Print this page

တပ်မတော်သာအမိ တပ်မတော်သာအဖ

Tuesday, 10 March 2020 09:40 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်မတစ်ယောက်တည်း   အိမ်မှာရှိနေတဲ့နေ့မှာ   သေဆုံးသွားပြီဖြစ်တဲ့ ကလေးတွေရဲ့အဖေကို သတိရရင်း ပင်ပန်းခက်ခဲစွာ ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်မတို့မိသားစုဘဝ အကြောင်းတွေကို ပြန်ပြီးတွေးနေမိပါသည်။

မှတ်မှတ်ရရ ၁၉၆၅ ခုနှစ်က ဒုတိယမြောက်သား ကိုသိန်းနိုင်ကို မွေးဖွားပြီး သုံးလသား အရွယ်မှာ သမီးအကြီးမ မအေးအေးချို လေးနှစ်သမီးကို လက်ကဆွဲ သားငယ် ကိုသိန်းနိုင် သုံးလသားလေးကို ရင်ခွင်ပိုက်ပြီး သူတို့လေးတွေ၏ ဖခင်တာဝန်ကျသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့ရှိ အမှတ်(၉)ခြေလျင်တပ်ရင်းသို့ လိုက်သွားခဲ့ပါသည်။

ကျွန်မတို့ သားအမိသုံးယောက်    တပ်၏ဂိတ်ပေါက်ဝရောက်သည်နှင့်  တာဝန်ကျ စစ်သည်ကကျွန်မ၏အမျိုးသားမှာ ရှေ့တန်းစစ်မျက်နှာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန် ပါသွားကြောင်း သိလိုက်ရသဖြင့် အားကိုးတကြီးနှင့် အဝေးကြီးကနေပြီး မရောက်ဖူးသည့် ဒေသကို မိန်းမသား တစ်ယောက်တည်း အရဲစွန့်ကာလာခဲ့ရပြီး ချက်ချင်း မတွေ့ရသည်က တစ်ကြောင်း၊ ကြားလိုက်ရသည့် စကားက ရှေ့တန်းစစ်မျက်နှာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန် ပါသွားသည်ဟု ကြားရသောကြောင့် အသက်အန္တရာယ်၊ ခန္ဓာကိုယ်ချို့ယွင်းမှု အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်မိသည်က တစ်ကြောင်းမို့ စိတ်မထိန်းနိုင်ဘဲ ငိုနေမိပါသည်။

ကျွန်မစိတ်ထဲမှာ တပ်ထဲဝင်မယ်ပြောတိုင်း ဒါတွေကို တွေးမိပြီး အကြိမ်ကြိမ် တားခဲ့တာပေါ့။ တော်တော်လေးကို စစ်မှုထမ်းချင်တာပဲ။ တစ်ခါကလည်း ကျွန်မကို အသိမပေးဘဲ ပခုက္ကူမှာသွားပြီး တပ်မတော်ထဲ ဝင်ဖို့သွားခဲ့သေးတာပဲ။ ရက်အနည်းငယ် နောက်ကျသွားသဖြင့် ဝင်၍မရဘဲ ပြန်လာခဲ့ရဖူးပြီ။

''ရှင်မို့ စစ်သားလုပ်ချင်တယ်။ သားတစ်ကွဲ၊ မယားတစ်ကွဲနေရမှာကို မတွေးမိဘူးလား၊ စစ်တိုက်ရင်း သေနတ်မှန်ပြီးသေမှာ မကြောက်ဘူးလား မေးခဲ့ဖူးသည်။

ဒီလောက်တောင် ပြောနေသည့်ကြားက မလျှော့သောဇွဲဖြင့် စစ်တပ်ထဲ ဝင်ဖြစ်အောင် ဝင်သွားခဲ့တော့ ကျွန်မပါ ဆွေဝေးမျိုးဝေး နေရာကို လိုက်လာခဲ့ရပြီ။ ပြောပြီးငိုနေမိရာ ဂိတ်မှာ တာဝန်ကျနေသည့် စစ်သည်က ကျွန်မအား''အားမငယ်ပါနဲ့ညီမရယ် အစစအဆင်ပြေအောင် ဆောင်ရွက်ပေးမှာပါ''ဟု အားပေးစကား ပြောပြီးနောက် တပ်တွင်းသို့ ဖုန်းဆက် အကြောင်းကြားပေးသဖြင့် မကြာမီ ကားတစ်စီးနှင့် ရဲဘော်အချို့နှင့် ရဲမေများ ရောက်လာကာ စာရေးသူတို့ သားအမိသုံးယောက်ကို အိမ်ထောင်သည်လိုင်းခန်းသို့ ခေါ်သွားသည်။ ချက်ချင်းပင် ရေအဆင်သင့်၊ မီးအဆင်သင့် အသင့်ပြင်ဆင်ပြီး သန့်ရှင်းသပ်ရပ်သော အိမ်ခန်းတစ်ခန်းကို ကျွန်မတို့ မိသားစုနေထိုင်ရန် စီစဉ်ပေးခဲ့ပါသည်။

အခန်းချင်း ကပ်လျက်နေသည့် အမျိုးသမီးက ပအိုဝ်းလူမျိုး မထွေးကြည်၊ သူ၏အမျိုးသား အိုင်ဟိုအင်း ဆိုသူက ရှေ့တန်းစစ်မျက်နှာမှာ ရောက်နေသည်ဆို၏။ တစ်ဖက်ခန်းက ရခိုင်အမျိုးသမီး မစိန်ကျော့ဆိုသူ ဖြစ်ပြီး သူ၏အမျိုးသား ''ဒုံးချီအောင်''ဆိုသူက ရှေ့တန်းစစ်မျက်နှာမှာ ကျွန်မအမျိုးသားလိုပင် တာဝန်ကျနေသည်ဟု သိရပါသည်။

အခန်းချင်းကပ်လျက် နေသူနှစ်ယောက်လုံးက ကျွန်မကို ''အမျိုးသား တပ်မှာမရှိပေမယ့် အားမငယ်ပါနဲ့။ မမတို့အမျိုးသားတွေလည်း ရှေ့တန်းစစ်မျက်နှာမှာ ရောက်နေကြတာပါပဲ။ အိမ်မှာမရှိကြပါဘူး။ စစ်သား ဇနီးဖြစ်လာပြီလေ။ စစ်သားကို အိမ်ထောင်ဘက်ပြုမိပြီ ဆိုမှတော့ အားငယ်တဲ့စိတ်တွေ  ဖျောက်ပြီး သတ္တိတွေ မွေးရတော့မှာပေါ့။ အားမငယ်ပါနဲ့။ လိုအပ်တာ မှန်သမျှပြောပါ ကူညီမှာပေါ့''

''ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်''

အနီးအနားမှ အိမ်ထောင်သည် အမျိုးသမီးတွေလည်း ရောက်လာကာ ''သမီးလေးက ချစ်စရာလေးနော်၊ အငယ်လေးက ငယ်သေးတယ် ညီမလေး၊ လွိုင်လင်က တအားကို အေးတာနော်၊ ကလေးတွေ နွေးနွေးထွေးထွေး ထားနော်''

အားပေးစကား ပြောတဲ့သူတွေရော၊ ကျန်းမာရေး သတိပေးစကားပြောတဲ့ သူကပြောပြီး ရေတိုင်ကီ ပေးတဲ့သူ၊ ကုလားထိုင်ပေးတဲ့သူ၊ စားပွဲခုံပေးတဲ့သူ၊   ညနေစာ ထမင်းတွေ၊ ဟင်းတွေ လာပို့တဲ့သူနှင့် အိမ်ထောင်ပစ္စည်း ဝယ်စရာမလိုအောင် ပြည့်စုံသွားခဲ့သည်။

သည်အထဲမှာ ထူးထူးခြားခြား တစ်ယောက်က လက်ဖက်ခြောက်၊ ကြက်သွန်ဖြူ၊ ပဲပုပ်ပြားတွေ လာပေးရင်းက ဒို့က ကရင်မ ''နော်ထားခင်''ပါ။ မှတ်ထားနော်။ မနော်လို့ခေါ်ပေါ့။ ဒီက ညီမနာမည် ဘယ်လိုခေါ်လဲလို့ ကရင်သံဝဲဝဲလေးနှင့် ပါးချိုင့်ကလေး ပေါ်အောင်ပြုံးပြီး မိတ်ဆက်လာပါသည်။

ကျွန်မနာမည် တင်တင်ဝင်းပါ။ အားလုံးက ပစ္စည်းတွေပေး၊ အစားအစာတွေကျွေး၊ အားပေးစကားတွေ ပြောပေးလို့ ရောက်ရောက်ချင်း အိမ်ကလူကြီးကို မတွေ့ရလို့ ဝမ်းနည်းနေတာတွေ ပျောက်ကုန်ပြီ။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

သည်အချိန်မှာ ရဲဘော်သုံးယောက် စစ်တပ်ကပေးတဲ့ ဂွမ်းကပ်တွေနဲ့    ထင်းရှူးသေတ္တာကြီး သယ်လာကြပြီး ''ကျွန်တော်တို့က အစ်မကြီးရဲ့အမျိုးသားနဲ့ မိတ္ထီလာ လေ့ကျင့်ရေးတပ်မှာ  အခြေခံ သင်တန်း အတူတက်ခဲ့ကြတဲ့ သူတွေပါ။ တပ်တွင်း ဗဟိုကင်းမှာ တာဝန်ကျနေလို့ နောက်တန်းမှာ ကျန်ခဲ့တာပါ။ အစ်မတို့ သားအမိ သုံးယောက်အတွက် ချမ်းနေမှာစိုးလို့ ဂွမ်းကပ်တွေနဲ့ သေတ္တာထဲမှာ ဒန်အိုး၊ ဒန်ခွက်၊ ပန်းကန်၊ ရေခွက်က အစ အစုံပါပဲ လာပို့တာ။ အားမငယ်နဲ့နော် ကျွန်တော်တို့ကို ခိုင်းစရာရှိရင်ခိုင်းပါ''

ကျွန်မတစ်သက် မေ့ရက်စရာမရှိတဲ့ ရဲဘော်ရဲဘက်များ၏ ကူညီရိုင်းပင်းမှု၊ နွေးထွေးစွာ အားပေးမှုတွေကို ကျွန်မတို့ရွာက ဆွေမျိုး ညီအစ်ကိုမောင်နှမတွေကို ခေါ်ပြီးပြချင်မိသည်။ မိမိရပ်ရွာမှာ အိုးပိုင်အိမ်ပိုင်နှင့် မနေနိုင်ခဲ့တဲ့ဘဝ၊ ပစ္စည်းဥစ္စာ မရှိက လောကမှာ ဆွေမျိုးဆိုတာ မရှိတဲ့ဘဝကနေ အခုမှပဲ အိမ်လခပေးစရာမလို။

ရေဖိုး၊ မီးဖိုး၊ မီတာခ ပေးစရာမလို။ အိုးပိုင်အိမ်ပိုင်နှင့် နေရသလိုခံစားရသဖြင့် ကျွန်မအမျိုးသားကိုလည်း ကျေးဇူးတင်မိသလို   အမှတ်(၉)ခြေလျင်တပ်ရင်းမှ အမျိုးသား သူငယ်ချင်း ရဲဘော်များနှင့်  တပ်တွင်းမှ ရဲမေများကိုလည်း ကျေးဇူးတင်နေမိသည်။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပြီမို့ ဆင်းရဲခဲ့တဲ့ အချိန်မှာ ဆွေမျိုးဆိုတာ မရှိခဲ့ပါလား။ ကျွန်မတို့ ဇနီးမောင်နှံက ပညာသင်ဆဲ တစ်ပိုင်းတစ်စနှင့် အိမ်ထောင်ပြုခဲ့မိသည်ကို နှစ်ဖက်မိဘများက မကျေမနပ်ဖြစ်ကာ ပစ်ပယ်ထားခြင်းခံရကာ အတော်လေးကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရသည်။

အမျိုးသား၏ ဦးလေးတော်သူ ဦးပိုးလုံ(ကျောင်းဆရာ)က အိမ်ထောင်သည်ဖြစ်သည်အထိ အလုပ်အကိုင်မရှိ၊ ဆင်းရဲဒုက္ခ ရောက်နေသည်ကို မကြည့်ရက်နိုင်ဘဲ မိတ္ထီလာ လေ့ကျင့်ရေးတပ်သို့ သူကိုယ်တိုင် လိုက်ပို့ပေးမည် ပြောလာသည့်နေ့က အမျိုးသားက ''သူ့စိတ်ကူး အကောင်အထည်ပေါ်ပြီကွ''ဟုပြောကာ အပျော်ကြီး ပျော်နေသလောက် ကျွန်မတစ်ယောက်ကတော့ မပျော်နိုင်ရုံမက အိပ်လို့ပင်မရအောင် ဖြစ်နေမိခဲ့သည်။

''အစ်ကို သွားခါနီး စိတ်မကောင်းအောင် ပြောတယ်လို့တော့ မထင်လိုက်ပါနဲ့နော်။ စစ်သားကြီးတော့ မလုပ်စေချင်ဘူး။  မိဘတွေအတန်တန် တားတဲ့ကြားက   အစ်ကို့ကိုချစ်လို့ ယူခဲ့တာဆိုတော့   အကြာကြီးလည်း ခွဲမနေချင်ဘူး။ အေးအတူ ပူအမျှ အတူပဲနေချင်တယ်။ စစ်တိုက်ရမှာဆိုတော့ အစ်ကိုသေသွားမှာကိုလည်း တွေးပြီးပူမိတယ်။ ကိုယ်ဝန်ကလည်း သုံးလရှိနေပြီမို့ မသွားပါနဲ့လား'' ပြောရင်းနှင့် မျက်ရည်များပင် ကျလာမိသည်။

စစ်တိုက်တိုင်း မသေပါဘူးကွာ။   စစ်သားဆိုတာ ကိုယ့်နိုင်ငံ ကာကွယ်ဖို့   မရှိမဖြစ် လိုအပ်တယ်လေ။

တချို့နိုင်ငံတွေမှာဆိုရင် အမျိုးသားတိုင်း စစ်မှုမထမ်းဘဲ မနေရဘူးတဲ့။ စစ်ပညာတွေကို အမျိုးသားတိုင်းကို တတ်အောင်သင်ပေးထားသတဲ့။ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးတွေရဲ့ အသက်နဲ့အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်လို့''တပ်မတော်မှ သင့်ကို အလိုရှိသည်''လို့ ဆိုင်းဘုတ်တွေ ချိတ်ထားပြီး ဖိတ်ခေါ်ထားတာပေါ့။

ဒါတင်လား မိန်းမရယ်။ အစ်ကိုစစ်သားကြီး ဖြစ်သွားပြီဆိုရင် ကိုယ်ထူထောင်ထားတဲ့ မိသားစုဘဝလေးကိုလည်း ဘက်စုံက လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးမှာဖြစ်တဲ့အပြင် တကယ်လို့များ အစ်ကိုသေသွားရင်တောင် ကျန်ခဲ့တဲ့ သားသမီးတွေ ပညာသင်စရိတ်ရယ်၊ ဇနီးအတွက်ပါ မသေမချင်း ပင်စင်ငွေပေးသေးတာလေ။ အရိုးက လုပ်ကျွေးတာ စစ်သားပါကွာ။

တပ်မတော်ထဲမှာ အနှစ် ၂ဝ တာဝန်ထမ်းကာ တပ်မတော် ပညာရေးကျောင်းမှ ဆက်ပြီး ပညာသင်ခွင့်ရ၍ တန်းမြှင့်ကျောင်းထွက် လက်မှတ်ရခဲ့သည်။  ဖခင်ဖြစ်သူလည်း  တပ်ထဲက ပညာဆက်ပြီး သင်ခွင့်ရခဲ့သလို သားသမီးခြောက်ယောက်ကို တပ်ကကျောင်းကားနှင့် ပို့ပေးပြီး ပညာသင်ခွင့် ရခဲ့သည်။ ၁၉၆၅ ခုနှစ် တပ်သားသစ် တစ်ယောက် လစာငွေ ၅၆ ကျပ်သာ ရရှိသော်လည်း ညနေတိုင်း စစ်သားတစ်ယောက်အတွက် အသားတစ်မျိုးမျိုးနှင့် အသီးအရွက် ရိက္ခာစိုအဖြစ် ရရှိသည့်အတွက် ကျွန်မတို့ တစ်မိသားစုလုံး ရောနှောချက်ပြုတ် စားလောက်ပါသည်။ ရိက္ခာခြောက်အဖြစ် တစ်ပတ်တစ်ခါ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ငါးပိ၊ ကုလားပဲ၊ နို့ဆီ၊ သကြား၊ နနွင်းမှုန့်ကအစ ရရှိသဖြင့် လစာ ၅၆ ကျပ်ထဲမှနုတ်ပြီး မီးဖိုချောင်စရိတ်ထည့်ရန်မလို။ အိမ်လခ၊ ရေဖိုး၊ မီးဖိုးပေးရန်မလို။ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရကာ အခမဲ့ ဆေးကုပေးသည်။

သားသမီးတွေ ငယ်စဉ်က တပ်မှထောက်ပံ့မှုဖြင့် ပညာသင်ခွင့်ရပြီး ဘွဲ့တွေအသီးသီး ရကာ တပ်ထဲမှာ မွေးခဲ့သော၊တပ်ထဲမှာကြီးခဲ့သော သားတွေ တပ်မတော်တွင် ဝင်ရောက် အမှုထမ်းကြသည်။ ၂၇.၃.၁၉၈၉ တပ်မတော်နေ့မှာ ကြည်း ၂ဝ၆၃ဝ ဗိုလ်သိန်းနိုင် ဇွဲအောင်လင်း စစ်ဆင်ရေး  မဲလစခန်းသိမ်းပွဲတွင် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ရ၏။

စစ်တိုက်တိုင်း မသေပါဘူးကွာဆိုတဲ့ အိမ်ဦးနတ်ကြီးကတော့ ပင်စင်ယူပြီး အိမ်ဦးမှာ ကောင်းကောင်း နေသွားသည်။ စစ်တိုက်၍ မသေဘဲ ပင်စင်ယူပြီး သေဆုံးသွားခဲ့ပြီ။''အရိုးက လုပ်ကျွေးတာ စစ်သားပါကွာ''ဆိုတာ သတိရနေမိသည်။ ပင်စင်ယူပြီး သေဆုံးသူက ၇၅ နှစ်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူ အဘွားကြီးကို ပင်စင်ငွေ တစ်သိန်းနီးပါးပေးခဲ့ပြီ၊ တိုင်းပြည်အတွက် အသက်ပေးလှူသွားသော သားကြီးက နှစ်သိန်း သုံးသောင်းပေးခဲ့ပြီ။ ရွှေပေါက်ကံတွင် သားကြီးကျဆုံးသူ၏ အမည်ဖြင့်ရသော မြေတွင် တိုက်တစ်လုံး ခိုင်ခိုင်မာမာ ဆောက်လုပ်ကာ တပ်မတော်အရိပ်ကို ခိုလှုံပြီး တပ်မတော်မှ ထောက်ပံ့မှုဖြင့် အိုကံကောင်းစွာ နေရသဖြင့် ကျွန်မတို့မိသားစု ဘဝသည် ''တပ်မတော်သာအမိ တပ်မတော်သာအဖ''ဟု ခံယူကာ ကျေးဇူးတင်မိပါသည်။ 

ဗိုလ်ချိုမြေ-တင်တင်ဝင်း

Read 30 times
Rate this item
(0 votes)
Last modified on Tuesday, 10 March 2020 09:42
ကေတု

Latest from ကေတု