SJ WorldNews - шаблон joomla Авто

ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ တည်သရွေ့ တို့တပ်မတော်

Monday, 23 March 2020 09:24 Written by  font size decrease font size decrease font size increase font size increase font size

''ဒီဗမာပြည်ကို ကျုပ်တို့လွတ်လပ်ရေး ရတဲ့အခါမှာ ကျုပ်တို့ဗမာတွေကသာလျှင် ဗမာပြည်ကို ကာကွယ်ရမယ့် တာဝန်က အဓိကတာဝန်ဖြစ်တယ်။ ဒီတော့ အရင်တုန်းကလို ခင်ဗျားတို့ အေးအေးဆေးဆေးနေလို့ မဖြစ်နိုင်တော့ဘူး။ ကျုပ်တို့တိုင်းပြည် အစိုးရလုပ်တဲ့သူတွေက တိုင်းပြည် ကာကွယ်ဖို့အတွက် ဗမာပြည်မယ် စစ်သားနည်းနေတယ် ဆိုလို့ရှိရင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့ လူမှန်သမျှ၊ ကျန်းမာတဲ့ လူမှန်သမျှ စစ်မှုမထမ်းမနေရ ဆိုပြီးတော့ အတင်းဥပဒေနဲ့ နေပြီး စစ်ထဲမယ် ထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန်လုပ်ရလိမ့်မယ်။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည် စစ်ထဲဝင်ရမယ်။ ဝင်ပြီးတဲ့နောက် စစ်ဖြစ်တဲ့အခါမှာ ဝင်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့ တိုက်ချင်တိုက်ချင်၊ မတိုက်ချင် မတိုက်ချင် ဝင်တိုက်ရမှာပဲ။ အဲဒါကလည်း တာဝန်ပဲ''

အထက်ပါမိန့်ခွန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့ အစည်းအဝေးကြီးတွင် လွတ်လပ်ရေး ဗိသုကာဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း ဖြစ်ပါသည်။

အမြော်အမြင်ကြီးမားသည့် အမျိုးသားခေါင်းဆောင်ကြီးသည် နိုင်ငံတော် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထာဝရ တည်မြဲစေရန်အတွက် တပ်မတော်ကို အားကိုးအားထား ပြုသကဲ့သို့ ပြည်သူတို့၏ တာဝန်ကိုလည်း တစ်ပါတည်း လမ်းညွှန်ပြဋ္ဌာန်း ပေးခဲ့လေသည်။

စင်စစ်   ကမ္ဘာ့နိုင်ငံ အသီးသီးတွင်   တပ်မတော် အသီးသီး ရှိကြသည်။  ယင်းတပ်မတော်တို့သည်  သူ့နိုင်ငံ၊ သူ့သမိုင်းကြောင်းနှင့် ရှိနေကြသည်။ ထို့အတူ ကျွန်တော်တို့နိုင်ငံ၏ သမိုင်းကြောင်းသည်လည်း ကိုယ့်သမိုင်းနှင့် ကိုယ်ရှိနေပါသည်။

သို့သော် အခြားသော နိုင်ငံတိုင်း၏ သမိုင်းကြောင်းများနှင့်     တူချင်မှတူပေလိမ့်မည်။   ကျွန်တော်တို့ တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်းထဲမှ ပေါက်ဖွားလာသော တပ်မတော်ဖြစ်သည်။

ဤသို့ ''မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်း''ဟု ဆိုခဲ့မိသည့်အတွက်  မြန်မာနိုင်ငံနှင့် လွတ်လပ်ရေး သမိုင်းကြောင်း၊ ထို့နောက် လွတ်လပ်ရေး သမိုင်းကြောင်းနှင့် ယှဉ်တွဲပေါ်ပေါက်လာသော တပ်မတော် သမိုင်းကြောင်းသည်လည်း မပြောမပြီး ဖြစ်ရလေပြီ။

သမိုင်းအစဉ်အလာ ကြီးမားခဲ့သော အနော်ရထာ၏ ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်၏ ဒုတိယမြန်မာနိုင်ငံတော်နှင့် အလောင်းမင်းတရားကြီး  ဦးအောင်ဇေယျ၏ တတိယ မြန်မာနိုင်ငံတော်တို့သည် ကုန်းဘောင်ခေတ်နှောင်း ပိုင်း ကာလများတွင်  အစစအရာရာအင်အားချည့်နဲ့ လာခဲ့လေသည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလသည် ဧကရာဇ်မင်းတို့၏ နေဝင်ချိန်ဖြစ်ခဲ့သည်။ အုပ်ချုပ်သူ ဘုရင်သည် မိမိ၏ ဘုန်းတန်ခိုး ကြီးထွားရေးကိုသာ ကြိုးပမ်းအားထုတ်လျက်ရှိပြီး လွတ်လပ်ရေး ဆုံးရှုံးခံ မြန်မာနိုင်ငံအောက်ပိုင်းကိုမူ မေ့လျော့နေလျက်ရှိသည်။

ထိုကာလက တပ်မတော်ဆိုသည်မှာ ထောင်ဂဏန်းကျော်မျှသာ ရှိသော ဘုရင့်တပ်မတော်မှ လွဲ၍ စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားသော အမြဲတမ်း တပ်မတော်မရှိ။ ယင်းအခြေအနေကို ကောင်းစွာသိရှိ နားလည်ခဲ့သော ကနောင်မင်းသားကြီးသည် ခေတ်မီလက်နက်ကိုင် တပ်မတော်ကြီးဖြစ်ရန် ကြိုးပမ်းအားထုတ်သော်လည်း ဧကရာဇ် မင်းညီမင်းသားတို့၏ အာဏာလုပွဲ အောက်တွင် ရေတိမ်နစ်ခဲ့ရလေသည်။ ထို့နောက်ပိုင်းတွင်လည်း အုပ်ချုပ်သူအချင်းချင်း၊ မင်းညီမင်းသား အချင်းချင်း ဂိုဏ်းဂဏ အုပ်စုကွဲကာ ညီညွတ်မှုပျက်ပြားခဲ့သဖြင့် နိုင်ငံတော်၏ အင်အားချည့်နဲ့ခဲ့သည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ စတင်ခဲ့သည်။ ထိုစစ်ပွဲတွင် ပစ်ခတ် တိုက်ခိုက်ခဲ့သော အင်္ဂလိပ်တို့၏ ခေတ်မီအမြောက်များနှင့် လက်နက်စွမ်းပကားများကို မြန်မာ့တပ်မတော် အနေဖြင့် မည်သို့မျှယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။ ယင်းကား ခေတ်မီတပ်မတော် မရှိခြင်းကြောင့် ကျွန်ဖြစ်ရသည့် သမိုင်းသင်ခန်းစာထဲမှ အဓိက အချက်တစ်ချက်ပင်ဖြစ်သည်။

၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအတွင်း သွတ်သွင်းလိုက်ကြောင်း ကမ္ဘာသို့ကြေညာခဲ့သည်။ မြန်မာတိုင်းရင်းသားတို့သည်  နယ်ချဲ့အင်္ဂလိပ်တို့အား ၁ဝ နှစ်ခန့်  ပြင်းပြင်းထန်ထန် တော်လှန် တိုက်ခိုက်ခဲ့သော်လည်း ခေတ်မီ တပ်မတော်မရှိသဖြင့် ကျရှုံးခဲ့ရလေသည်။

ထို့နောက် မြန်မာတိုင်းရင်းသားတို့သည် နယ်ချဲ့အင်္ဂလိပ် လက်အောက်မှ   လွတ်မြောက်ရန်အတွက် နိုင်ငံရေးနည်းကို ပြောင်းလဲကျင့်သုံး ခဲ့လေသည်။ ၁၉ဝ၆ ခုနှစ်မှစ၍ အမျိုးသား လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့အား ဆန့်ကျင်လာခဲ့သည်။ ထို့နောက် တဖြည်းဖြည်း အရှိန်အဟုန်မြင့်မားလာကာ ၁၉၂ဝ  ပြည့်နှစ်၊ ၁၉၃၆ ခုနှစ်နှင့် ၁၉၃၈ ခုနှစ်တို့တွင် တက္ကသိုလ် ကျောင်းသားသပိတ်တိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။

၁၉၃၈ ခုနှစ် တတိယအကြိမ် ကျောင်းသားသပိတ်နှင့် ၁၃ဝဝ ပြည့် အရေးတော်ပုံတို့သည် ထင်ရှားသော နိုင်ငံရေး လှုပ်ရှားမှုပင်ဖြစ်သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတွင် ကျောင်းသား၊ လယ်သမား၊ အလုပ်သမားများနှင့် ရဟန်းရှင် လူထုအပေါင်း ပူးပေါင်းပါဝင် ခဲ့ကြသည်။ သို့တိုင်အောင် နိုင်ငံရေး သက်သက်နှင့်ကား အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး မရနိုင်ကြောင်း မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များက   သုံးသပ်မိခဲ့ကြသည်။

ယင်းသည်ကား မြန်မာ့တပ်မတော်တစ်ရပ် ပေါ်ထွန်းလာခြင်း၏ အစဖြစ်ပေသည်။

၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့ အကျပ်အတည်း တွေ့နေချိန် မြန်မာတို့သည် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရန်အတွက် တပ်မတော်ဖွဲ့စည်းရန် ဆန္ဒပြင်းပြ လာခဲ့ကြသည်။

သို့ဖြင့် မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏ အစီအမံဖြင့် ဂျပန်တို့နှင့် အဆက်အသွယ်ရကာ သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်တို့ သည်    ဟိုင်နန်ကျွန်းနှင့်     ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာ သင်ကြားခဲ့လေသည်။ ဂျပန်တို့ထံမှ စစ်ပညာကို အပြင်းအထန် သင်ကြားခဲ့ပြီးနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဗန်ကောက်မြို့၌ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့လေသည်။

ယင်းနောက် ဘီအိုင်အေ တပ်မတော်သည် ဂျပန်တပ်မတော်၏ ကွပ်ကဲမှုဖြင့်     နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သည်။

မြန်မာ့မြေပေါ်သို့ရောက်လာကြသော   ဖက်ဆစ်ဂျပန်တို့သည် အင်အား ကြီးထွားလာသည့် ဘီအိုင်အေ တပ်မတော်ကို ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ဖျက်သိမ်း၍ လူအင်အား ၃ဝဝဝ ခန့်ဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် ခေါ် ဘီဒီအေကို ပြန်လည်ဖွဲ့စည်းခဲ့လေသည်။   ဖက်ဆစ်ဂျပန်တို့သည်   မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးကြောင်း ၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက်တွင် ကြေညာခဲ့သည်။ ထိုလွတ်လပ်ရေးကား ရွှေရည်စိမ် လွတ်လပ်ရေးပင်ဖြစ်သည်။

ဖက်ဆစ်ဂျပန်တို့၏ လက်အောက် မြန်မာတိုင်းရင်းသားများသည် အနေဆင်းရဲ၊ အစားဆင်းရဲကာ ဒုက္ခပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ ဂျပန်တို့၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများကိုလည်း နေ့စဉ်ခံစားကြရလေသည်။ တပ်မတော်နှင့် ဂျပန်တို့၏ ဆက်ဆံရေးမှာ လည်း တစ်စတစ်စ ဆိုးရွားလာခဲ့သည်။ တပ်မတော်သည်   ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့အဖွဲ့ချုပ်အား ဦးဆောင်မှုပေးကာ ဖက်ဆစ်တော်လှန်ရေး အတွက် ပြင်ဆင်ရတော့သည်။ ထို့နောက် ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင်   တိုင်းရင်းသား ပြည်သူလူထုနှင့်အတူ ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွှဲရလေတော့သည်။    

ထူးခြားလေးနက်သည့်ယင်းနေ့ကို ''တပ်မတော်နေ့'' အဖြစ် ပြုလုပ်ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် ''၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့'' တိုင်ခဲ့ပြီဖြစ်သည်။

လွတ်လပ်ရေးရပြီးကာလမှ ၁၉၅၅ ခုနှစ်အထိမတ် ၂၇ ရက်ကို တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့

သည်။   ၁၉၅၅ ခုနှစ်  မတ်လဆန်းတွင် ပြုလုပ်သော ဖဆပလအစိုးရအဖွဲ့၏ ဝန်ကြီးများ အစည်းအဝေးတွင်ထိုစဉ်က ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးဗဆွေက မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့် တပ်မတော်နေ့ ရှိသင့်ကြောင်း တင်ပြဆွေးနွေးခဲ့ရာ ဖဆပလအစိုးရ အဖွဲ့ဝင်များက တပ်မတော်နေ့အဖြစ် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင် အေ) စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ရက်ကို သတ်မှတ်ရန် စဉ်းစားခဲ့သော်လည်း ဘီအိုင်အေ တပ်မတော်သည် ဂျပန်အကြံပေး အရာရှိများ၏ လက်အောက်တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့ကွပ်ကဲမှုဖြင့် တိုက်ပွဲဝင်ခဲ့ရသောကြောင့် လွတ်လပ်သော တပ်မတော်မဟုတ်။   ဖက်ဆစ်တော်လှန်ရေးလုပ်မှသာ    ဂျပန်အကြံပေးအရာရှိများအားဖယ်ရှား၍ လွတ်လပ်သော မျိုးချစ်တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းနှင့် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာ တိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့်မတ် ၂၇ ရက်နေ့အား တပ်မတော်နေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။

တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော် လွတ်လပ်ရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်လိုသည့် ဆန္ဒပြင်းပြစွာရှိ ပါသည်။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ကို ကောင်းစွာနားလည် သဘောပေါက်သည်။ ပြည်သူတစ်ရပ်လုံးကလည်း ဝိုင်းဝန်းကူညီ စေသည်။

တစ်နေ့တွင်    ဗိုလ်ချုပ်သည်   အပါးတော်မြဲ ဗိုလ်ထွန်းလှကို ခေါ်၍ပြောသည်။   နောင်တစ်ချိန် လွတ်လပ်ရေးရသည့်အခါ လွတ်လပ်ရေးကို ကာကွယ်ဖို့ ခေတ်မီတပ်မတော် လိုအပ်ကြောင်း၊  တပ်မတော် အင်အားရှိမှ  တိုင်းပြည်အင်အား ရှိမှာဖြစ်ကြောင်း၊

တပ်မတော်အင်အားရှိဖို့ ပြည်သူတွေက အရာရာကူညီဖို့ လိုကြောင်း၊ ရဲဘော်တွေသည် ပြည်သူတို့၏သွေးသား များဖြစ်ကြောင်းနှင့် တပ်မတော်သည် နိုင်ငံလက်နက် အကြီးဆုံးဖြစ်ကြောင်း ပြောကြားကာ တေးရေးဆရာ ရွှေတိုင်ညွန့်ထံ     သီချင်းစပ်ရန် စေလွှတ်ခဲ့ပါသည်။

ထိုအချိန်တွင် ဆရာရွှေတိုင်ညွန့်သည် ရောဂါအပြင်းအထန်ခံစားနေခဲ့ပြီး အိပ်ရာထဲ၌ ယဲ့ယဲ့ပဲရှိနေသည်။

ဗိုလ်ထွန်းလှက   အားနာ၍ ပြန်မည်အပြုတွင်   ဆရာရွှေတိုင်ညွန့်က   ဗိုလ်ချုပ် လိုလားချက်ကို မေးသည်။

ဗိုလ်ထွန်းလှက ရေးမှတ်ထားသော   ဗိုလ်ချုပ်၏ မှာကြားချက်အတိုင်း   သီချင်းစပ်လို့ရကြောင်း ပြောပြီး ဗိုလ်ထွန်းလှအား တယောဖြင့် အသံရှာဖွေခိုင်းပါသည်။

''အရာရာမှာ ကူညီ''ဆိုသည့်စာသားကိုမူ တစ်ဖက်အိမ်မှ ကြားရသော ကုလားသီချင်းသံမှ ယူရသည်ဟု ဆိုပါသည်။     

မူလသီချင်းခေါင်းစဉ်မှာ''ဗမာ့တပ်မတော်''သီချင်းဖြစ်ပြီး   နောက်ပိုင်းမှ ''တပ်မတော် အင်အားရှိမှ   တိုင်းပြည်အင်အားရှိမည်''ဖြစ်သွားသည်။ ထိုသီချင်းသည် ဆရာရွှေတိုင်ညွန့်၏  နောက်ဆုံးလက်ရာဖြစ်ပြီး   ဆရာရွှေတိုင်ညွန့်၏ ဈာပနကိုလည်း နိုင်ငံတော် ဈာပနအဖြစ် ဆောင်ရွက်ပေးခဲ့လေသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး ကြိုးပမ်းရေးအတွက် ဂျူဗလီဟောတွင် မိန့်ခွန်းပြောကြားအပြီး တေးသံရှင်များက ''ဗမာ့တပ်မတော်'' ဝါ ''တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်''သီချင်းသီဆိုကြရာ တက်ရောက်သူများက အလှူငွေများ လှူဒါန်းကြသည်။ ပရိသတ်ကြားထဲမှ အဘိုးအိုတစ်ဦးက ထပြီး ''ငွေကိုလည်း လှူပါမည်၊လူကိုလည်း လိုအပ်တဲ့ နေရာမှာသုံးပါ''ဟုပြောသဖြင့် ဗိုလ်ချုပ်က   လူကိုကြည့်ပြီးပြုံးသည်။   ငွေကိုတော့ ယူပါမည်။   လူကိုတော့  လိုအပ်မှ သုံးပါမည်ဟု   ပြောကြားခဲ့ကြောင်း ဆောင်းပါးတွင် ဖတ်ခဲ့ရပါသည်။

နိဂုံးချုပ်အားဖြင့်ဆိုလျှင် အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သန္ဓေတည် ထူထောင်ပေးခဲ့သော ယနေ့ တပ်မတော်သည် တပ်မတော်၏ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း သယ်ယူလျက် ကမ္ဘာတည်သရွေ့၊ မြန်မာနိုင်ငံ တည်သရွေ့၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမည့် တပ်မတော် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။  

ချမ်းမြအောင်

Read 10 times
Rate this item
(0 votes)
Last modified on Monday, 23 March 2020 09:26

Latest from ကေတု