SJ WorldNews - шаблон joomla Авто

သတိပြုကာကွယ် မိုးကြိုးအန္တရာယ်

Sunday, 24 May 2020 09:18 Written by  font size decrease font size decrease font size increase font size increase font size

သတိပြုကာကွယ် မိုးကြိုးအန္တရာယ်

မိုးရာသီ၌ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့် ဘေးဒုက္ခအန္တရာယ်များကို တစ်နေရာမဟုတ် တစ်နေရာ၌  အမြဲတစေရင်ဆိုင်ကြုံတွေ့ရသကဲ့သို့   မိုးကြိုးအန္တရာယ်ကိုလည်း အချိန်မရွေးကြုံတွေ့ရ နိုင်သည်။ မိုးကြိုးအန္တရာယ်သည် မိုးရာသီ၏ ကြီးမားလှသော အန္တရာယ်တစ်ခုဖြစ်သည်။  တိမ်တိုက်ချင်းလျှပ်ကူးမှုသည် မိုးခြိမ်းမှုနှင့် လျှပ်စီးလက်မှုများဖြစ်စေပြီး တိမ်တိုက်နှင့်မြေပြင်၊ မြေပြင်နှင့် တိမ်တိုက်ကြား လျှပ်ကူးမှုကို မိုးကြိုးပစ်သည်ဟုဆိုသည်။   မိုးကောင်းကင်ထက်မှ  မြေကြီးပေါ်သို့ မိုးကြိုးပစ်ရန် တာစူနေသော လျှပ်စစ်မုန်တိုင်းပေါင်း တစ်နေ့လျှင် ၁၈ဝဝ ခန့်ရှိသည်။ တစ်စက္ကန့်၌ပစ်သော မိုးကြိုးအရေအတွက်ပေါင်း ၆ဝဝ ခန့်ရှိပြီး မြေပြင်သို့ကျရောက်သော အရေအတွက်မှာ ၁ဝဝ ခန့်ရှိသည်။ ၂၄ နာရီအတွင်း ကမ္ဘာမြေကြီးပေါ်သို့ မိုးကြိုးအကြိမ်ပေါင်း ၈ ဒသမ ၅ ကြိမ်ခန့် ပစ်သည်။

မိုးကြိုးပစ်သည့်အချိန်တွင်  လျှပ်စီးအင်အားမှာ အမ်ပီယာ ၃ဝဝဝဝ ခန့်မှ နှစ်သိန်းခန့်ထိ ဖြစ်ပေါ် နိုင်သည်ဟုဆိုရာ အလွန်ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအားဖြစ်သည်။ မိုးကြိုးပစ်ခံရသည့် အခြေအနေများတွင် အဆောက်အအုံများ၏ပြင်ပ၌ ၉၉ ရာခိုင်နှုန်းဖြစ်ပြီး အဆောက်အအုံများအတွင်း၌ ၁ ရာခိုင်နှုန်းသာရှိသည်ဟုဆိုသည်။ ကွင်းပြင်အနေအထား၌ ရောက်ရှိနေပါက မိုးကြိုးပစ်ခံရနိုင်ခြေ အများဆုံးဖြစ်ပြီး ၄၅ ရာခိုင်နှုန်းရှိသည်။ သစ်ပင်အောက်တွင်ရှိနေပါက ဒုတိယအများဆုံးဖြစ်ပြီး ၂၃ ရာခိုင်နှုန်း၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင် စသည့်ရေနှင့်ထိစပ်မှုရှိနေသောနေရာများ၌ရှိနေချိန်တွင် တတိယအများဆုံး မိုးကြိုးပစ်ခံရနိုင်ခြေရှိပြီး ၃ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

သေဆုံးဒဏ်ရာရသူများကို လေ့လာကြည့်ပါက ကွင်းပြင်တွင် လမ်းလျှောက်နေချိန်၌ ဖြစ်ပွားမှု ၂၂ ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး အကြောင်းအရာမဖော်ပြနိုင်သော အခြေအနေအရဖြစ်ပွားမှု ဒုတိယ အများဆုံး ၁၄ ရာခိုင်နှုန်းဖြစ်သည်။ သစ်ပင်အနီးတွင် ဖြစ်ပွားမှုက၁ဝ ရာခိုင်နှုန်းဖြင့် တတိယ အများဆုံး ဖြစ်သည်။ အဆောက်အအုံများဆောက်လုပ်နေစဉ် အဆောက်အအုံပေါ်၌ ပစ်ခံရမှုမှာ ၉ ရာခိုင်နှုန်းရှိပြီး ယာဉ်ပေါ်နှင့် ထွန်စက်ပေါ်၌ ပစ်ခံရမှုက ၇ ရာခိုင်နှုန်းရှိသည်ဟု လေ့လာမှုစစ်တမ်းများက ဖော်ပြ ထားသည်။  မိုးကြိုးအန္တရာယ်ကို ဆိုင်ကယ်စီးသူ၊ ကားစီးသူ၊ ဆိုက်ကား၊ မြင်းလှည်းစီးသူများလည်း ခံနေခဲ့ကြရသည်။ တချို့က မိုးကြိုးအန္တရာယ်ကို မျက်ကွယ်ပြုလျစ်လျူရှုနေကြသော်လည်း မိုးကြိုး အန္တရာယ်ဒဏ်ကိုကိုယ်တွေ့ ခံစားနေကြရသူများကား ချောက်ချားကြောက်လန့်နေကြရသည်။ လူများကို သာမက သစ်ပင်မျိုးစုံကိုလည်း မိုးကြိုးပစ်လေ့ရှိရာ မီးစွဲလောင်ကျွမ်းသည့် သစ်ပင်ကြီးများ ရှိကြသလို ပင်စည်အလယ်ကထက်ခြမ်းကွဲကုန်ကြသော သစ်ပင်ကြီးများလည်း ရှိခဲ့သည်။ လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ၊ သက်မဲ့အဆောက်အအုံများနှင့် သစ်ပင်များ၊ ဘုရားစေတီအချို့ပင်မကျန် မိုးကြိုး အန္တရာယ်ဒဏ်ကို နှစ်စဉ်ခံနေကြရသည်။

 မြန်မာနိုင်ငံတွင် မုတ်သုံရာသီအကြိုကာလများမှာ နေ့အပူချိန်မြင့်တက်လာသည့်အခါ လေပူများက အထက်အမြင့်သို့ တက်ကုန်ကြသည်။ လေပူများအထက်သို့ တက်သွားသောအခါ ထိုနေရာသို့ ပတ်ဝန်းကျင် လေထုက အစားထိုးတိုက်ခတ်ဝင်ရောက်လာကြသည်။ ထိုအစားထိုးဝင်ရောက် တိုက်ခတ် လာသောလေများက  တိမ်တောင်များကို သယ်ဆောင်လာခဲ့ကြသည်။ ထိုတိမ်တောင်များသည် မြန်မာ နိုင်ငံ၏ အနောက်တောင်ဘက်ရှိ ပင်လယ်သမုဒ္ဒရာများမှဖြတ်သန်းလာခဲ့ရသောကြောင့် ရေခိုးရေငွေ့များ ဖွဲ့စည်း ပါဝင်လာခဲ့ကြသည်။  တိမ်တိုက်တစ်ခုနှင့်တစ်ခုအကြား၊ တိမ်တိုက်နှင့်မြေပြင်အကြား ကြားခံ ထားသောလေထုသည် သာမန်အချိန်တွင် လျှပ်စစ်ဓာတ်အားမဖြတ်နိုင်သော်လည်း တည်ငြိမ်လျှပ်စစ် စုစည်းမှု ပမာဏများပြားလာချိန်နှင့်လေထုအတွင်း  ရေငွေ့ပါဝင်မှုများပြားလာချိန်တွင်မူ ဖွဲ့စည်းမှု ပျက်စီး သွားကာ လျှပ်စစ်စီးဆင်းရန် လမ်းကြောင်းပွင့်သွားခဲ့သည်။ လျှပ်စစ်စီးဆင်းမှုသဘာဝအရ စီးဆင်းလိုသောအရပ်သို့ အတိုဆုံးလမ်းကြောင်းမှသာ စီးဆင်းလေ့ရှိရာ မြင့်မားလွန်းသော သစ်ပင်ကြီးများ၊ အဆောက်အအုံများ၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးတာဝါတိုင်များ၊ ကြားခံမရှိကြသော   လွင်တီးခေါင်ခေါင်ကွင်းပြောင်ပြောင်နှင့်လယ်ကွင်းပြင်များသည် မိုးကြိုးစက်ကွင်းမလွတ်ကင်းနိုင်သော ပစ်ကွင်းပစ်မှတ်များဖြစ်နေကြသည်။

မိုးကြိုးအန္တရာယ်က လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။ မည်ရွေ့မည်မျှပင် ခေတ်မီတိုးတက်နေစေကာမူ မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်နည်းများက လွဲ၍ မိုးကြိုးဘေးမှကင်းဝေးအောင် မည်သူမျှမလုပ်ဆောင်နိုင်ကြသေးပေ။ မိုးကြိုးပစ်တာကိုလွဲအောင် မိုးကြိုးလွှဲဖြင့် ကာကွယ်နေကြရုံသာ တတ်နိုင်ကြသည်။

အဆောက်အအုံများ မိုးကြိုးလွှဲများ   တပ်ဆင်ထားကြပါ။

ကွင်းပြင်တွေထဲမှာ လျှပ်ပြက်၊ လျှပ်စီးလက်လာပါက မြေပြင်မှာဝပ်ချလိုက်ကြပါ။

မုတ်သုံအကြိုကာလ၊   မိုးဦးလေဦးကျချိန်မှာ လယ်ယာလုပ်ငန်းခွင်သို့    ဝင်ကြလေ့ရှိသော တောင်သူ လယ်သမားများ အနေဖြင့် လျှပ်စီးလက်၊ မိုးထစ်ချုန်းသည်နှင့်တစ်ပြိုင်နက်  ထီးတည်းမတ်တတ်ရပ်ပြီး အလုပ်လုပ်ကိုင်နေခြင်းကို ရပ်လိုက်ကြပါ။ ရောက်သည့်နေရာမှာပဲ ဝမ်းလျားမှောက်နေကြပါ။

ကွင်းပြင်လယ်တဲများမှာ နေကြသူများ အထူးသတိပြုနေကြပါ။ ကွင်းပြင်ကျယ်ကျယ်တွင် လူစု လူဝေးဖြစ်နေပါက အမြန်ဆုံးလူစုခွဲပါ။ စက်ဘီး၊ ဆိုင်ကယ်ပေါ်တွင်ရောက်ရှိနေပါက အမြန်ဆုံး ဆင်းပါ။

လျှပ်စီးလက်တာ၊ မိုးထစ်ချုန်းတာ ငြိမ်သက်ရပ်ဆိုင်းသွားပြီး နာရီဝက်ကြာမှ လုပ်ငန်းပြန်လုပ်ကြပါ။

မြင့်မားသောအဆောက်အအုံများနှင့် မြင့်မားသောသစ်ပင်များအောက်မှာမိုးခိုခြင်းကို ရှောင်ကြဉ်ကြပါ။

လျှပ်စီးလက်၊ မိုးထစ်ချုန်းနေချိန် သမံတလင်းပေါ်မှာထိုင်နေခြင်း၊ အလုပ်လုပ်နေခြင်း၊ နေအိမ်သံပန်း တံခါးများကိုကိုင်ထားခြင်း၊ သံရေပိုက်များကိုကိုင်ထားခြင်း၊ ထိကပ်နေခြင်း၊ သွပ်နန်းကြိုးမှာ အဝတ် လှန်းခြင်း၊ အဝတ်ရုပ်ခြင်းတွေမပြုလုပ်ကြပါနှင့်။ သွပ်ဆူးကြိုးကာထားသော ခြံစည်းရိုး၊ သံထည်ပစ္စည်း၊ သံလမ်းများအနီးတွင် မနေပါနှင့်။

လျှပ်စီးလက်/ပြက်၊ မိုးထစ်ချုန်းနေချိန်မှာ တီဗွီကြည့်ခြင်းရှောင်ကြဉ်ပါ။

လျှပ်စစ်နှင့်ဆက်သွယ်ရေးတာဝါတိုင်များအနီးမှာ ရောက်ရှိနားခိုခြင်းမပြုကြပါနှင့်။

နေအိမ်များနှင့် ရုံးဌာနအဆောက်အအုံများမှာ ရေစိုနေသောဝါးများ၊ သစ်သားတိုင်များကို စိုက်ထူ မထားကြပါနှင့်။

တီဗွီနှင့်ရေဒီယိုက မိုးလေဝသသတင်း အထူးကြေညာချက်များကို ဂရုစိုက်နားထောင်ကြပါ။

နေ့စဉ်ထုတ်သတင်းစာများက ဖော်ပြထားသောမိုးလေဝသ သတင်းများကို အလေးထားဖတ်ရှု မှတ်သား လိုက်နာကြပါ။

မိုးခြိမ်းသံကြားရသည်နှင့် ခိုင်ခံ့သောအဆောက်အအုံ သို့မဟုတ် မော်တော်ယာဉ်တွင်းသို့ခိုဝင်ရမည်။ မော်တော်ယာဉ်တံခါးကိုလည်း အသေအချာပိတ်ထားရမည်။ နွားတင်းကုပ်ကဲ့သို့ သေးငယ်သော အဆောက်အအုံများ၌ ခိုလှုံမှုမပြုရ၊  ခိုလှုံစရာနေရာမရှိပါက မိမိလက်နှစ်ဖက်ဖြင့် နားကိုအုပ်ထားပြီး ဆောင့်ကြောင့်ထိုင်ချကာ ခြေချောင်းများ၊ ရှေ့ခြေဖဝါးများဖြင့်သာ မြေကြီးကိုထိထားရမည်။   လူအုပ်စု လိုက်ဖြစ်ပါက တစ်ဦးနှင့်တစ်ဦး ၁၅ ပေခန့် ခွာနေရမည်။ ရေများနှင့်လည်း ထိတွေ့ ဆက်စပ်နေခြင်း မပြုရချေ။အိမ်တွင်း၌နေစဉ် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အိုးခွက်ပန်းကန်ဆေးခြင်းများမပြုရ။  သတ္တုပစ္စည်းများပါဝင်သော အဝတ်လှန်းကြိုးများ၊ ခြံစည်းရိုးများနှင့်  ဝေးဝေးနေရမည်။ လိုင်းကြိုး ဖုန်းများအစ ကွန်ပျူတာ၊ တီဗွီ စသည့်လျှပ်စစ်အသုံးအဆောင်များအသုံးမပြုရ။ ပြတင်းပေါက်၊ ပေါ်တီကိုများအနီးတွင်မနေရ စသည့်နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်းဖြင့် မိုးကြိုးပစ်မှု အန္တရာယ် ကို ကြိုတင်ကာကွယ်ကြရမည်ဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။  

မေယု-မျိုးအောင်(MANA)

Read 32 times
Rate this item
(0 votes)