျင်ရှိ တိုင်းနိုင်ငံများနှင့် ဆက်သွယ်မှုတို့မှာ လည်း ကောင်းမွန်လျက်ရှိသည်ကို တွေ့ရမည်ဖြစ် သည်။ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ခဲ့ ၍သာအမျိုးသား စည်းလုံး ညီညွတ်ပြီး နိုင်ငံတော် စည်ပင် ၀ဖြိုးတိုးတက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား တို့ ခံ့ညားထည်ဝါခဲ့ပါသည်။ နိုင်ငံတော်တွင် ပဒေသရာဇ် အချင်းချင်း အာဏာလုသော တိုက်ပွဲများကြောင့်   အမျိုးသား စည်းလုံးညီညွတ်မှုယိုယွင်းကာ အကွဲကွဲ အပြားပြားဖြစ်ခဲ့ရသော ခေတ်ကာလလည်းရှိခဲ့သည်။

သို့သော်လည်း နိုင်ငံတော်အတွင်း နေထိုင်ကြသော  တိုင်းရင်းသား လူမျိုးများ၏ ဥမကွဲသိုက်မပျက်ချစ်ကြည် ရင်းနှီးမှုမပျက် အတူတကွ နေထိုင်လိုကြသည့် ညီညွတ် မှုအားဖြင့် နိုင်ငံတော်ကို စည်းလုံးတောင့်တင်းခိုင်မာ လာအောင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့ကြ သည်ကိုလည်း တွေ့ရပါသည်။

တောင်ငူခေတ် မြန်မာနိုင်ငံ ဒုတိယ အကြိမ်စည်းရုံး မှုထူထောင်၍ နိုင်ငံအင်အား  အထွတ်အထိပ်သို့  ရောက်ခဲ့ရသည်ကိုလည်းကောင်း၊ ညောင်ရမ်းခေတ် တွင် မြန်မာနိုင်ငံ တတိယအကြိမ် နိုင်ငံတော်အား ပြန်လည် စည်းလုံးခိုင်မာလာအောင် ထူထောင်ကြ ပုံကိုလည်းကောင်း၊ ကုန်းဘောင်ခေတ်တွင် စတုတ္ထ အကြိမ် နိုင်ငံတော်အား  စည်းလုံးညီညွတ်သော နိုင်ငံတော်အဖြစ်ထူထောင်၍ နိုင်ငံအင်အားအထွတ် အထိပ်သို့ရောက်ခဲ့ပုံကိုလည်းကောင်း တွေ့ရှိရမည် သာဖြစ်သည်။

၁၈ ရာစု ပထမပိုင်း ကုန်ဆုံးချိန်ဖြစ်သည်။ ပဒေသရာဇ် အချင်းချင်း အာဏာလုမှုကြောင့် အမျိုးသား စည်းလုံး ညီညွတ်မှု ပျက်ပြား၍ အင်းဝနေပြည်တော်မှာ အင်းအား လျော့နည်းလျက်ရှိသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံတော်ကို   ပြန်လည်စည်းရုံးခဲ့သူမှာ  အလောင်း မင်းတရားဘွဲ့ခံ ဦးအောင်ဇေယျဖြစ်သည်။  ပဒေသရာဇ်တို့၏အားပြိုင်မှု၊  အာဏာကြီးစိုးလိုမှု ကြောင့် ပြည်သူများမှာ စည်းလုံးညီညွတ်မှုပျက်ပြား သည်သာမဟုတ် စီးပွားရေး၊ လုံခြုံရေးများလည်း  ပျက်ပြားလျက်ရှိသည်။ နိုင်ငံသည် တည်ငြိမ်မှုမရှိ၊ ဖရိုဖရဲဖြစ်ကာ   အခြေအနေများယိုယွင်းလျက်ရှိ သည်။ ထိုသို့သောအချိန်တွင် ဦးအောင်ဇေယျသည်  လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်မှုရရှိရေး တို့အတွက် မုဆိုးဖိုနယ်အနီးရှိ ရွာပေါင်း ၄၆ ရွာကို စည်းလုံးစုစည်းပြီး မုဆိုးဖိုရွာတွင် ထန်းလုံးများဖြင့် ကာရံ၍ ထန်းလုံးခံတပ်ကြီးကို အခိုင်အမာတည် ဆောက်သည်။ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ များ၏အင်အားကိုစုစည်းရယူလျက် ရရာလက်နက် များတပ်ဆင်သည်။ ဆင်၊ မြင်းများ၊ စားနပ်ရိက်္ခာများ  စုဆောင်း၍ ခံတပ်တည်ဆောက်သည်။ မြင်းရည်တက်  ၆၀ ဦးကိုလည်း ဖွဲ့စည်းပြီး လုံခြုံမှုအတွက်ဆောင် ရွက်သည်။ ပဒေသရာဇ်တို့ အချင်းချင်း အာဏာလု စစ်ပွဲကို ခုခံကာကွယ်ရန်အတွက်  အသင့်ပြင်ဆင် ထားခြင်းဖြစ်သည်။

နိုင်ငံတော်တွင် ပဒေသရာဇ် စစ်ပွဲ အားကောင်းချိန် ဖြစ်သကဲ့သို့ ကမ္ဘာပေါ်တွင် နယ်ချဲ့ အရင်းရှင်စနစ် ထွန်းကားလာချိန်ဖြစ်သည်။ ဥရောပတိုက်သားကုန်သည်တို့သည် ဟင်းခတ် အမွှေးအကြိုင် ရောင်းဝယ်မှုကို တပ်မက်လျက်ရှိကြသည်။ အင်္ဂလိပ်တို့သည် လည်း ထိုရောင်းဝယ်မှုကိုပင်ရလိုကြသည်။ အရှေ့ အိနိ္ဒယကျွန်းစုတွင် အပြိုင်အဆိုင် ရောင်းဝယ်ကြသည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံနှင့် အိနိ္ဒယနိုင်ငံကမ်းရိုး တန်းဒေသသို့ ကျူးကျော်ဝင်ရောက်လာကာ ကုန်တိုက်များဖွင့်၍ ရောင်းဝယ်မှုပြုလုပ်လာကြသည်။ ထို့နောက် ပြင်သစ်တို့ရောက်လာကြသည်။ နိုင်ငံခြားသားတို့ သည် သန်လျင်မြို့ကို သင်္ဘောဆိပ်နှင့် သင်္ဘောကျင်း အဖြစ် အသုံးချကြသည်။ ထိုခေတ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသားတို့သည် ကူးသန်း ရောင်း ၀ယ်မှုတွင် ကျယ်လျက် အစည်ကားဆုံး ဒေသမှာ မြိတ်နှင့်တနင်္သာရီ တို့ဖြစ်သည်။ ယင်းတို့၏ကျောထောက်နောက်ခံမှာ  ထိုင်းဖြစ်သည်။ ဥရောပတိုက်သားတို့မှာ ဤခေတ်တွင် ကုန်သည်မျှသာဖြစ်သော်လည်း ယင်းတို့မှာတဖြည်း ဖြည်းအင်အားကောင်းလာကာ နိုင်ငံတွင်းကိစ္စများ၌ ပင်လျှင် ပါဝင်စွက်ဖက်လာကြသည်။

ထိုခေတ်ထိုအခါကပင် ဥရောပတိုက်သားတို့သည် ယင်းတို့၏အကျိုးစီးပွားအတွက်  နိုင်ငံတော်၏ နိုင်ငံတွင်း ကိစ္စများ ပါဝင်စွက်ဖက်နေကြပြီဖြစ်ရာ  ယင်းမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ဖြိုခွဲ၍  ယင်းတို့ အလိုကျ ဖန်တီးနေခြင်းပင်ဖြစ်သည်။ အိနိ္ဒယ နိုင်ငံသည် ဥရောပတိုက်သားများဖြစ်ကြသော ပြင်သစ်၊  အင်္ဂလိပ်၊ ဒတ်ခ်ျ၊  ပေါ်တူဂီတို့၏စီးပွားရေးဒေသ အဖြစ်သို့ ရောက်မှန်းမသိရောက်ခဲ့ပြီဖြစ်သည်။ တရုတ် နိုင်ငံသည်လည်း ကျယ်ပြန့်လှသည့် လက်နက်နိုင်ငံကြီး ကို ထူထောင်ပြီးဖြစ်သည်။ ဤကဲ့သို့နိုင်ငံတွင်း၊ နိုင်ငံပ အခြေအနေဖြစ်ပေါ်နေချိန်တွင် အလောင်းမင်း တရားကြီး ဦးအောင်ဇေယျသည်  နိုင်ငံအင်အား အထွတ် အထိပ် ရောက်အောင်  စည်းရုံးရင်းတိုက်  တိုက်ရင်း စည်းရုံးကာ နိုင်ငံတော်အား ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့ရသည်။

ကုန်းဘောင်ခေတ်ဦးတွင် စစ်မြေပြင်၌ တိုက်ပွဲ ၀င်ခဲ့သော အလောင်းမင်းတရား၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်နှင့် ဘိုးတော်ဦးဝိုင်းတို့အုပ်ချုပ်စဉ် နိုင်ငံတော်တစ်ဝန်း သာယာအေးချမ်းခဲ့သည်။ ပြည်ပမှ ၀င်ရောက် စွက်ဖက်မှုများကို ပယ်ရှင်းနိုင်ခဲ့သည်။

နောက်ပိုင်းမင်းဆက်များဖြစ်သော ဘကြီးတော်မင်း လက်ထက်မှအစပြုကာ မြန်မာ့ဂုဏ်ရှိန်ညှိုးမှိန်ခဲ့ရ သည်။ ရင်နာစရာ၊ မမေ့နိုင်စရာကောင်းလှသော အင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ်ဖြစ်ပွားပြီး  မြန်မာ တစ်နိုင်ငံလုံးသူ့ကျွန်ဘ၀ရောက်ခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော   ဗမာ့လွတ်လပ်ရေး တပ်မတော်စတင် ဖွဲ့စည်း နိုင်ခဲ့သည်မှစ၍ မြန်မာတို့ လွတ်လပ်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင် ခဲ့ကြသည်။ လွတ်လပ်ရေး ရရှိရေး အတွက် အဓိက အကျဆုံးမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဖြစ် သည်။ တိုင်းရင်းသားအားလုံး တောင်တန်း-ပြည်မ ပေါင်းစည်း၍ လွတ်လပ်ရေးရယူမည်ဟူသော ကတိ စာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့  ပင်လုံမြို့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုမှ စတင်၍ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့တွင်  မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်မူ တိုင်းရင်းသား ညီအစ်ကို မောင်နှမများကြားတွင် သံသယများ၊ အယူအဆများ ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး ပဋိပက်္ခများဖြစ်ခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ် သည်။ အမှန်တကယ်တွင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ စိတ်ရင်းမှာ တစ်သွေးတည်း တစ်သား တည်း ချစ်ချစ် ခင်ခင် နေထိုင်လိုခြင်းဖြစ်သော်လည်း  အချို့သော သွေးခွဲသူများကြောင့်  သွေးမကွဲသင့်ဘဲ သွေးကွဲရသည့် အဖြစ်များနှင့် ကြုံခဲ့ရသည်။ တိုင်းရင်းသား ပြည်သူ အများစုမှာ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြသည်။ ချစ်ချစ်ခင်ခင် အစဉ်အလာမပျက်  လက်တွဲရပ်တည်နေလိုကြသည်။ ထို့ကြောင့် တိုင်းရင်းသား ပြည်သူများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရန် ယနေ့ကြိုးပမ်း အားထုတ်နေကြသည်ကိုတွေ့ရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာနေချိန်တွင် တစ်ဖက်၌လည်း နိုင်ငံ့ခေါင်းဆောင်များက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ တန်းတူ ရည်တူ ရပ်တည်ရေးကို လက်တွေ့သက်သေပြ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

မကြာသေးမီကာလက  ကရင်ပြည်နယ်နေ့၊ ရှမ်းနှစ်သစ်ကူးပွဲတော်၊ ကယားပြည်နယ်နေ့ကဲ့သို့ ပြည်နယ်များ၏ နေ့ကြီးရက်ကြီးများတွင် နိုင်ငံတော်သမ္မတ၊     နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ်နှင့်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က သ၀ဏ်လွှာပါးခဲ့ကြသည့်အပြင်  ရှမ်း၊  ကချင်၊  ချင်း၊ ကယားတို့၏ ပွဲတော်များတွင်လည်း နိုင်ငံတော် အကြီးအကဲများ ကိုယ်တိုင် ချစ်ချစ် ခင်ခင် သွားရောက် ဆင်နွှဲခဲ့ကြ သည်ကိုတွေ့ရသည်။ ထိုမျှသာမက တိုင်းရင်းသား လူမျိုးစု တစ်စုချင်းအလိုက် ကျင်းပကြသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပွဲတော်များတွင်  ပြည်နယ် ၀န်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များပါ တက်ရောက် ဆင်နွှဲခဲ့ကြသည်မှာ ချစ်ကြည် ရင်းနှီးမှုနှင့် လက်ရည် တစ်ပြင်တည်း ရှိမှုကို သက်သေပြ နေခြင်းပင်ဖြစ်သည်။

မျက်မှောက်ကာလတွင် တိုင်းရင်းသား လူမျိုးများ အားလုံး တန်းတူ ရည်တူရှိနေကြသည်ကို မြင်တွေ့နေ ရသည်။ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူမျိုးစု များလှုပ်ရှားမှု၊ ဖွံ့ဖြိုးမှုများကို မြင်နေကြားနေရသည်။

တိုင်းရင်းသားများ ပျော်ရွှင် ၀မ်းမြောက်ကြမည်မှာ စိတ်ရင်း အမှန်ဖြစ်ပေလိမ့်မည်။ သို့သော် ငြိမ်းချမ်းရေး ခရီးလမ်းပေါ်သို့ ရောက်ရှိရန် လိုအပ်နေသေးသဖြင့် ငြိမ်းချမ်းရေး ခရီးမဝေးရအောင် အားလုံးယခုထက် ပိုမို၍ လက်တွဲကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပေသည်။

စည်းလုံးခြင်းအင်အားသည် နိုင်ငံ့အကျိုး၊ အများ ပြည်သူအကျိုးအတွက် ကောင်းရာကောင်းကြောင်း အမှုများကို  ကြိုးပမ်းထမ်းရွက်ကြရန်ဖြစ်သည်။  အထူးသဖြင့် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊  ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ လူထုတစ်ရပ်လုံး၏စည်းလုံးညီညွတ်သောအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်   ရည်ညွှန်းပါသည်။

လက်တွေ့တွင်လည်း ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်ထောင်စုကြီး အင်အား တောင့်တင်းခိုင်မာအောင် ကြိုးပမ်း ဆောင်ရွက်ခြင်းများတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စည်းလုံး ညီညွတ်သော အင်အားဖြင့် ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏အရေး၊ ပြည်ထောင်စု တိုင်းရင်းသားများ၏အရေးကို   မည်သူတို့က  မည်သို့ပင် နှောင့်ယှက် ဟန့်တား ဖျက်ဆီးကြပါစေ။  သမိုင်းကြောင်း ကောင်းသည့် ပြည်ထောင်စုကြီးအတွင်း  မှီတင်း နေထိုင်ကြကုန်သော ပြည်ထောင်စုသား အားလုံးက ညီညီ ညွတ်ညွတ် စည်းစည်း လုံးလုံးလက်တွဲ ကာကွယ် နိုင်ကြမည်ဆိုပါလျှင်  ပြည်ထောင်စု၏ အန္တရာယ်၊ ပြည်ထောင်စု၏ ရန်စွယ်များကိုတွန်းလှန် ဖယ်ရှားနိုင်မည်ဖြစ်သည်။

နိဂုံးချုပ်ဆိုရပါလျှင် ဤမြေတွင်နေ၊ ဤရေကို သောက်သည့် တိုင်းရင်းသားပြည်သူအားလုံးတို့မှာ မိသားစုတစ်စုတည်းက ဆင်းသက်လာသည့် ညီရင်း အစ်ကို မောင်ရင်းနှမများ ဖြစ်ကြသဖြင့် အချင်းချင်း စိတ်ဝမ်းမကွဲပြားကြဘဲ လက်ရည်တစ်ပြင်တည်းဖြင့် တန်းတူညီမျှ အတူတကွလက်တွဲကာ ““အသက်နှင့် ထပ်တူမြတ်နိုးနေရမည့်   တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး””ကို ခိုင်မာအောင်တည်ဆောက်ကြပြီး ငြိမ်းချမ်း သာယာသော ပြည်ထောင်စုကြီး ထာဝရအဓွန့် ရှည်တည်တံ့အောင် ၀ိုင်းဝန်း ဆောင်ရွက်ကြပါစို့ဟု  တိုက်တွန်းရင်း  (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြု ရေးသားလိုက်ရပါသည်။  

အောင်ခန့်ဖြိုးဝေ(တောင်ငူ)

Read 132 times
Rate this item
(0 votes)
ကေတု

Latest from ကေတု