SJ WorldNews - шаблон joomla Авто

အိုဇာတာနှင့် ဆုံစည်းခွင့်မရကြသူများ

Sunday, 23 February 2020 09:36 Written by  font size decrease font size decrease font size increase font size increase font size

ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေးပါး၏ ပြုပြင်စီရင်မှုကိုခံစားကြရသည့် လူသားဘ၀တွင် ဇရာကိုဖြတ်ကျော်ရာ၌ ရွှင်လန်းတက်ကြွ သက်သောင့်သက်သာ စိတ်ချမ်းသာစွာကျော်လွှား ချင်သည်ချည်းဖြစ်လေသည်။ သို့ရာတွင် ထင်တိုင်းမပေါက်၊ ပန်းတိုင်မရောက်မီ ကြွေလွင့်ရခြင်းများလည်းရှိ၏။ နုပျိုလန်းဆန်းစဉ်က အနာဂတ်ကိုရည်မျှော်ကာ အိုဇာတာကောင်းလိုသည့်အတွေးလည်း  ရုပ်ပိုင်းခန္ဓာနှင့်အတူ   ပျက်သုဉ်းကြရသည်။ လူကြီးသူမများအကြား   ကျေးလက်တွင်နေထိုင်စဉ်ကဖြစ်၏။ သူတို့၏တွေ့ကြုံ သိမှတ်မှုများကို   လက်ဖက်ရည်ဝိုင်းတွင်ရင်ဖွင့်တတ်ကြသည်။ ယင်းတို့တွင် ပျိုဇာတာမကောင်းပေမယ့် အိုဇာတာ ကောင်းချင်ကြောင်း ပြောဆိုသံကြားရပေသည်။ သူတို့၏ကြွယ်ဝသောအတွေ့အကြုံများက တောင်းဆုလိုရာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း နားလည်ရသည်။ သားသမီး ၁၀ ယောက်ကို မိဘနှစ်ပါးကကျွေးမွေးနိုင်သော်လည်း အိုမင်းရင့်ရော် ချွတ်ယွင်းချက်တွေပြည့်နှက်နေသည့်ဘ၀တွင် သားသမီး ၁၀ ယောက်က  ပြုစုကျွေးမွေးဖို့ခက်ခဲတတ်ခြင်းဖြစ်၏။ မျက်မြင်ကိုယ်တွေ့လည်းဖြစ်၏။ ဇာတာက နိပါတ်များဖြင့် ဗုဒ္ဓ၏အဆုံးအမကို သံဃာတော်များကညွှန်ပြခြင်းတို့ကြောင့် အနာဂတ်အတွက်စိုးရိမ်တတ် ကြခြင်းဖြစ်ဟန်တူ၏။ သို့သော် The Future is not Sureဆိုသည့်အတိုင်း မသေချာသည့်ဘ၀ခရီးကို ဖြတ်သန်းကြရပေရာ ဘ၀နှင့်လက်တွေ့က စိတ်ကူးပုံဖော်ခြင်းကိစ်္စများ၌တစ်ထပ်တည်းမကျ။ အချိန်မကျမီ ညှိုးနွမ်းကြွေလွင့် မမျှော်လင့်သည့် ဥပစ္ဆေဒကကံတွေက ဆီးကြိုနေတတ်၏။ တောင့်တမိသောအိုဇာတာ ကောင်းခြင်းကို စွန့်လွှတ်ရခြင်းတွေသာ အဖတ်တင်တတ်ကြပေသည်။ ကျွန်တော် ဤမျှစကားဦးသန်းသည်မှာ အကြောင်းရှိပါ၏။ သင်္ခါရတရားသည် မည်သည့်အကြောင်းကြောင်းမျှ မည်သူ့ကိုမျှအချိန်အခါမရွေး ခေါ်ဆောင်သွားခြင်းဖြစ်၏။ လျင်မြန်လွန်းမှုလည်းဖြစ်၏။ ထိုသဘောကိုမြင်အောင်ကြည့်ဖို့ သွန်သင်ကြသည့် အကြား မိုက်မဲမဆုံးနိုင်သေး။  မည်သည့် အခြေအနေမျိုးဖြင့် အနိစ္စကိုမလွန်ဆန်နိုင်သူများသည် သေသောသူသည် သုသာန်သို့သွားသည်ဆိုသော ရှေးစကားထာကဲ့သို့ တစ်ခုခုသော သင်္ချိုင်းသို့သွားကြ ရသည်ချည်းဖြစ်၏။ တစ်ချိန်က မြို့ငယ်များနှင့်ကျေးရွာများတွင် သင်္ချိုင်းမြေသာရှိ၏။ မြှုပ်နှံကြ၏။ သင်္ဂြိုဟ်စက်ဟူ၍မရှိပေ။ ယခုတော့ ခေတ်နှင့်အတူ ဒေသတိုင်း၌ စက်တွေသုံးကြပေသည်။  နှစ်အတန်ကြာက ဖြစ်၏။ ကျေးရွာမက    မြို့လည်းမကျသောရွာကြီးတွင် သင်္ဂြိုဟ်စက်ပြုလုပ်နေကြောင်း ပြောကြသည်။ အဓိက အချက်က သင်္ချိုင်းမြေမချဲ့ထွင်နိုင်ခြင်း၊ ကျန်းမာရေး သန့်ရှင်းမှုတို့ကြောင့် စက်ကိုတပ်ဆင်ရသည်။ စီစဉ်သူ တစ်ဦးက ပြောလေသည်။ စက်မသုံးလို့မဖြစ်ဘူး။ သေတဲ့လူတွေထဲမှာ လူငယ်တွေများကြတယ်။ အရက်အလွန် အကျွံသောက်ပြီး လူငယ်တွေအသက်ရှည် ခွင့်မရဘူးဟု ဆိုလေသည်။ ထို့အတူ မကြာမီက စာရေးဆရာမတစ်ဦးနှင့်   စကားပြောဖြစ်သည်။ ဧရာဝတီတိုင်းရှိ သူတို့မြို့နယ်သို့ရောက်ဖြစ်ကြောင်း၊ အကြောင်းပေါ်သဖြင့် သုသာန်ရောက်ရာတွင် မြေစိုက်မှတ်တိုင်လေးများ၌ အသက် ၃၀ ကျော်လူငယ်လေးများ ဖြစ်ကြောင်း၊ အရက်ကြောင့်ဖြစ်ကြောင်း ၀မ်းနည်းစွာ ပြောလေသည်။ စာရေးဆရာကြီး လူထုဦးလှ ရေးသားသကဲ့သို့ ““အရက်သမားအမှားတစ်ထောင်””မက ဖြစ်ကြ ရပါပြီ။ အချိန်မတိုင်မီ  လွင့်ပါးရသည့် အရက်၏ကျေးကျွန်များသည် ဇရာကိုဖြတ်သန်းခွင့်မရ။ အိုဇာတာ ကောင်းသလား၊ ဆိုးသလားဆိုသည့်မေးခွန်း အတွက် အဖြေမရှိ။ သတိကြီးစွာထားဖို့ဖြစ်ရပါ၏။ ကမ္ဘာ့ကုလသမဂ်္ဂကျန်းမာရေးအဖွဲ့ကြီး၏ထုတ်ပြန်ချက်အား ယခုအခါ ကမ္ဘာပေါ်တွင် ကူးစက်ရောဂါထက်မကူးစက်သောရောဂါဝေဒနာရှင်များ ပိုမိုသေဆုံးကြသည်ဟု ဆိုပါသည်။ ဥပစ္ဆေဒကကံကြောင့် သေဆုံးသူလည်းများလှ၏။ အိန်္ဒိယနိုင်ငံတွင် လမ်းမပေါ်၌ ယာဉ်မတော် တဆမှုကြောင့် နှစ်စဉ်သေဆုံးသူလူဦးရေတစ်သိန်းခွဲမျှရှိသည်ဟု သတင်းတစ်ရပ်ကဆို၏။ ထို့အတူ ရန်ကုန်၊ မန္တလေးအဝေးပြေးလမ်းမကြီးတွင် ယာဉ်အန်္တရာယ်ကြောင့် ထုတ်ပြန်သောသေဆုံးသူ စာရင်းများအရ သိရှိရသည်က စိတ်မသက်မသာဖြစ်ရသည်။ ကျွန်တော်ဆိုလိုသည်က ယင်းသို့မတော်တဆသေဆုံးရမှုများတွင် မအိုခင် ဇရာမရောက်မီ သေကျေရသူ လူရွယ်များစွာပါဝင်ခြင်းဖြစ်ပေသည်။ မကြာမီက ရွာဘက်က သတင်းတစ်ရပ်ကြားရ၏။ အနိဋ္ဌာရုံဖြစ်သည်။ ယခုအခါ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုမခြားနားသည့် လမ်းအလျောက် ဆက်သွယ်ရေးလမ်းပန်းကောင်းမွန်၏။ ကျေးလက်ကျောက်ချော လမ်းများကြောင့် သွားလာရေး အဆင်ပြေကြသည်။ သို့သော် လယ်ကွင်းကိုဖြတ် ရှည်လျားသောခရီးအတွက် လျှပ်စစ်မီးတော့   မရှိနိုင်ပေ။ အသွားအလာအတွက် သတိထားရသည်။ ယခုဖြစ်ရပ်တွင် မော်တော်ယာဉ်တစ်စီး ညပိုင်းညအိပ် ရပ်နားသည်။ ကုန်တင်ယာဉ်ဖြစ်ပြီး ရွာမှဖြစ်၏။ အသွားအလာ ကျဲသောညပိုင်းတွင် လူငယ်တစ်ဦး အရက်မူးယစ်ကာ အရှိန်ဖြင့်မောင်းနှင်သည်။  ရပ်ထားသော  ကားကိုတိုက်မိပြီး သူလည်း ပွဲချင်းပြီးသေဆုံး၏။ ရလဒ်ကား လူသေမှု၊ ယာဉ်မတော်တဆအဖြစ် လွတ်ရာလွတ်ကြောင်းရပ်နားထားသည့် ကားပိုင်ရှင်ခမျာ အမှုအခင်းရစ်ပတ်နှောင်ဖွဲ့ခြင်းခံရသဖြင့် အတော်ပင်ဖြေရှင်းလိုက်ရသည်။ သင်ခန်းစာယူစရာတွေများ၏။ အရက်သေစာကြောင့် လူငယ်တစ်ဦးသေရ၏။ ပြီးတော့ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သဖြင့် လူငယ်ခမျာ ဇရာပိုင်းကို ထိတွေ့ခွင့်မရခြင်းဖြစ်၏။ မမျှော်လင့်သော ဥပစေ်္ဆဒကကံသည် သတိထားသည်ဖြစ်စေ၊ အမှတ်မဲ့ ဖြစ်စေ ၀င်လာတတ်၏။ တစ်ခါတစ်ရံ အစုလိုက်အပြုံလိုက်ပင်ဖြစ်နေသေး၏။ သဘာဝတရားကြီးက ခြိမ်းခြောက်မောင်းနှင် အသက်တွေခြွေယူလိုက်သည့် နာဂစ်မုန်တိုင်းကဲ့သို့သော အခြင်းအရာများလည်းရှိ၏။ ထို့ပြင် ကိုယ့်ကိုယ်ကိုယ်မစောင့်ရှောက်နိုင်ခြင်းကြောင့်လည်း ပါဝင်သည်။ အယ်လ်ကိုဟောတွေ နေ့စဉ်နှင့်အမျှ သောက်သုံးသောလူငယ်တွေ ကျေးလက်များတွင် အတော်ပင်များကြောင်း ပြောသံကြားရသည်။    အလုပ်အကိုင်နှင့် အသက်အန္တရာယ်ထိပါးစေ၏။  စိတ်ညစ်၍ဖြစ်စေ၊ ပျော်ရွှင်၍ဖြစ်စေ၊ လူမှုရေးအရဖြစ်စေ အကြောင်းတွေက ယှဉ်တွဲလျက်ရှိ၏။  အမှားတွေဆက်တိုက် မကျူးလွန်မိဖို့ ဆင်ခြင်လျှင်ကောင်းပါမည်။    အိုဇာတာ အတွက် ရင်အေးရပါမည်။ ပတ်ဝန်းကျင်လည်းချမ်းမြေ့နိုင်၏။ အထက်ကတင်ပြခဲ့သော ဆိုင်ကယ်စီး လူငယ်သည် ကွမ်းစားဆေး သောက်နှစ်မှုရောက်ဟု ဆိုချင်၏။ အရက်ကိုသောက်  အရမ်းမဲ့မောင်းနှင်ခြင်း ဖြစ်၏။  ကြားရလေ့ရှိသောသတင်းများတွင် ပေါများလှသော ဆိုင်ကယ်သမားများသေဆုံးမှုဖြစ်၏။ မတော် တဆမှုများ ပါဝင်သကဲ့သို့ မိုက်ရူးရဲဆန်မှုလည်းပါဝင်၏။ ဆိုင်ကယ်အပြိုင်မောင်းနှင်၊ မျက်နှာချင်းဆိုင်တိုက်၊ မိုက်သွေးကြွခြင်းနှင့်အတူ သေပွဲဝင်ရ၏။ ရတက်မအေးစရာ နောက်ဆက်တွဲပြဿနာများ ဖြေရှင်း၍မဆုံး ရှိရလေသည်။ အပြစ်တင်ခြင်းတော့မဟုတ်။ သွားလာရေးနှင့်ဆက်သွယ်မှု ကုန်တင်ပို့ဆောင်ရာတွင် ဆိုင်ကယ်ကအသုံးကျ၏။ အဆင်ပြေ၏။ ထို့ကြောင့် အံဝင်ခွင်ကျဖြစ်စေလို၏။ သို့သော် အလွန်အကျွံတွေ၊ သတိမဲ့မှုတွေက အဖြစ်ဆိုးစေ၏။ လူကြီးသူမအချို့၏ ပြောရိပ်ဆိုသံ ကြားရဖူး၏။ တရုတ်က မြန်မာလူငယ် တွေကို မအိုဆေးကျွေးထားတယ်ဟု နောက်တောက်တောက်ပြောင်တောင်တောင် သတိပေးခြင်းဖြစ်၏။ တရုတ်နိုင်ငံလုပ် အရည်အသွေးမမီလှသောဆိုင်ကယ်များကို လူငယ်လူလတ်ပိုင်းတွေ အဆင်အခြင်မဲ့ သုံးနေပါက အသက်ကြုံဖွယ်ရှိလေသည်။ နောက်တစ်ခုရှိသေး၏။ လူငယ်နှင့်မူးယစ်ဆေးဝါး ပြဿနာဖြစ်၏။ မူးယစ်ကြောင့် ဘ၀ညှိုးကာ ဘိန်းဖြူသမား အမှားတစ်ကမ်္ဘာဆိုသည့် လူထုဦးလှရေးသားခဲ့သော ဥပမာကဲ့သို့ အရွယ်မတိုင်မီကြွေလွင့်ရသည်။ ပညာပေးမှု၊ ပျိုးထောင်မှုတွေကြားက ချို့တဲ့သောကျန်းမာရေး၊ ကူးစက်သော ဝေဒနာ၊ အဆုံးစွန်သောသင်္ခါရတွေ ဆက်စပ်ပေ၏။ စာရေးသူသည် အဖွဲ့အစည်းကြီးတစ်ခု၏ အစည်း အဝေးတွင် တင်ပြအဖြေရှာဖို့ လုံ့လပြုခဲ့ဖူး၏။ စာကြည့်တိုက်တစ်ခုဖွင့်လှစ်ခြင်းသည်   ထောင်တံခါးတစ်ချပ် ပိတ်ခြင်းနှင့်တူသည်ဟု ဆိုပါ၏။  သို့ဖြစ်၍  နိုင်ငံတစ်ဝန်းတွင် ဒေသစုံ၌ ငါးသောင်းအထက်ရှိသော စာကြည့်တိုက်တွေ  ဖွင့်လှစ်ကြောင်း မှတ်သားရသည်။ တစ်ဖက်တွင် နိုင်ငံတွင်း ထောင်နှင့် အကျဉ်းသား မမျှသဖြင့် တိုးချဲ့နေရကြောင်း၊ ကျပ်ညပ်နေကြောင်း အစည်းအဝေးကြီးများကတစ်ဆင့် ကြားရသည်။ ယင်းသို့သော အကျဉ်းသားများ၏ ထက်ဝက်ကျော်မှာ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေကြောင်း သိရပြန်သဖြင့် အံ့သြမိ၏။ ဘက်စုံအခင်းအကျင်းတွေဖြင့် မူးယစ်အန်္တရာယ်တိုက်ဖျက်သည့်ကြားက စိတ်မသက်မသာဖွယ် အမှတ်လက္ခဏာဖြစ်လေသည်။ မူးယစ်နှင့်လူငယ် တွဲမိခြင်းလည်းပါဝင်၏။ ဆက်စပ်ဆင်ခြင် အသိနှင့်ယှဉ် တည့်မတ်သည့်လမ်းကြောင်း ကောင်းစွာမောင်းနှင်ကြဖို့သာရှိ၏။ ဆိုခဲ့သည့်အတိုင်း အသိနဲ့သတိကင်းစေသည့်   အရက်စွဲလမ်းညှိုးနွမ်းသည့် မူးယစ် နည်းလမ်းမှန်စွာသုံးရသည့်ယာဉ်မောင်းနှင်မှုတို့သည် အရေးကြီး၏။ အစွမ်းထက် အရည်အချင်းမြင့်၊ အရင်းအမြစ်ကျသောလူငယ်တို့ အိုဇာတာနှင့် ဆုံစည်းစေချင်ပါ၏။

Read 29 times
Rate this item
(0 votes)
Last modified on Sunday, 23 February 2020 09:44

Latest from ကေတု