SJ WorldNews - шаблон joomla Авто

အားသစ်ဖြည့်လောင်း စွမ်းရည်ကောင်းဖြင့် သွန်းထုပုံဖော် တပ်မတော်

Wednesday, 18 March 2020 10:36 Written by  font size decrease font size decrease font size increase font size increase font size

အတိတ်သမိုင်းကြောင်းကိုခြေရာကောက်ကြည့်လျှင် သူ့ကျွန်ဘဝသည် ခါးသီးလွန်းလှသည်။ တိုင်းတစ်ပါးသားတို့ အုပ်စိုးမှုခံကြရသည့်  ပြည်သူလူထု၏ စိတ်နှလုံးသားထဲတွင်    အကျဉ်းစံခြေချုပ် မိသကဲ့သို့ မလွတ်လပ်မှုများ နေ့စဉ်ရက်ဆက် ခံစားနေကြရမည်မှာ မြေကြီးလက်ခတ် လွဲနိုင်လိမ့်မည် မထင်မိပေ။ ပြည်သူလူထု၏ စိတ်အစဉ်တွင် ကိုယ့်မင်းကိုယ့်ချင်း အုပ်စိုးမှုကို ခံယူလိုကြပေသည်။ တိုင်းတစ်ပါးသားတို့ အုပ်ချုပ်မှုကို တစ်ရက်ကလေးမျှပင် ခံယူလိုသူမရှိပေ။ ရရာလက်နက် စွဲကိုင်တော်လှန်မှုများတွင် တောင်သူလယ်သမား၊  အလုပ်သမား၊ ကျောင်းသား အလွှာအသီးသီးမှ မျိုးချစ်စိတ်ဓာတ် ရှိသူများစွာ ပါဝင်လှုပ်ရှား အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ စစ်ရေးစစ်ရာ ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် မြန်မာတို့၏ စိတ်ဓာတ်၊ တိုက်ခိုက်ရည် မညံ့လှသော်လည်း နယ်ချဲ့အင်္ဂလိပ်တို့၏ စနစ်တကျ စုဖွဲ့မှုအင်အား၊ စစ်နည်းဗျူဟာ စစ်ပညာများက သာလွန်နေခဲ့သည်။ ခေတ်မီလက်နက်များက မြန်မာ့မြေကို သိမ့်သိမ့်တုန်ခဲ့သည်။ မျိုးချစ်သူရဲကောင်းများ၏ မြန်မာ့သွေး၊ မြန်မာ့ဇာတိမာန်က အားမတန်မာန်လျှော့ အရေးနိမ့်ခဲ့ရသည့်တိုင် စိတ်နှလုံးသားဝယ် သူ့ကျွန်မခံစိတ်ဓာတ်များ သံမှိုစွဲခိုင်မြဲနေမည်ဟု ယုံကြည်သည်။

တစ်ခေတ်ပြန်ပြောင်း စောင်းငဲ့ကြည့်ရလျှင် ၁၃ဝဝ ပြည့် အရေးတော်ပုံ အခြေခံလျက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်၏ ခက်ခဲပင်ပန်းစွာ အခြေခံစစ်ပညာ သင်ယူခြင်း၊ မြန်မာ့လွတ်လပ်ရေးအတွက် လက်မောင်းသွေးဖောက်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းနိုင်ခဲ့သည်အထိ မျိုးချစ်စိတ်ဓာတ် ပြင်းထန်ခဲ့ကြသည်။ အဆင့်ဆင့်သော ပြန်လည်သိမ်းပိုက်မှုများတွင် ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ရယူရန် စစ်ကြောင်းအမျိုးမျိုး၊ စစ်ဗျူဟာ အမျိုးမျိုးဖြင့် စိတ်ဓာတ်အသာ၊ ရဲစွမ်းသတ္တိစိတ် အပြည့်ဖြင့် အသုံးပြု တိုက်ခိုက်ခဲ့သည်။ ဖက်ဆစ်တို့၏ ရွှေရည်စိမ် လွတ်လပ်ရေးကိုလည်း လက်မခံပေ။ ပြည်သူနှင့်တပ်မတော် ပူးပေါင်းတော်လှန်မှုသည် စည်းလုံးခြင်းအင်အား ပိုမိုကြီးထွား ဖြစ်ပေါ်လာသဖြင့် ဖက်ဆစ်တို့ အကြီးအကျယ် တုန်လှုပ်ချောက်ချားခဲ့ကြရသည်။ ပြည်သူတစ်ရပ်လုံးမှာလည်း တပ်မတော်၏ အရေးပါမှုကို  မျက်ဝါးထင်ထင် တွေ့ရှိခဲ့ရပြီး အရေးကြုံက သက်လုံကောင်းရန်  လိုအပ်ပုံကိုလည်း နားမျက်စိပွင့် သိရှိခဲ့ကြရသည်။

နိုင်ငံတော်နှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ရေးသည် ဒွန်တွဲဆက်စပ်နေသည်။ အချုပ်အခြာ အာဏာပိုင်မြေထု၊ လေထု၊ ရေထုကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်ပေးနိုင်သော အကျိုးပြု အဖွဲ့အစည်းကို စိစစ်ရှာဖွေကြည့် လျှင် တပ်မတော်ကို အထင်အရှား တွေ့ရှိရပါသည်။ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေး၊ ပိုင်နက်နယ်မြေ မဆုံးရှုံးရေး အသက်၊ သွေး၊ ချွေး စတေးပေးဆပ် ကာကွယ်ပေးခဲ့သည်မှာ သမိုင်းဝင် တိုက်ပွဲများစွာကိုကြည့်လျှင် သိနိုင်ပါသည်။ တပ်မတော်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ရှမ်းဟူသောတစ်အူထုံ့ဆင်း တိုင်းရင်းသား သွေးချင်းညီအစ်ကို အင်အားများစွာဖြင့် တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားလိုစိတ်ဖြင့် အရောင်အသွေးမခွဲခြား ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စု တပ်မတော်လည်းဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ် အင်အားအစပြု၍ တပ်မတော် တစ်ရပ်ဖြစ်လာသည်အထိ တပ်မတော် တည်ထောင်မှုဖြစ်စဉ်မှာ လွယ်လင့်တကူ မဟုတ်ဘဲ အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံကြားမှ ပေါက်ဖွားရှင်သန်ခဲ့ရပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း အမွေအဖြစ် သတ်မှတ်ဆက်ခံခဲ့သည်။ တိုင်းပြည်အတွက် ကျရာနေရာ တာဝန်သိသိ၊ သစ္စာရှိရှိ မြတ်သော အသက်ကိုပင် စွန့်လွှတ်စွန့်စားရဲသော စိတ်ဓာတ်များ ပိုင်ဆိုင်ပြီး သံမဏိစည်းကမ်းကို အခြေတည်စနစ်တကျ ဖွဲ့စည်းထားသည့် မျိုးချစ်တပ်မတော်လည်းဖြစ်သည်။

လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွားလာသည့် တပ်မတော်၏ ဂုဏ်ဒြပ်က  ယနေ့တိုင် သက်ဝင် လှုပ်ရှား တည်ရှိနေဆဲ ဖြစ်ပါသည်။လွတ်လပ်ရေး အမွေတစ်ရပ် ထိန်းသိမ်းရန် ကာကွယ်ရေး တာဝန်ကို တစိုက်မတ်မတ် အသက်၊ သွေး၊ ချွေးစတေး တိုက်ပွဲဝင်လျက် နိုင်ငံတော်ကို စဉ်ဆက်မပြတ်  ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးလျက် ရှိသည်။ နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းအခြေအနေ အရပ်ရပ်ကို ပြည်သူလူထု အကျိုးမြော်တွေးပြီး အသက်၊ သွေး၊ ချွေးပေးဆပ် ရပ်တည်လာခဲ့သည်မှာ ယနေ့တိုင်သက်သေခံနေဆဲဖြစ်ပါသည်။

တပ်မတော်၏ အဓိက ဦးတည်ရည်ရွယ်ချက်မှာ ပြည်ပရန်ကို ကာကွယ်ရန်ဖြစ်ပါသည်။ တိုင်းရင်းသား အချင်းချင်း ရန်ဖြစ်ရန် ဆန္ဒမရှိ၊ ပကတိအမြင်ဖြင့် ညှိနှိုင်းဆွေးနွေးရန် အမြဲဆန္ဒရှိနေသော၊ ငြိမ်းချမ်းရေးကို လိုလားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ခေတ်မီတပ်မတော် တည်ဆောက်ခြင်း အပိုင်းတွင်လည်း   ပြည်ပရန်ကို ကာကွယ်ရန် နိုင်ငံရေးအမြင်၊  အမျိုးသားရေးအသိ၊ အမျိုးသား အကျိုးစီးပွားအတွက် ပြည်သူကိုဗဟိုပြု တည်ဆောက်ထားခြင်းသာဖြစ်ပါသည်။ တစ်ချိန်ကပြည်ပစစ်ရေး ပြဿနာတစ်ခုဖြစ်သည့် တရုတ်ဖြူကူမင်တန် တပ်များ၏ ကျူးကျော်မှု အန္တရာယ်ကို စိတ်ဓာတ်ခွန်အား အသာဖြင့် ရွပ်ရွပ်ချွံချွံ တွန်းလှန်နိုင်မှု ရလဒ်အဖြေကို ဆန်းစစ်ကြည့်ပါက  ပြည်သူလူထုနှင့် တပ်မတော်ပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းလုံး ညီညွတ်ခြင်းကြောင့် ဖြစ်တည်ရသော အောင်မြင်မှုဖြစ်ပါသည်။ ပြိုင်တူတွန်းက အမှန်တကယ် ရွေ့နိုင်ပါသည်။

တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို အမြဲဦးထိပ်ပန်ဆင်သော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။

အခက်အခဲမျိုးစုံကို  ရင်ဆိုင် ကျော်လွှားနိုင်သော စိတ်ဓာတ်ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ သစ္စာရှိသော၊ အမျိုးချစ်သော၊ စည်းကမ်းသေဝပ်သော၊ စည်းလုံးညီညွတ်သော၊ စွန့်လွှတ်စွန့်စားစိတ်ရှိသော ဂုဏ်ဒြပ်များစွာဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် အထောက်အပံ့ပြုနေမည်သာဖြစ်ပါသည်။ သားစဉ်မြေးမြစ် ပြောထုံးဖြစ်စေဟူသော အတိတ်သမိုင်းများစွာက သူရဲကောင်း စစ်သည်တော်တို့၏ နိုင်ငံတော် ကာကွယ်ရေးစွမ်းရည်၊  တိုက်ခိုက်ရေး စွမ်းရည်ပြည့်ဝခဲ့ပုံများကို မီးမောင်းထိုးပြနေဆဲဖြစ်ပါသည်။

လူတိုင်း အသက်ကို မက်မောကြစမြဲဖြစ်ပါသည်။ အသားပင် မနာကျင်လိုကြပေ။ အပ်၊ ဆူး၊ ဓားပင်ထိရှထိုးစွမခံလိုကြပေ။ အသက်ခန္ဓာကို စောင့်ရှောက်ခြင်းက လူ့သဘာဝ တစ်ခုဖြစ်ပါသည်။  လူသားဆန်သော ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါသည်။ သို့သော် တပ်မတော်မှာကား တိုင်းပြည်အတွက် လိုအပ်လာပါက မြတ်သော အသက်ကိုပေးလှူရန် အသင့်ရှိကြပါသည်။ ကျည်ဆန်၊ ယမ်းငွေ့ကြား စွန့်လွှတ်စွန့်စား သွားလာနေကြရသည်။

မနက်ဖြန်၏ဖြစ်စဉ်များစွာကို မက်မောတမ်းတခွင့်မရှိ၊ အမိန့်တာဝန်ညွှန်ရာ လမ်းပြမြေပုံထက် ခရီးဆက်နေကြသူများဖြစ်သည်။ နေ့ထူးနေ့မြတ်မသိ၊ ပျော်ရွှင်ခြင်းအစား နိုင်ငံတော် အပေါ်ထားသည့် ကတိသစ္စာကို စောင့်ထိန်းသူများဖြစ်သည်။ စစ်သည်တိုင်း၏ တူညီသောယုံကြည်ချက်မှာ နိုင်ငံ့ပိုင်နက်နယ်မြေကို တစ်လက်မအထိမခံ အမျိုးဘာသာ သာသနာတော်ကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ပါသည်။

တပ်မတော်အင်အား ရှိသင့်ပါသည်။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဆိုစကားသည် အမှန်တရားဖြစ်ပါသည်။ ကြည်း၊ ရေ၊ လေ ပေါင်းစုအားဖြင့် တည်ထောင်ပြု ပြည်ထောင်စု တပ်မတော်ဖြစ်သဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊   တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်  နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုလျက် လက်ရုံးရည်၊ နှလုံးရည် အသုံးပြုစွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်နေသော တပ်မတော်ဖြစ်ပါသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု  ပျက်ပြားလျှင် မမျှော်လင့်သော ပြဿနာများ၊ ဆိုးကျိုးများစွာ ပေါ်ပေါက်ဝင်ရောက် လာနိုင်ပါသည်။အမိမြေကို ချစ်မြတ်နိုးသူတိုင်း၏ ဦးတည်ချက် ပန်းတိုင်သည် အလုံးစုံငြိမ်းချမ်းရေး ပန်းတိုင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ရရှိမှသာ ပိုမိုကောင်းမွန်သော လူ့လောကအသိုက်အဝန်းကို  ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံတော်အစိုးရ၊  ပြည်သူနှင့် တပ်မတော် အတူတကွ လက်တွဲညီညီဆောင်ရွက်မှသာ ပီပီပြင်ပြင် ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ တိုင်းရင်းသားပေါင်းစုံဖြင့် အေးအတူပူအမျှ နေထိုင်သည့်  ပြည်ထောင်စု အဝန်းအဝိုင်းကြီး ရေရှည်တည်တံ့ခိုင်မြဲရေးမှာ အလွန်ပင် အရေးကြီး လှပါသည်။ တိုင်းရင်းသား ပြည်သူအချင်းချင်း ရန်လိုမုန်းတီးမှု အတ္တကိုဖယ်ရှားပြီး အများအကျိုး ဆောင်ရွက်ပေးလိုစိတ် ပရမျှတသော စိတ်ဓာတ်ဖြင့် အတူတကွ ငြိမ်းချမ်းရေး ရပ်ဝန်းဆီသို့ ချီတက်ကြရပါမည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တိုင်းပြည်ငြိမ်းချမ်းရေးသည် အဓိကကျလျက်ရှိပါသည်။

နိုင်ငံတော် အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ဆောင်နေသည်ကို တွေ့မြင်ရပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် သိမ်မွေ့နက်နဲသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး တစ်ဦးကိုတစ်ဦး ယုံယုံကြည်ကြည်ဖြင့် စိတ်ရှည်သည်းခံလျက် ငြိမ်းချမ်းရေး ပန်းတိုင်ဆီသို့ တစိုက်မတ်မတ် အတူတကွ ချီတက်သွားရန်ဖြစ်ပါသည်။

နိုင်ငံ့အကျိုးကို အစဉ်ယှဉ်တွဲကြည့်လေ့ ရှိသော သမိုင်းဂုဏ်မညှိုး တိုးလို့အောင်မြင်ခဲ့သည့် တပ်မတော်၏ ဂုဏ်သတင်း အရပ်ရပ်မှာ  မမှိန်မပျောက် အရှိန်တောက်ပြောင်လျက်   နှစ်အလီလီ ဖြတ်သန်းလာခဲ့ရာ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့သို့ပင် တိုင်ခဲ့ပြီဖြစ်ပါသည်။ ဒို့တာဝန်အရေးသုံးပါးကို အသက်ပမာ မြတ်နိုးလျက် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးဟူသော အဓိကတာဝန်ကို သစ္စာရှိရှိ၊ ရဲရဲဝံ့ဝံ့ ထမ်းဆောင်နေဆဲဖြစ်ပါသည်။

ကာကွယ်ရေးတာဝန်သည် စစ်ရေးတစ်ခုသာမက များစွာနက်နဲ ကျယ်ပြန့်လွန်းလှပါသည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ လိုအပ်ပါက ပြည်သူ့အကျိုးပြု ကိစ္စနယ်ပယ် အသီးသီးတွင် ပါဝင်ဆောင်ရွက်ပေးရေး ကဏ္ဍစုံပါဝင်နေသည်ကို တွေ့ရပါသည်။ ပြည်သူနှင့် ထိတွေ့ဆက်ဆံရသည့်  ပြည်သူ့အကျိုးပြု ကိစ္စများသည်  လွန်စွာသိမ်မွေ့ နက်နဲလွန်းလှပါသည်။ ရထားလမ်း၊ ကားလမ်းဖောက်သည့် လုပ်ငန်း၊ ရေကြီးရေလျှံ သဘာဝ ဘေးကယ်ဆယ်ရေး လုပ်ငန်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများ ပါဝင်နေသည်ကို တွေ့ရပါသည်။ ထို့ပြင် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် တပ်မတော် နယ်လှည့် ဆေးတပ်ဖွဲ့များ၏ တောင်တန်းမြေပြန့်မခွဲခြား၊ အသားအရောင်မခွဲခြား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့်မြင်ကွင်းများက သတင်းစာ၊ ရုပ်မြင်သံကြား အစီအစဉ်များတွင် မျက်ဝါးထင်ထင် တွေ့မြင်ရပါသည်။

အဆိုပါလူမှုရေး လုပ်ငန်းများသည် ကာကွယ်ရေး တာဝန်နှင့် တွဲစပ်လျက်ရှိသော    ကိုယ်ကျိုးမဖက် စေတနာသက်သက် လုပ်ငန်းများသာဖြစ်ပါသည်။

အမှန်စင်စစ်အားဖြင့် တပ်မတော်သည် ပြည်သူကဖွား တပ်မတော်သားများဖြစ်ကြပါသည်။ သစ္စာလေးချက် ထမ်းရွက်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် မြတ်သော အသက်ကို ပေးလှူထားသူများလည်း ဖြစ်သည်။ ဆူးငြောင့်မကြောက်၊  တောတောင်ကိုဖောက်ပြီး  အန္တရာယ်အသွယ်သွယ်ကို   ဒူးမထောက်၊   လက်မမြှောက် ရင်ဆိုင်နိုင်စွမ်းရှိသူများဖြစ်သည်။ စစ်သည်များ၏ စိတ်ဓာတ်အင်အားများက မာကျောလွန်းလှသည်။

သံမဏိစိတ်ဓာတ် ပိုင်ရှင်များဟုပင်  တင်စားရင်း (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို လှိုက်လှဲစွာ ကြိုဆိုလျက် အားသစ်ဖြည့်လောင်း စွမ်းရည်ကောင်းဖြင့် သွန်းထုပုံဖော် တပ်မတော်ဟု  ဂုဏ်ပြုရေးသားလိုက်ရပါသည်။  

ထက်ဝေအောင် (စစ်ကိုင်း)

Read 15 times
Rate this item
(0 votes)
Last modified on Wednesday, 18 March 2020 13:34

Latest from ကေတု