SJ WorldNews - шаблон joomla Авто

တစစ်တမက် ကိုယ်နှင့်သက်ကို

Tuesday, 24 March 2020 10:42 Written by  font size decrease font size decrease font size increase font size increase font size

အခုတလော   ''နန္ဒီသေနပျို့''ဆိုတဲ့ စကားလုံးတစ်လုံးဟာ   စာဖတ်သူတွေကြားမှာ    ရေပန်းစား နေလိမ့်မယ်လို့ ထင်တာပါပဲ။  အကြောင်းတိုက်ဆိုင်တာလေးတွေကလည်း ရှိနေခဲ့တာကိုး။ စာရေးသူ အတွက်ကတော့   အဲဒီ စကားလုံးကို ကြားလိုက်ရတဲ့အခါတိုင်း  ငယ်ငယ်က မြန်မာစာသင်ကြားပေးခဲ့တဲ့  ဆရာသမားတွေကို  ကျေးဇူးအဖန်ဖန် တင်နေမိပါ

တယ်။ လွန်ခဲ့တဲ့ ၃၆ နှစ်က သင်ခဲ့ရတဲ့ ရာဇကုမာရ်ကျောက်စာ၊ မဲဇာတောင်ခြေရတု၊ နန္ဒီသေနပျို့၊ မြင်စိုင်းရွှေပြည်ကာချင်းတို့လို ခေတ်အလိုက်  မြန်မာစာပေ အရေးအသားတွေကို အခုအချိန်အထိ စိတ်မှာစွဲစွဲမြဲမြဲရှိနေအောင် သင်ပေးနိုင်ခဲ့တဲ့ ဆရာတွေရဲ့ကျေးဇူးဟာ ကြီးမားလှပါတယ်။

အဲဒီအထဲကမှ နန္ဒီသေနပျို့ပါ စာပိုဒ်လေး တစ်ပိုဒ်ကတော့ စာရေးသူရဲ့နှလုံးအိမ်မှာ ထင်ထင်ရှားရှား စွဲမြဲနေခဲ့ပါတယ်။

အဲဒါကြောင့်လည်း (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့  ဂုဏ်ပြုရုပ်မြင်သံကြား ဇာတ်လမ်းတွဲရဲ့ခေါင်းစဉ်ဖြစ်တဲ့ ''တစစ်တမက် ကိုယ်နှင့်သက်ကို''ဆိုတာကို မြင်လိုက်တာနဲ့ အဲဒီစာပိုဒ်ထဲက စာသားကို ယူသုံးထားတယ်ဆိုတာ ချက်ချင်းသိလိုက်ပါတယ်။ ဒါကိုပဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိသလို တပ်မတော်နဲ့ လိုက်ဖက်သင့်တော်တဲ့ ခေါင်းစဉ်ကို ယူသုံးနိုင်ခဲ့ကြတာကိုလည်း ဂုဏ်ယူနေမိပါတယ်။

''တစစ်တမက် ကိုယ်နှင့်သက်ကို''

ဆိုတဲ့ ခေါင်းစဉ်ရဲ့ လေးနက်မှု ဘယ်လောက်ရှိတယ်ဆိုတာ စာဖတ်သူတွေ အကဲဖြတ် သုံးသပ်နိုင်ဖို့ နန္ဒီသေနပျို့မှာပါတဲ့ စာပိုဒ်သုံးပိုဒ်ကို ဖော်ပြပေးလိုပါတယ်။ ဒါမှလည်း အဓိပ္ပာယ်ကို ဆက်စပ်စဉ်းစားလို့ ရမယ်ထင်လို့ပါ။

''နတ်ရှင့်စကား၊   ကြားလတ်တုံပြီး၊အမတ်ကြီးကား၊ ''ဖုန်းမီးနေတူ၊ တက်ထွန်းပြူက၊ ရန်သူတော်ပေါင်း၊ ဝပ်ညောင်းရမည်၊ ဘယ်သည်ကိုမှ၊ မကြောင့်ကြနှင့်။

လုံ့လမြဲမြံ၊ ကျွန်ုပ်ကြံအံ့။''  ဝန်ခံခဲ့ပြီး၊ စစ်သူကြီးနှင့်၊ မသီးမကွဲ၊  သူရဲစုတွင်၊ စွမ်းအင်အရည်၊ ရှူရိပ်ချည်ဖြင့်၊ ဖွေနှည်ရွေးကောက်၊ ခေါ်ခဲ့မြောက်မှ၊ တောချောက်ဂနိုင်၊ စုံမြိုင်ချမ်းရိပ်၊ တောင်ညွန့်ထိပ်ဝယ်၊ စိပ်စိပ်ဖြာဖြာ၊ နာသာစကား၊ဆိုမြွတ်ကြား၏။  

''ပိုက်ဖြားမြတ်လေး၊ ကိုယ်တော်မွေး၍၊ အရေးတော်ယူ၊ ချစ်တော်မူသည်၊ အိုသူရဲပေါင်း၊ မှုထမ်းကောင်းတို့၊ အလောင်းနတ်ရှင်၊ တို့သခင်အား၊ ကြင်ကြင် ချစ်ချစ်၊ နှစ်နှစ် လို့လို့၊ သင်တို့ အသက်၊  နှင်းဆက်ကြမည်၊  စိတ်ရည်တံ့စား၊ တည်ကြားမသုန်၊ ရှိပါကုန်မူ၊ ဆင်းခုန်ယခု၊  တစု တရုံး၊ နှလုံးမတွန့်၊ ဤတောင်ညွန့်မှ၊ သက်စွန့်ကြပါ၊''ဆိုသော ခါသည် လိုရာလိုက်မည် ငင်းငင်းတည်း။

တောင်ထက်ခုန်ဆင်း၊ ရပ်မတင်းဟု၊ တသင်းဗိုလ်ခြေ၊ ရှိကြလေသော်၊ ''မြိုင်ဝေတောကြီး၊ ဤခရီးဝယ်၊ ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊ ဆက်လက်တညီ၊ တစီတလျဉ်၊ သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်တမက်၊ ကိုယ်နှင့်သက်ကို နှင်းဆက်တိုက်မည်၊ အားသန်ရည်၍၊ ဦးလည်မသုန်၊ ထမ်းပါကုန်လော့၊ ဂဠုန်မင်းအား၊ မရှောင်ရှားဘဲ၊ နဂါးရန်တွေ့၊ခြင်္သေ့နှင့်ယုန်၊ ပြိုင်သောဂုဏ်သို့၊ မာန်ဟုန်ပြင်းချိန်၊ ကလိင်္ဂရာဇ်၊ ပေါ်သောစစ်ကို၊ မနစ်မဆုတ်၊  အားထုတ်ဝမ်းရွှင်၊ ထမ်းစေချင်''ဟု၊ ပဲ့ပြင်နားပါး သွင်းသွင်းတည်း။

နန္ဒီသေန၊ မြွက်ဟစကား၊ ကြားကြလေရှောင်း၊ သူရဲပေါင်းလည်း၊ လွှဲပြောင်းမရှိ၊ တညီညှိသို့၊ ''သတိမယွတ်၊ စိတ်စက်မထူး၊ ကျေးဇူးသစ္စာ၊ စောင့်သိစွာလျှင်၊ ထမ်းကြပါအံ့၊ ခိုင်ကြံ့ကြံ့တည့်၊ တည်တံ့မယို၊ ယုဂန္ဓိုရ်နှင့်၊ မြင်းမိုရ်တောင်ထိ၊ ရန်သူဖိလည်း၊ တစိမညံ့၊ စိုးမရွံ့''ဟု ခိုင်ခံ့တည်ပ၊လုံ့လအားခွန်၊ နတ်သျှင့်ကျွန်တို့၊ ခံဝန် ကြပ်ကြပ်တင်းတင်းတည်း။''

စာဖတ်သူတို့   အဲဒီစာပိုဒ်သုံးပုဒ်ကို တစိမ့်စိမ့်ဖတ်ကြည့်ရင် ကြက်သီးမွေးညင်း တဖျဉ်းဖျဉ်း ထလာလိမ့်မယ် ထင်ပါတယ်။

တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုသော စိတ်ရှိတဲ့သူ ဆိုရင်ပေါ့လေ။ ဘာတွေ့ရမလဲဆိုတော့ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ရှင်ဘုရင်ကို တွေ့ရမယ်။ ရှင်ဘုရင်က ရင်ဆိုင်ကြုံတွေ့ နေရတဲ့စစ်မက်ကို  ကြောက်ရွံ့နေတာ။

ဒါကို  ဉာဏ်ပညာ အမြော်အမြင်ရှိတဲ့ အမတ်က ရှင်ဘုရင်ကို  စိုးရိမ်ကြောင့်ကြ မဖြစ်ဖို့ နှစ်သိမ့်နေတာ။ တစ်ဖက်မှာလည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တိုက်ပွဲဝင်ကြမယ့် စစ်သည်ရဲမက်တွေကို စိတ်ဓာတ်မြှင့်တင်ပေးနေတာ။

အဲဒီလို   စိတ်ဓာတ်မြှင့်တင်ပေးရာမှာ စစ်သည်ရဲမက်တွေကို မိုက်ရူးရဲစိတ်နဲ့ အချည်းနှီးဖြစ်စေတာ မဟုတ်ပါဘူး။ ရင်ဆိုင် ကြုံတွေ့နေတဲ့ စစ်ပွဲကြီးမှာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် ရာဇဝင်တွင်ကျန်ရစ်တဲ့အထိ  စွန့်စွန့်စားစား တိုက်ခိုက်ကြဖို့ အဆင့်ဆင့် မာန်သွင်းပေးနေတာပါ။ စစ်သည် ရဲမက်တွေရဲ့ စိတ်ဓာတ်ကကော ရင်ဆိုင်ရမယ့် ရန်သူ့အင်အားဟာ ယူဇနာ ၄၂ဝဝဝ မြင့်တဲ့ ယုဂန္ဓိုရ်တောင်နဲ့ ယူဇနာ ၈၄ဝဝဝ မြင့်တဲ့မြင်းမိုရ်တောင် ပမာဏရှိမယ်ဆိုရင်တောင် ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် သစ္စာရှိစွာနဲ့ အသက်စွန့် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ စိတ်ဓာတ်အပြည့် ရှိနေကြတာကို တွေ့ရပါတယ်။

စာဆိုရှင် လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့စာပေအနုပညာပါရမီနဲ့  ဖန်တီးနိုင်စွမ်းကတော့ အံ့မခန်းစရာပါပဲ။ ဒီပျို့ကို စပ်ဆိုခဲ့တာဟာ နှစ်ပေါင်း ၂၅၃ နှစ်ကြာခဲ့ပေမယ့် ယနေ့အချိန်အထိ ခေတ်မီမှန်ကန်နေဆဲပါ။ ဒါကို တပ်မတော်မိုင်းနှင့်ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။   ဘယ်ခေတ် ဘယ်အခါမှာပဲကြည့်ကြည့်  တပ်မတော်ဟာ  နိုင်ငံတော်အတွက် အရေးကြုံလာတိုင်း ပြည်သူဘက်က အမြဲရပ်တည် ကာကွယ်ပေးခဲ့တာဟာ သက်သေပါပဲ။ ဒါတွေဟာ တပ်မတော်သားတွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေ၊ တိုင်းပြည်နဲ့လူမျိုး အပေါ် ထားရှိတဲ့ သစ္စာတရားတွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဂုဏ်ပြုရုပ်မြင်သံကြား ဇာတ်လမ်းတွဲရဲ့ခေါင်းစဉ်ကို နန္ဒီသေနပျို့ထဲက စာသားလေး ယူသုံးထားတာကို ကျေနပ်ဂုဏ်ယူမိတယ်လို့ ပြောခဲ့တာပါ။

တကယ်တော့ လက်ဝဲသုန္ဒရအမတ်ကြီးက နန္ဒီသေနပျို့ကို ရေးဖွဲ့ရာမှာ မြတ်စွာဘုရားရဲ့ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်ထဲက ''စူဠကာလိင်္ဂ''ဇာတ်နိပါတ်တော်ကို မှီပြီး ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။   ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေဟာ မြတ်စွာဘုရားရဲ့ ဘုရားမဖြစ်မီ အတိတ်ဘဝ ဖြစ်တော်စဉ်တွေဖြစ်ပါတယ်။ ဘုရားဖြစ်ပြီးတဲ့ အချိန်အကြောင်း တိုက်ဆိုင်တဲ့ အခါတွေမှာ ပစ္စုပ္ပန်အဖြစ်အပျက်တွေကို အတိတ်ဘဝ ဖြစ်စဉ်တွေနဲ့ယှဉ်ပြီး အတိတ်ပစ္စုပ္ပန်ပေါင်းစပ် ဟောကြားလေ့ရှိပါတယ်။

မြတ်စွာဘုရားရှင်က ''စူဠကာလိင်္ဂ''ဇာတ်တော်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ဟောခဲ့တာပါ။ ဟောကြားခဲ့တဲ့ အကြောင်းရင်းကို ပြောရမယ်ဆိုရင် ဝါဒတစ်ထောင်နှုတ်ရ ဆောင်ထားတဲ့ ဝေသာလီပြည်က ပရိဗိုဇ်မလေးဦးဟာ ရှင်သာရိပုတ္တရာနဲ့ ပုစ္ဆာမေးရင်း ဝါဒပြိုင်ကြရာက စရမယ်လို့ ထင်ပါတယ်။  ပရိဗိုဇ်မလေးဦးဟာ တစ်မိတည်းပေါက် ညီအစ်မတွေပါ။ သူတို့ရဲ့ မိဘတွေ မကွယ်လွန်ခင်မှာ  ညီအစ်မ လေးယောက်ကို ''ချစ်သမီးတို့...သင်တို့ အယူဝါဒကို ဖျက်ဆီးနိုင်သူတို့ ခြေရင်း၌ လူဖြစ်မူ အလုပ်အကျွေး မယားပြုရစ်ကြကုန်၊ ရဟန်းဖြစ်မူ ရဟန်းပြုရစ်ကြကုန်''လို့ မှာကြားခဲ့ပါတယ်။

ပရိဗိုလ်ဇ်မလေးဦးဟာ ရှုံးနိမ့်သွားတော့ သူတို့ရဲ့မိဘနှစ်ပါး  မှာကြားခဲ့တဲ့အတိုင်း ရှင်သာရိပုတ္တရာထံမှာ   ရဟန်းဝတ်ဖို့ လျှောက်ထားကြပါတယ်။ ရှင်သာရိပုတ္တရာကလည်း ပရိဗိုဇ်မတို့ကို ရှင်ဥပ္ပလဝဏ်ထေရီမထံမှာ ရဟန်းပြုစေခဲ့ပါတယ်။ ရဟန်းဝတ်ပြီး မကြာခင်မှာပဲ  ထေရီမလေးပါးစလုံး ရဟန္တာဖြစ်သွားကြပါတယ်။ အဲဒီအကြောင်းကို ရဟန်းတို့ အချင်းချင်းပြောနေကြတာကို မြတ်စွာဘုရား သိတော်မူတဲ့အခါမှာ ရဟန်းတို့..သာရိပုတ္တရာသည် ယခုအခါ၌သာ ထိုမိန်းမတို့ ကိုးကွယ်ရာ မဟုတ်၊ ရှေးအခါ၌လည်း ကိုးကွယ်ရာ ဖြစ်ဖူးပြီ။ ယခုအခါ၌သာ ရဟန်းအဖြစ်ကို ပေးသည်မဟုတ်၊ ရှေးအခါ၌လည်း မိဖုရားအဖြစ်ကို ပေးခဲ့ဖူးပြီ''လို့  မိန့်တော်မူပြီး ''စူဠကာလိင်္ဂ''ဇာတ်တော်ကို ဟောကြားခဲ့တာဖြစ်ပါတယ်။

ဇာတ်တော်ရဲ့ကျောရိုးကတော့ ကာလိင်္ဂတိုင်း ဒန္တပူရပြည်ကို အုပ်စိုးတဲ့ ကာလိင်္ဂမင်းနဲ့ အဿကတိုင်း ပါဋလိပုတ်ပြည်ကို အုပ်စိုးတဲ့ အဿကမင်းတို့ စစ်ပြုကြရာမှာ ဉာဏ်ဝီရိယ မစိုက်ထုတ်လို့ ကာလိင်္ဂမင်း စစ်ရှုံးရတဲ့ အကြောင်းပါပဲ။ စာဆိုတော် လက်ဝဲသုန္ဒရ အမတ်ကြီးက ဇာတ်တော်တစ်ခုလုံးကို အလင်္ကာမြောက်အောင်  ပျို့တစ်စောင်အဖြစ် ဖွဲ့နွဲ့စပ်ဆိုထားတာ တွေ့ရပါတယ်။

ဇာတ်တော်မှာ မင်းနှစ်ပါး စစ်ပြိုင်တဲ့အကြောင်း ဖြစ်လို့ စစ်မက်ရေးရာနဲ့ ဆိုင်တဲ့အကြောင်းတွေက အဓိကဖြစ်နေပေမယ့် အဿကမင်းရဲ့ မင်းတိုင်ပင်ပညာရှိ နန္ဒီသေနအမတ်က ပဓာနကျပါတယ်။ အဿကမင်း စစ်နိုင်တာဟာလည်း နန္ဒီသေနအမတ်ရဲ့ ဉာဏ်ပညာနဲ့ လုံ့လဝီရိယ အားကြီးလို့ပဲဖြစ်ပါတယ်။

မြတ်စွာဘုရားက ဇာတ်ကိုပေါင်းတဲ့အခါမှာ ''ထိုအခါ နန္ဒီသေနအမတ်သည် ယခုအခါ သာရိပုတ္တရာဖြစ်လာ၏''လို့ဟောခဲ့ပါတယ်။ ဒါကြောင့် နန္ဒီသေနအမတ်ဟာ ရှင်သာရိပုတ္တရာ လောင်းလျာဖြစ်သလို နန္ဒီသေနပျို့ဟာလည်း ရှင်သာရိပုတ္တရာရဲ့ နုစဉ်ဘဝကို ရေးဖွဲ့ထားတဲ့ ပျို့တစ်စောင် ဖြစ်နေတာကို တွေ့ရပါတယ်။  ဒါ့အပြင် လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ နန္ဒီသေနပျို့ကို ရေးစပ်ရတဲ့ ရည်ရွယ်ချက်ကို ပျို့ရဲ့ပထမဆုံးစာပိုဒ်မှာ ဖော်ပြထားတဲ့ ''နန္ဒီသေန၊ ရှေးကအမတ်၊ ဖြစ်သောဇာတ်ကို၊ ဟောမှတ်ဘွယ်ဖြာ၊ ဒေသနာသည်၊ သေနာပတိကျင့်ရေးတည်း''ဆိုတာကိုကြည့်ရင် သိနိုင်ပါတယ်။ စစ်သူကြီး၊ စစ်ခေါင်းဆောင်တွေရဲ့ လက်စွဲအဖြစ် ရေးစပ်ခဲ့တာဖြစ်ပါတယ်။

နန္ဒီသေနပျို့ထဲမှာ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ကိုယ်ရေးအကျဉ်းနဲ့ ရေးသားပြီးစီးတဲ့ ရက်ကိုလည်း တွေ့ပါတယ်။ ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး စာပေနဲ့ ပျော်မွေ့ခဲ့သူဖြစ်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အင်းဝခေတ် သတိုးမင်းခေါင် (ကိုးသိန်းသခင်)ထံမှာ စတင်အမှုထမ်းခဲ့ပါတယ်။ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝသူဖြစ်လို့ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး လက်ထက်ကစ မင်းအဆက်ဆက်ထံမှာ အမှုတော်ထမ်းရင်း ဘွဲ့အမည် အရည်များစွာ ရရှိခဲ့ပါတယ်။

နန္ဒီသေနပျို့ ရေးစပ်နေတဲ့ အချိန်မှာ ရရှိပြီးဖြစ်တဲ့ ဘွဲ့တွေကတော့ လက်ဝဲသုန္ဒရနဲ့ ဘယရန္တမိတ်ဆိုတဲ့ နှစ်ဘွဲ့ကို ရရှိပြီးဖြစ်ပါတယ်။ ပျို့ကိုရေးစပ်ပြီးစီးတဲ့ သက္ကရာဇ် ၁၁၂၈ ခုနှစ်   တန်ဆောင်မုန်းလဆန်း ၄ ရက်ဆိုတာကိုကြည့်ရင် ကုန်းဘောင်မင်းဆက်  ဆင်ဖြူရှင်မင်း လက်ထက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါကတော့   အခုတလော ရေပန်းစားနေတဲ့ နန္ဒီသေနပျို့ဆိုတဲ့ စကားတစ်ခွန်းကို မူတည်ပြီး ပျို့ထဲမှာပါတဲ့ စာသားအချို့ကို စိန်ရတုတပ်မတော်နေ့ ဂုဏ်ပြုရုပ်မြင်သံကြားဇာတ်လမ်းတွဲမှ ခေါင်းစဉ်အဖြစ် ယူသုံးထားတဲ့အကြောင်း၊ ပျို့နဲ့ဆက်စပ်နေတဲ့ ဇာတ်နိပါတ်တော် တစ်ပုဒ်အကြောင်း၊ ပျို့ကိုရေးစပ်ခဲ့သူရဲ့အကြောင်းတို့ကို တစ်စွန်းတစ်စစီ ဆွဲထုတ်ပေါင်းစပ်မိလိုက်တာဖြစ်ပါတယ်။         

အခုရက်တွေမှာ ''တစစ်တမက် ကိုယ်နှင့်သက်ကို''ဆိုတဲ့ တပ်မတော်နေ့ ဂုဏ်ပြုရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို ထုတ်လွှင့်နေတာ ရှိပါတယ်။ ဒီနေရာမှာ ''တစစ်တမက်'' ဆိုလို့ မည်ကာမတ္တ ဝေါဟာရမဟုတ်တာကို ကြားဖြတ်ပြီးပြောချင်ပါသေးတယ်။ တစ်ပွဲတစ်လမ်း အကဲစမ်းကြည့်လိုက်ဦးမယ်   ဆိုကြပါစို့။ 

အဲဒီအကဲစမ်းမယ်ဆိုတဲ့  တစ်ပွဲတစ်လမ်းဟာ ရေကုန်ရေခန်းနွှဲမယ် ဆိုတဲ့ သဘောသက်ရောက်ပါတယ်။

အဲလိုပါပဲ''တစစ်တမက်''ဆိုတာလည်း  ကျားကုတ်ကျားခဲ အပြိုင်နွှဲရတဲ့  စစ်ပွဲကြီးမျိုးကို  ဆိုလိုတာပါ။

ဆက်ရမယ်ဆိုရင် အဲဒီဇာတ်လမ်းဟာ တပ်မတော်ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းဖြစ်လို့ဆိုပြီး ဇာတ်ကောင်စရိုက်တွေမှာတင်ပဲ သောင်တင်မနေကြဖို့ လိုပါတယ်။ တပ်မတော်သားတွေရဲ့ အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေ၊ သွေးတွေ၊ ချွေးတွေကို အမှန်တကယ် စွန့်လွှတ်ခဲ့ကြရတာပါ။ စွန့်လွှတ်နေကြဆဲပါ။ သမိုင်းအမှန်တွေဖြစ်ပါတယ်။ သမိုင်းကိုသိပြီး သင်ခန်းစာ ဖော်ထုတ်နိုင်ဖို့ လိုပါတယ်။ သမိုင်းကိုသိပြီး သင်ခန်းစာ ဖော်ထုတ်နိုင်ပြီဆိုရင် လက်ရှိကိုယ်ပိုင် ထင်မြင်ယူဆချက်နဲ့ အတွေးအခေါ်တွေ ပြောင်းသွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ပိုမိုခိုင်မြဲသွားပါလိမ့်မယ်။ အဲဒါဟာ တပ်မတော်အတွက်အားပါပဲ။ ဒါဆို နိုင်ငံတော်ရဲ့ အားပဲပေါ့။ 

အန်ကယ်ပညာ

Read 42 times
Rate this item
(0 votes)
Last modified on Tuesday, 24 March 2020 10:44

Latest from ကေတု