SJ WorldNews - шаблон joomla Авто

စိန်ရတု တိုင်ခဲ့ပြီ

Wednesday, 25 March 2020 09:36 Written by  font size decrease font size decrease font size increase font size increase font size

နွေသည် ဆောင်းနှင်းပွင့်တို့အား မောင်းထုတ်ပြီးနောက် နွေသရုပ်ကို ဖော်ထုတ်ဖို့ရာ တာစူနေခဲ့ပြီဖြစ်ပါသည်။ ဝန်းကျင်တစ်ခိုရှိ   မြင်လေသမျှ သစ်ပင်ပန်းမန်တို့တွင်လည်း ရွက်ဟောင်းတို့နေရာတွင် ရွက်နုရွက်သစ်တို့က အားမာန်အပြည့်ဖြင့် နေရာယူလာခဲ့ကြသည်။ထို့ပြင် ရဲရဲနီသော လက်ပံတို့၏ အလှက နွေသရုပ်ကို ပီပီပြင်ပြင် ဆေးခြယ်နေသလို ဥသြငှက်ပျိုတို့၏ လွမ်းလွမ်းဆွေးဆွေး တွန်ကျူးသံများကလည်း နွေကိုပိုပြီး တင့်တယ်စေခဲ့သည်။

မြန်မာ့သမိုင်း ပုံရိပ်တွင်လည်း နွေအခါသမယသည် မမေ့အပ်သော လထူးလမြတ် တစ်ခုအဖြစ် ပါဝင်ခဲ့လေသည်။ နွေနှင့်အတူ လွတ်လပ်ရေး အောင်ပွဲကြီးအတွက် အရေးပါအရာရောက်သော တော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပေါ်ခဲ့၏။ နီရဲသော လက်ပံပွင့်များက အောင်နိုင်ခြင်းအတွက်  အထိမ်းအမှတ် သင်္ကေတတစ်ခုအဖြစ် တည်ရှိသကဲ့သို့ ဥသြငှက်တို့၏ တေးချင်းများကလည်း မြန်မာလူမျိုးတို့၏ နှလုံးအိမ်ထဲသို့ရဲစိတ်ရဲမာန်များအား မွေးဖွား ခဲ့သလား မှတ်ထင်ရ၏။         

ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးနှင့် တပ်မတော်သားတို့ သွေးစည်းညီညွတ်မှုအားဖြင့်  ဖက်ဆစ်များအား တွန်းလှန်တိုက်ထုတ်ခဲ့သော ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်သည် မြန်မာ့သမိုင်းတွင် မှတ်မှတ်ထင်ထင် မော်ကွန်းဝင်သည့် နေ့တစ်နေ့ပင်ဖြစ်ပါသည်။  မြန်မာနိုင်ငံသည် အတိတ်သမိုင်းတွင် နယ်ချဲ့တို့၏ မတရားကျူးကျော် အမြတ်ထုတ်မှုဒဏ်များအား ခါးစည်းခံစားခဲ့ရပါသည်။ ကိုလိုနီနယ်ချဲ့တို့သည် ကျူးကျော်စစ် သုံးကြိမ်ဖြင့် မြန်မာနိုင်ငံအား စိတ်ကြိုက်လိုရာ ကြိုးဆွဲခဲ့ကြ၏။  မြေပေါ်မြေအောက် မကျန် ရသမျှကုပ်သွေးစုပ်ခဲ့ကြ၏။ နယ်ချဲ့တို့ အနေဖြင့် ရုပ်ဝတ္ထုများအပေါ် ကုပ်သွေးစုပ် အမြတ်ရှာနိုင်ခဲ့သော်လည်း မြန်မာလူမျိုးတို့၏ အမျိုးဘာသာအပေါ် ချစ်မြတ်နိုးသည့် စိတ်များကိုတော့ အမြတ်မထုတ်နိုင်ခဲ့ပါပေ။ ကိုယ့်မြေ ကိုယ့်ရေပေါ်မှာ နေထိုင်ပြီး ကိုယ့်တိုင်းရင်းသား လူမျိုးများအပေါ် မတရားဖိနှိပ် ချုပ်ချယ်ခြင်းကို မခံနိုင်သူများက နိုင်ငံတစ်ဝန်း တစ်နေ့တခြား တိုးပွားလာခဲ့သည့်နောက် ပျက်သုဉ်းခဲ့ရသော လွတ်လပ်ရေးကို ပြန်လည်ရရှိရေးအတွက် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့် မကျန် တိုင်းရင်းသား ခေါင်းဆောင်များ     ပေါ်ထွက်လာခဲ့သည်။

၁၉၃ဝ ပြည့်နှစ် မေ ၃ဝ ရက်တွင် တို့ဗမာအစည်းအရုံး ပေါ်ပေါက်လာပြီးနောက် နိုင်ငံရေး တိုက်ပွဲများကို ဆက်လက် ဆင်နွှဲခဲ့ကြပြန်သည်။ ၁၃ဝဝ ပြည့်အလုပ်သမား၊ တောင်သူလယ်သမား အရေးတော်ပုံကြီးသည် ဗြိတိသျှနယ်ချဲ့တို့အား အကြီးအကျယ် ထိခိုက်စေခဲ့သော နိုင်ငံရေး အုံကြွမှုကြီး ဖြစ်ခဲ့ပေသည်။ သို့သော် တစ်နိုင်ငံလုံး လွတ်လပ်ရေးရသည်အထိ မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌    ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)ကို ရဲဘော်သုံးကျိပ်နှင့်တကွ ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မြန်မာတိုင်းရင်းသားတို့ ပူးပေါင်းကာ ဖွဲ့စည်းခဲ့ကြသည်။ ဘီအိုင်အေသည် ဗမာ့တပ်မတော်၏ ရှေ့ပြေးပုံရိပ်ဟုပင် ဆိုရပေမည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် စစ်ကြောင်းအသီးသီးဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြပြီး ထိုကာလအတွင်း ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်လာကြသော တော်လှန်ရေး တပ်မတော်သားများမှာ တစ်စတစ်စဖြင့်  ငါးသောင်းခန့်ရှိလာခဲ့၏။ အင်အားကြီးထွားလာသောဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဂျပန်တို့စိုးရိမ်လာသည့် အတွက် ၁၉၄၂ ခုနှစ်  ဇူလိုင် ၂၇ ရက်တွင် ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း ခံလိုက်ရလေသည်။

အင်အားများ လျော့နည်းခြင်း ခံလိုက်ရသော်လည်း ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုများ၏ စည်းလုံး ညီညွတ်မှု အားကောင်းလာရာ ဗိုလ်ချုပ်အောင်ဆန်းတို့သည် တော်လှန်ရေး တပ်ဦးကို ဖွဲ့စည်းလိုက်ကြလေသည်။ ဖက်ဆစ်တို့ကို တော်လှန်ပြီးနောက် ဗြိတိသျှတို့လက်မှ လွတ်လပ်ရေးကို နိုင်ငံရေးအရတောင်း၍ မရခဲ့လျှင် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲမည်ဟူသော ရည်မှန်းချက်ဖြင့် '' တော်လှန်ရေးတပ်ဦး ''ကို ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်၏။ တိုင်းရင်းသားညီအစ်ကိုများသည်လည်း ဖက်ဆစ် ဆန့်ကျင်ရေးအတွက် ပိုမိုစည်းလုံး လာခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက ထိုစည်းလုံးမှုကို ဦးဆောင်ခဲ့သည်။ တော်လှန်ရေးအတွက် စီမံချက်များ ပြုလုပ်ခဲ့ကြ သည်။တပ်မတော်အတွင်း၌ စစ်ပညာအရပ်ရပ်ကို လေ့ကျင့် သင်ကြားပေးခဲ့သည်။

၁၉၄၅ ခုနှစ် ဧပြီ ၂ ရက်တွင် တစ်နိုင်ငံလုံး တစ်ပြိုင်နက် တော်လှန်ရန် သတ်မှတ်ထားသော်လည်း မဟာမိတ်တပ်ဦးသည် စစ်ကိုင်း၊ မန္တလေးမြို့တို့သို့ ထိုးဖောက် ဝင်ရောက်ခဲ့ပြီဖြစ်၍ ဗိုလ်မှူးကြီးဗထူးသည် အခြေအနေအရ မတ် ၈ ရက်တွင် အထက်မြန်မာနိုင်ငံမှ စတင်တော်လှန်ခဲ့သည်။ ထို့ကြောင့် မူလက သတ်မှတ်ထားသည့်   တော်လှန်ရမည့်ရက်ကို မစောင့်တော့ဘဲ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဖက်ဆစ်ဂျပန်တို့အား   မြန်မာတစ်နိုင်ငံလုံး တစ်ပြိုင်နက် တော်လှန်ရန် ကြေညာခဲ့သည်။   ဖက်ဆစ်တော်လှန်ရေး ပြီးသည့်နောက် နယ်ချဲ့အင်္ဂလိပ် အုပ်စိုးမှုနှင့်ကြုံတွေ့ရပြန်သည်။ တပ်မတော်၏ ဦးဆောင်မှု၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းပါဝင်မှုတို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့သော်လည်း  လွတ်လပ်ရေးရပြီး မကြာမီမှာပင် နယ်ချဲ့တို့၏ ဆိုးမွေဖြစ်သော   တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းနှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခဲ့လေသည်။ အမျိုးသား စည်းလုံးညီညွတ်ရေးသည် ၁၉၄၉ ခုနှစ်အတွင်း ဆိုးရွားသော အခြေအနေတွင် ရှိခဲ့ရ၏။ အမိမြန်မာနိုင်ငံတော်အား ရန်ကုန်အစိုးရဟုပင် အခေါ်ခံရသည့်အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော   မြန်မာ့တပ်မတော်သည် ရှိသမျှသော လူ၊ လက်နက်၊ ခဲယမ်းတို့ဖြင့် အမိမြန်မာနိုင်ငံတော်ကြီး မပြိုကွဲစေရေးကို ကာကွယ်စောင့်ရှောက် ခဲ့ကြလေသည်။ ပြည်တွင်းသောင်းကျန်းသူများကို နှိမ်နင်းရုံသာမက မြန်မာနိုင်ငံ အရှေ့ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ပြည်ပတရုတ်ဖြူများ၏ အန္တရာယ်များ၊ အနောက်ဘက်ရခိုင်ဒေသမှ မူဂျာဟစ် ကုလားဆိုးများကိုလည်း  နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ရေးတို့အတွက် တိုက်ထုတ်ခဲ့ရပြန်ပါသည်။  

မြန်မာနိုင်ငံ၏ အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများအရ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော် အစိုးရသန့်ရှင်းဖဆပလမှ အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး တပ်မတော်အား အာဏာလွှဲပြောင်း ပေးခဲ့ပါသည်။  ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ပါလီမန်အထူးအစည်းအဝေး ကျင်းပခဲ့ပြီး အိမ်စောင့်အစိုးရ အဖွဲ့ကို တပ်မတော်နှင့် နယ်ဘက်ဆိုင်ရာ ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အိမ်စောင့် အစိုးရသည် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး လုပ်ငန်းများ၊ တရားဥပဒေ ပြန်လည်စိုးမိုးပြီးနောက် နိုင်ငံရေးပါတီများမှ ကူညီဆောင်ရွက်ကြမည်ဆိုလျှင် ခြောက်လအတွင်း လွတ်လပ်၍ တရားမျှတသော ပါလီမန်ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းများ၊ နေထိုင် စားသောက်မှုစရိတ်များ လျှော့ချပေးနိုင်ရေး အစီအစဉ်များနှင့် နိုင်ငံအတွင်း စီးပွားရေး ပျက်ပြားနေခြင်းတို့ကို ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဟူသော လုပ်ငန်းစဉ် လေးရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အိမ်စောင့်အစိုးရသည်  လုပ်ငန်းစဉ် ချမှတ်ထားသည့်အတိုင်း ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင် လွတ်လပ်၍  တရားမျှတသော ပါလီမန်ရွေးကောက်ပွဲများ ကျင်းပပေးခဲ့လေသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော သန့်ရှင်းဖဆပလအား    အုပ်ချုပ်ရေး အာဏာကို  ပြန်လည်အပ်နှင်း ခဲ့ပါသည်။

၁၉၆၂ ခုနှစ်အတွင်း ရှမ်းစော်ဘွားဟောင်းများက ၎င်းတို့လိုလားသော ဖက်ဒရယ်မူကိုမရလျှင် ပြည်ထောင်စုမှ ခွဲထွက်မည်ဟု ကြေညာခဲ့ကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းရန်အတွက်  ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် တပ်မတော်ကတာဝန်ယူ စောင့်ရှောက်ခဲ့ရပြန်သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ခဲ့သည်။ တော်လှန်ရေးကောင်စီသည် မြေအောက် လက်နက်ကိုင် အဖွဲ့အစည်းများကို နိုင်ငံတော် စုပေါင်း ထူထောင်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ ကမ္ဘာ့ရေးရာများတွင်လည်း မည်သည့် နိုင်ငံရေးအုပ်စု၊ စစ်ရေးများတွင်မှ ပါဝင်ခြင်းမရှိဘဲ လွတ်လပ်၍ တရားမျှတသော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကာလတွင်လည်း အထွေထွေအကျပ်အတည်း အခက်အခဲများကို မကျေနပ်၍ အပြောင်းအလဲကို မျှော်လင့်နေကြသော ပြည်သူများအကြား နိုင်ငံရေးအာဏာကို ဖြတ်လမ်းမှ ရယူလိုသော နိုင်ငံရေးသမားများ၊ ဗကပယူဂျီများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်လိုသူများ၊ တောမီးလောင် တောကြောင် လက်ခမောင်းခတ်လိုသည့် ကိုယ်ကျိုးရှာ သမားနှင့် မင်းမဲ့ဝါဒီများ၏ တရား လက်လွတ်မှုများကြောင့် ပြည်ထောင်စုကြီးပြိုကွဲကာ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးပြီး  သူတစ်ပါးလက်အောက် ပြန်ရောက်ရတော့မည့်အခြေအနေမျိုးနှင့် ကြုံခဲ့ပြန်ရာ တပ်မတော်သည်   အဆိုပါ အခြေအနေဆိုးအား လက်ပိုက်ကြည့်မနေနိုင်ဘဲ ၁၉၈၈ ခုနှစ်  စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတော်အား ထပ်မံထိန်းသိမ်း ခဲ့ရပြန်ပါသည်။

နိုင်ငံတော်၏ အတိတ်သမိုင်း သင်ခန်းစာများအရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ဦးတည်ချက် ချမှတ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဒို့တာဝန်အရေးသုံးပါးကို အခြေခံသော မူဝါဒကို ကျင့်သုံးခဲ့သည်။ နိုင်ငံတော်အတွက် မရှိမဖြစ် လိုအပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ရေးဆွဲနိုင်ရေးအတွက် ပထမအကြိမ် အမျိုးသား ညီလာခံအား ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ လည်းကောင်း၊ ၂ဝဝ၃ ခုနှစ်တွင် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်ချမှတ်ပြီး ဒုတိယအကြိမ် အမျိုးသား ညီလာခံအား ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိလည်းကောင်း ဦးဆောင် ကျင်းပပေးခဲ့ပါသည်။ အမျိုးသားညီလာခံမှ ချမှတ်ပေးခဲ့သည့် အခြေခံရမည့်မူများ၊ အသေးစိတ် အခြေခံရမည့် မူများနှင့်အညီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ရေးဆွဲပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုပေးနိုင်ခဲ့ပါသည်။ တပ်မတော်သည် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး  ဘက်ပေါင်းစုံမှ အခြေခံကောင်းများဖန်တီးပေးခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးအား ကျင်းပပေးနိုင်ခဲ့ပါသည်။ ထို့နောက် ၂ဝ၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ဒီမိုကရေစီအစိုးရသို့ နိုင်ငံတော်အာဏာ အရပ်ရပ်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာကို ရင်းနှီးပေးဆပ်ခဲ့ရသကဲ့သို့ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း  ဘက်ပေါင်းစုံမှ အနှောင့်အယှက်များ အတွက် အသက်သွေးချွေးတို့ကို ထပ်မံစတေး ခဲ့ရပြန်ပါသည်။ စိန်ရတုတပ်မတော်မှသည် နောင်ခေတ်အဆက်ဆက်ထိ ကမ္ဘာမှာမြန်မာတည်သရွေ့ မြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားတို့အတွက် ဖောက်ပြန်ချို့ယွင်းခြင်း မရှိသော မှန်ကန်သော သစ္စာတရားများ၊   မယိုင်မလဲသော ယုံကြည်ချက်၊ ခံယူချက်များဖြင့် အနာဂတ်နိုင်ငံတော်ဆီ ဖြောင့်ဖြောင့်တန်းတန်း ခရီးဆက်နေဦးမည် ဖြစ်ပါကြောင်း (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရေးသား တင်ပြလိုက်ရပါသည်။ 

နွေကံ့ကော် (မြို့လှ)

Read 42 times
Rate this item
(0 votes)
Last modified on Wednesday, 25 March 2020 09:38